စနေ, ဧပြီ 20, 2024

ကောင်းကြီးရဖို့နည်းလမ်း(အပိုင်း၁)

(အခြေပြုကျမ်း-တရား၂၈:၁-၆)

နိဒါန်း
တရုတ်စကားပုံတခုရှိပါတယ်” ကောင်းကြီးမင်္ဂလာဆိုတာများတယ်လို့ရယ်မရှိပါဘူး” တဲ့။မှန်ပါတယ်၊လူသားတိုင်းဟာကောင်းကြီးမင်္ဂလာရချင်ကြစမြဲပါ။အထူးသဖြင့်ကျွန်ုပ်တို့မြန်မာလူမျိုးတွေမှာကလေးနာမည်ပေးရင်တောင်ကောင်းကြီးမင်္ဂလာနဲ့ပတ်သတ်တဲ့နာမည်တွေမှည့်ပေးလေ့ရှိပါတယ်၊ဥပမာ…အောင်၊ကောင်း၊ပြည့်စုံ၊ကျော်၊ချမ်းသာ၊သိန်း၊သန်း….စသဖြင့်မှည့်ပြီးသားသမီးတွေကိုကောင်းစားစေချင်ကြပါတယ်။ဒါဟာကျွန်ုပ်တို့လူသားတိုင်းရဲ့တူညီတဲ့စိတ်ဆန္ဒဘဲဖြစ်ပါတယ်။ဒါပေမဲ့လူတွေဟာကောင်းကြီးမင်္ဂလာကိုကိုယ့်လုပ်ရပ်ဖြင့်သာရရှိတယ်လို့ခံယူထားကြပေမဲ့၊သမ္မာကျမ်းစာရှင်ယာကုပ်ဩဝါဒစာ ၁:၁၆မှာတော့ကောင်းမြတ်စုံလင်တဲ့ဆုကျေးဇူးရှိသမျှတို့ဟာအလင်းတို့၏ အဘထံတော်ကသက်ရောက်လာတယ်လို့ဖော်ပြထားပါတယ်။ဒါဆိုရင်ဒီကောင်းမြတ်ခြင်းအလုံးစုံကိုဘယ်လိုနည်းနဲ့ရယူကြမလဲ?ကောင်းကြီးမင်္ဂလာရဖို့ရန်နည်းလမ်းကိုဟိုးနှစ်ပေါင်းထောင်ချီကတည်းကကောင်းကြီးမင်္ဂလာပေးပိုင်တဲ့ဘုရားသခင်ကိုယ်တိုင်သမ္မာကျမ်းစာမှာဖော်ပြထားခဲ့ပါပြီ။အဲဒါကတော့ယနေ့ရဲ့အခြေပြုကျမ်းဖြစ်တဲ့တရားဟောရာကျမ်း၂၈:၁-၆ထိပါ၊ဒီကျမ်းချက်ထဲမှာအဓိကနည်းလမ်းနှစ်ခုပေးထားပါတယ်၊အဲတာကတော့ဘုရားစကားကိုစေ့စေ့နားထောင်ခြင်းနဲ့နားထောင်ပြီးသောအရာကိုကျင့်ဆောင်ခြင်းဘဲဖြစ်ပါတယ်။

