စနေ, ဧပြီ 20, 2024

ခရစ်တော်၌အိပ်ပျော်ခြင်း

အခြေပြုကျမ်း-၁သက်၄:၁၃-၁၈

နိဒါန်း

ခရစ်တော်၌မင်္ဂလာပါ။ခရစ်ယာန်ယုံကြည်သူတွေမှာသေရင်သေတယ်မပြော(မရေး)ဘဲခရစ်တော်၌အိပ်ပျော်တယ်လို့ရေးကြခေါ်ကြပြောကြပါတယ်။ဒါဟာသေခြင်းတရားကိုကြောက်လို့သေတယ်ဆိုတဲ့စကားလုံးမသုံးဘဲတမင်ရှောင်တာတော့မဟုတ်ပါဘူး၊အမှန်ကိုအမှန်တိုင်းပြောဆိုခြင်းဘဲဖြစ်ပါတယ်။ဒါဆိုရင်ခရစ်တော်၌အိပ်ပျော်တယ်ဆိုတဲ့ဒီစကားလုံးကဘယ်ကနေစတင်ပေါ်ပေါက်လာပြီးဘယ်လိုအနှစ်သာရတွေရှိနေလဲ?သမ္မာကျမ်းစာအားဖြင့်အချက်၄ချက်နဲ့ဝေငှချင်ပါတယ်။

၁။သေခြင်းမဟုတ်အိပ်ပျော်ခြင်းသာ

၁သက်၄:၁၃မှာဘယ်လိုပြောလဲဆိုရင်ခရစ်တော်ကိုယုံကြည်သောယုံကြည်သူတွေသေသွားတဲ့အခါသေတယ်မပြောဘဲ” အိပ်ပျော်” သွားတယ်လို့ဆိုထားပါတယ်။ဒီစကားကယနေ့ယုံကြည်သူတိုင်းအမြဲနှလုံးသွင်းထားရမယ့်စကားပါ။မျော်လင့်ခြင်းမရှိတော့ဘူးသေပြီဆိုတဲ့အယူတွေခံယူမိမှာစိုးလို့ကျမ်းစာကသေချာမှာခဲ့ပါတယ်။ဒီတော့“အိပ်ပျော်တယ်”ဆိုတာဘာအဓိပ္ပာယ်သက်ရောက်နေလဲ?အဖြေကတော့တချိန်ချိန်မှာပြန်နိုးလာမယ်ဆိုတဲ့သဘောသက်ရောက်ပါတယ်။ချစ်သောမိတ်ဆွေ၊တနေကုန်အလုပ်လုပ်လို့မောပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခြင်းသည်ကြောက်စရာမဟုတ်သလို၊လောကမှာလောကဓံတရားတွေနဲ့တိုက်လှန်ပြီးမောပန်းတဲ့အခါခရစ်တော်၌အိပ်ပျော်ခြင်းကလဲယုံကြည်သူတွေအတွက်ကြောက်စရာမဟုတ်ပါဘူး။ခန္ဓာကအိပ်ပျော်နေပေမယ့်၊ဝိညာဉ်ကခေတ္တပါရတိတုဘုံမှာရောက်နေပြီးရှင်ပြန်ထမြောက်ဖို့စောင့်နေကြရတာပါ(လုကာ၂၃:၄၃)။

၂။ယေရှုကြောင့်ထမြောက်မည်

တခါကယုံကြည်သူတစ်ယောက်ဟာမယုံကြည်သူတစ်ယောက်ကိုတရားဟောပါသတဲ့၊“ယေရှုကိုယုံကြည်ရင်သေရင်လဲတနေ့ပြန်ရှင်လာမယ်”ဆိုပြီးပေါ့။ဒါနဲ့မယုံကြည်သူကပြန်ပြောတယ်၊မင်းသေဘူးလို့လား?ကိုယ်တိုင်သေဖူးပြီးရှင်လာဖူးလို့လား?လို့မေးတဲ့အခါဒီယုံကြည်သူကဘယ်လိုပြန်ဖြေရမလဲဆိုပြီးခေတ္တမိုင်သွားပါတယ်၊ဒါနဲ့စိတ်ထဲဆုတောင်းတဲ့အခါအလင်းရလာပြီးဒီလိုပြန်ဖြေပါသတဲ့“မိတ်ဆွေ၊ကျနော်မသေဖူးပါဘူး၊မရှင်လာဖူးဘူး၊ဒါပေမယ်သေပြီးရှင်လာဖူးသူတဦးရှိခဲ့ပါတယ်၊သူ့နာမည်ကယေရှုခရစ်တော်ပါ။သူ့ကိုယုံကြည်ရင်သူ့လို့သေခြင်းကိုအောင်မြင်ပြီးရှင်ပြန်ထမြောက်မယ်လို့သူကိုယ်တိုင်ကျမ်းစာထဲမှာဖော်ပြထားပါတယ်”။
မှန်ပါတယ်၊ချစ်သောညီကိုမောင်နှမတို့၊၁သက်၄:၁၄မှာဘာပြောလဲဆိုရင် ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။ (1Th 4:14)လို့ဆိုထားပါတယ်။ခရစ်တော်ကိုယုံကြည်သောသူ၊ခရစ်တော်၌အိပ်ပျော်သောသူမှန်သမျှဟာတစ်ရက်ကျရင်နိုးလာမယ်၊ရှင်ပြန်ထမြောက်လာမယ်ဆိုတာအမြဲနှလုံးသွင်းထားပါ။ဘာလို့လဲဆိုတော့သေဖူးပြီးပြန်ရှင်ဖူးတဲ့ယေရှုခရစ်တော်ကိုယ်တိုင်သင့်ကိုအာမခံပေးထားတာမို့ပါ။

၃။အရင်ဦးဆုံးထမြောက်မည်

၁သက်၄:၁၅-၁၆ထဲမှာဆက်ကြည့်မယ်ဆိုရင်ခရစ်တော်၌အိပ်ပျော်သူ(သေသူ)တွေအရင်ဦးဆုံးရှင်ပြန်ထမြောက်မယ်လို့ဆိုပါတယ်။ပြီးမှဘဲအသက်ရှင်နေသေးတဲ့ယုံကြည်သူတွေကိုပြန်ချီဆောင်သွားမယ်ဆို
ထားပါတယ်။လိုရင်းပြောရရင်နောက်ဆုံးသောကာလမှာဘုရားသခင်ကတံဘိုးမှုတ်ပြီးကောင်းကင်ကနေဆင်းလာတဲ့အခါဒီအရင်သေထားခဲ့တဲ့သူတွေရှင်ပြန်ထမြောက်ပြီးချီဆောင်ခြင်းခံရပါမယ်၊ပြီးမှမသေဘဲအသက်ရှင်နေသေးတဲ့အဲဒီခေတ်ကာလကယုံကြည်သူတွေဟာအိပ်ပျော်စရာ(တနည်းအားဖြင့်သေစရာ)မလိုတော့ဘဲနောက်ကျပြီးချီဆောင်ခံရမယ့်သဘောပါ။သေပြီးသူကရှင်လာတဲ့အခါဒီအသက်ရှင်နေသူ
တွေနဲ့အတူမျက်စိတမိတ်ထဲမှာခန္ဓာကိုယ်ကဘုန်းကြီးသောခန္ဓာပြောင်းလဲပြီးမအိုမနာမသေတတ်တဲ့ခန္ဓာရရှိသွားကြရမှာပါ(၁ကော၁၅:၄၂-၄၄)။

၄။ဘုရားသခင်နဲ့အတူထာဝရနေရမယ်

၁သက်၁၄:၁၇-၁၈မှာဆက်ဖော်ပြတာကတော့ယုံကြည်သူတွေရှင်ပြန်ထမြောက်ပြီးရင်ဘယ်သွားမလဲဆိုတော့ကောင်းကင်နိုင်ငံဖြစ်တဲ့ဘုရားသခင်ဆီမှာသူနဲ့အတူတူထာဝရနေထိုင်ရမယ်လို့ဆိုပါတယ်။အဲဒီနေရာမှာ သေဘေးမရှိတော့ဘူး၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းတွေတခုမှမရှိတော့ဘူး။ဘုရားသခင်ကိုယ်တိုင်ကျွန်တော်တို့ဆင်းရဲဒုက္ခဖြစ်တဲ့မျက်ရည်အားလုံးကိုသုတ်တော်မူမယ်လို့ဗျာဒိတ်ကျမ်း၂၁-၄မှာဆိုထားပါတယ်။အင်မတန်အံ့ဩဘွယ်ကောင်းပြီးရင်ခုန်ပျော်ရွှင်စရာကိုဘုရားသခင်ကယနေ့ကျွန်တော်တို့ယုံကြည်သူတွေကိုပေးခဲ့တာပါ။ဟာလေလုယာ။

နိဂုံး

လူတစ်ယောက်လူ့လောကထဲမွေးလာရင်မိသားစုနဲ့အသိုင်းဝိုင်းတွေကပျော်ကြပြီးကာယကံရှင်ကလေးကငိုပြီးလာပါတယ်၊သူတနေ့သေရင်တော့(ယုံကြည်သူဆိုရင်)သူကမငိုဘဲမိသားစုတွေကငိုရကြပြန်ပါတယ်။ချစ်သောမိတ်ဆွေ၊ယနေ့ခရစ်တော်၌အိပ်ပျော်ခြင်းဆိုတဲ့အနှစ်သာရကိုအတူတကွလေ့လာခွန်အားယူခဲ့တာဖြစ်ပါတယ်။ခရစ်တော်၌အိပ်ပျော်တယ်ဆိုတာ” သွားပြီသေပြီ” ” ကုန်ပြီမရှိတော့ဘူး” ဆိုတာမျိုးမဟုတ်ပါဘူး၊ခရစ်တော်၌အိပ်ပျော်သူဟာတနေ့တချိန်ပြန်နိုးလာမယ်၊နိုးလာရတဲ့တန်ခိုးဟာယေရှုခရစ်တော်ကြောင့်ဖြစ်တယ်၊ခရစ်တော်၌အိပ်ပျော်သူတွေအရင်ဆုံးရှင်ပြန်ထမြောက်မယ်၊နောက်ဆုံးကောင်းကင်ရွှေပြည်မှာဘုရားသခင်နဲ့အတူထာဝရအသက်ရှင်နေထိုင်သွားကြပါလိမ့်မယ်။ဒါကြောင့်ယနေ့ယုံကြည်သူတွေမျော်လင့်ချက်ကင်းသူတွေလိုမဟုတ်ဘဲမျှော်လင့်ချက်အပြည့်နဲ့အချင်းချင်းနှစ်သိမ့်ပြီးအသက်ရှင်သွားကြပါလို့တိုက်တွန်းခွန်အားပေးရင်းနိဂုံးချုပ်လိုက်ရပါတယ်။အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်