၁။စေ့စေ့နားထောင်ခြင်း
ချစ်သောညီကိုမောင်နှမတို့၊ကျွန်တော်တို့အသက်တာမှာဘုရားစကားကိုစေ့စေ့နားထောင်ပါသလား?ဘုရားစကားမပြောနဲ့အုံး၊တခါတလေလူအချင်းချင်းရဲ့စကားတောင်ကျွန်တော်တို့သေချာနားမထောင်ပေးကြပါဘူး၊တကယ်တမ်းလူတယောက်ရဲ့အပြုအမှုဟာသူတကယ်နားထောင်ခြင်းလားနဲ့ဆက်နွယ်နေတတ်ပါတယ်၊သမ္မာကျမ်းစာမှာတော့ဘုရားစကားကိုရိုးရိုးနားထောင်ခြင်းသာမဟုတ်ဘဲထပ်ဆင့်ပြီးစေ့စေ့နားထောင်ဖို့ပြောပါတယ်။နားထောင်တယ်ဆိုတဲ့နေရာမှာလဲဘယ်သူ့စကားနားထောင်နေသလဲဆိုတာကအရေးကြီးလှပါပေတယ်၊ဘာကြောင့်လဲဆိုတော့တချိန်ကအာဒံဧဝဟာစာတန်စကားနားထောင်မိလို့လူသားတစုလုံးအပြစ်ထဲရောက်ခဲ့ရတာပါ။နောက်ပြီးလုကာ၁၀:၃၈-၄၂ထဲကမာသနဲ့မာရိရဲ့အစေခံခြင်းကိုလဲဆင်ခြင်စရာပါ၊မာရိကဘုရားစကားကိုစေ့စေ့နားထောင်တတ်ပြီး၊မာသကတော့အလုပ်တွေနဲ့ရှုပ်ထွေးနေပါတယ်။သူတို့နှစ်ဦးလုံးသခင့်အတွက်ဆိုပေမဲ့ယေရှုကတော့မာရိဟာကောင်းသောအဘို့ကိုရွှေးယူပြီလို့မှတ်ချက်ပေးခဲ့ပါတယ်။ယနေ့ကွန်ုပ်တို့အသက်တာမှာလဲနားထောင်ခြင်းနဲ့ဘယ်သူ့စကားနားထောင်နေတာလဲဆိုတဲ့အရာနှစ်ခုလေးနဲ့ဝိညာဉ်အသက်တာကိုအဆုံးအဖြတ်ပေးနေပါလိမ့်မယ်။ယနေ့ကျွန်တော်တို့ဟာဘုရားသခင်စကားကိုနားထောင်တတ်တဲ့နားတစုံအကြွေးတင်နေကြပါပြီ၊ဘုရားသခင်ကလူကိုနားရွက်တစုံဖန်းဆင်းပေးထားပြီးပါးစပ်ကတစ်ပေါက်သာဖန်ဆင်းပေးထားရခြင်းဟာ၊လူတွေကိုများများနားထောင်ပြီးနည်းနည်းသာပြောကြပါဆိုတဲ့သဘောဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အသက်တာမှာများသောအားဖြင့်တော့နားထောင်ခြင်းကနည်းနေပြီး၊များများပြောနေတတ်ကြပါတယ်။ဒါကြောင့်လဲကျမ်းစာကကျွန်တော်တို့ကိုစေ့စေ့နားထောင်ပါလို့သွန်သင်ထားတာပါ၊ဘာလို့ဘုရားစကားကိုစေ့စေ့နားထောင်ရတာလဲဆိုရင်…

က။နားထောင်ခြင်းဟာလက်ခံခြင်းရဲ့ရှေ့ပြေးဖြစ်ခြင်း
ရောမဩဝါဒစာ ၁၀:၁၇မှာယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီးဒီ ကြားနာခြင်းဟာလည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်တယ်လို့ဆိုပါတယ်၊တနည်းအားဖြင့်ပြောရရင်ဘုရားစကားကိုနေ့တိုင်းနားထောင်ချင်တဲ့သူဟာဘုရားသခင်ကိုချစ်သောသူလက်ခံသောသူများဖြစ်ပါတယ်၊ဥပမာသမီးရည်းစားစုံတွဲတွေလိုတနေကုန်တနေခမ်းပြောနေကြပေမဲ့သူတို့အချင်းချင်းနားထောင်လို့မငြီးငွေ့သွားပါဘူး၊ဒါဟာချစ်ခြင်းနဲ့လက်ခံခြင်းရဲ့သက်သေပါ။နားထောင်ခြင်းဟာလက်ခံခြင်းဆိုတာထက်လေးစားစွာစိတ်ပါဝင်စားခြင်းလဲဖြစ်ပါတယ်၊

ခ။နားထောင်ခြင်းဟာလေးစားစွာစိတ်ပါဝင်စားခြင်း
လူလုူချင်းစကားပြောရင်တောင်သေချာမနားထောင်ဘဲမျက်စိကဟိုကြည့်ဒီကြည့်လုပ်နေရင်ပြောနေတဲ့လူအတွက်အတော်အောက်ပါတယ်၊တဖက်သားကမလေးစားဘူး၊စိတ်မဝင်စားဘူးလို့ခံယူမိမှာပါ၊ဒါကြောင့်လူလူချင်းစကားပြောရင်တောင်အခြေခံယဉ်ကျေးမှုဆိုတာရှိရပါတယ်၊ယနေ့ဘုရားစကားကိုကျွန်တော်တို့ဘယ်လိုနားထောင်ကြပါသလဲ?အမှုတော်ဆောင်တွေတရားဟောနေတဲ့အခါမလေးမစားဘဲပြုမူနေသလား?ဟိုကြည့်ဒီကြည့်သို့မဟုတ်ခေါင်းငုံ့ပြီးဖုန်းပွတ်နေသလား?ဒါဆင်ခြင်စရာပါ။ကောင်းကြီးရဖို့ဘုရားစကားနားထောင်ခြင်းအမှုကိုလေးစားဖို့လိုပါတယ်။နားထောင်ခြင်းဟာလက်ခံခြင်းနဲ့လေးစားခြင်းဖြစ်သည်သာမက၊နားထောင်ခြင်းဟာနာခံခြင်းလဲဖြစ်ပါတယ်။

ဂ။နားထောင်ခြင်းဟာနာခံခြင်း
နားဘဲထောင်ပြီးမနာခံ(မခံယူ)ရင်တော့မင်္ဂလာရှိလာမှာမဟုတ်ပါဘူး။ဘုရားစကားကိုနားထောင်ခံယူတဲ့သူမှကောင်းကြီးဖြစ်တည်လာပါလိမ့်မယ်။ဥပမာဓမ္မဟောင်းထဲကနောဧ၊သူဟာသင်္ဘောကြီးဆောက်ဖို့ဘုရားစကားကိုနာခံခဲ့လို့ရေဘေးကနေလွတ်မြောက်ခဲ့ပါတယ်၊အကယ်လို့နောဧဟာဘုရားစကားတော့ကြားပြီးမနာခံခဲ့ရင်ရေဘေးကလွတ်မှာမဟုတ်ပါ။ယနေ့ကျွန်တော်တို့ယုံကြည်သူများအားလုံးလိုအပ်တာဟာလဲနာခံခြင်းပါ၊ဒါကြောင့်ဗျာဒိတ်ကျမ်းမှာနားရှိသောသူမည်သည်ကားကြားပါစေဆိုပြီး၈ကြိမ်တိုင်တိုင်ပြောထားတာပါ။ယနေ့ခရစ်ယာန်ယုံကြည်မှုရဲ့အခြေခံကနာခံခြင်းပါဘဲ။ဘုရားစကားကိုနာခံပါလို့ပြောတဲ့အခါမှာလူတချို့ကဘုရားငါ့ကိုမှစကားလာမပြောတာဘယ်လိုနာခံမှာလဲဆိုပြီးစောဒကတက်နိုင်ပါတယ်၊ဒါပေမဲ့ချစ်သောညီကိုမောင်နှမတို့ယနေ့ကျွန်တော်တို့သိထားရမှာသမ္မာကျမ်းစာဆိုတာဘုရားသခင်ရဲ့စကားတော်ဖြစ်တယ်ဆိုတာပါဘဲ၊ဘုရားနုတ်ထွက်စကားဖြစ်လို့နုတ်ကပတ်တော်ဆိုပြီးခေါ်ရခြင်းဖြစ်ပါတယ်။ယနေ့ဘုရားစကားကိုစေ့စေ့နားထောင်ခြင်းဆိုတာသမ္မာကျမ်းစကားကိုနာခံခြင်းပင်ဖြစ်ပါတယ်။ဒါကြောင့်တရားဟောခြင်းကိုနားထောင်ခံယူခြင်း၊နုတ်ကပတ်တော်ကိုကိုယ်တိုင်ဖတ်ရှုနှလုံးသွင်းခြင်းဖြင့်အသက်တာတည်ဆောက်ရပါမယ်။ဒါဟာကောင်းကြီးဆက်ခံမဲ့ပထမခြေလှမ်းပါဘဲ။ဒုတိယအနေနဲ့ကောင်းကြီးရဖို့နားထောင်ပြီးတဲ့နုတ်ကပတ်တော်ကိုလက်တွေ့အသက်တာမှာကျင့်ဆောင်ရမှာပါ။

ဒုတိယအချက်ဖြစ်တဲ့” လက်တွေ့ကျင့်ဆောင်ခြင်း” ရဲ့အသေးစိပ်ကိုဒုတိယပိုင်းမှာတင်ပြသွားပါမယ်။ဖတ်ရှုသူအယောက်ဆီတိုင်းကောင်းကြီးမင်္ဂလာရယူတတ်သောသူများဖြစ်ကြပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်