စနေ, ဧပြီ 20, 2024

ချစ်သူများနေ့အတွက်တရားဒေသနာ

ယော၃:၁၆၊၂ကော၆:၁၄၊ဧဖက်၅:၃၁

နိဒါန်း
နှစ်စဉ်နှစ်တိုင်းရဲ့ဖေဖော်ဝါရီ၁၄ရက်နေ့ဟာချစ်သူများနေ့ဖြစ်ပါတယ်။ချစ်သူများနေ့ကိုဘုန်းတော်ကြီးဘယ်လယ်တိုင်းValentineကိုအောက်မေ့ခြင်းကနေစတင်ခဲ့ကြောင်းကိုပို့စ်သီးသန့်တင်ပြပြီးခဲ့ပြီးပါပြီ။ဒီနှစ်၂၀၂၀ကျရောက်မဲ့ချစ်သူများနေ့ဟာဘုန်းတော်ကြီးစိန့်ဘယ်လင်တိုင်းကို၁၇၅၀နှစ်မြောက်အောက်မေ့ခြင်းဖြစ်ပါတယ်။ဆိုတော့ယနေ့ယုံကြည်သူခရစ်ယာန်အနေနဲ့ချစ်သူများနေ့မှာဘယ်လိုသင်ခန်းစာယူသင့်ပါသလဲ?မတူညီတဲ့အခြေအနေသုံးမျိုးထဲကယုံကြည်သူတွေအတွက်အချက်သုံးချက်နဲ့ဝေငှလိုက်ရပါတယ်။

၁။ချစ်သူမရှိသေးသောသူများအတွက်
ချစ်သူရည်းစားမရှိသေးတဲ့ယုံကြည်သူလူငယ်မောင်မယ်များအတွက်အဦးဆုံးပြောချင်တာကဆုတောင်းခြင်းဖြင့်ဘုရားအလိုတော်ထဲကမျှော်လင့်စောင့်စားပါ၊သမ္မာတရားထဲကနေသာရှာဖွေပါ။တချို့လူငယ်တွေကဒီလိုအတွေးဝင်တတ်ပါတယ်” ငါ့မှာချစ်သူမှမရှိတာ၊ချစ်သူများနေ့ကငါ့နဲ့မဆိုင်ဘူး” ပေါ့၊ဒီလိုဆိုရင်သမ္မာကျမ်းစာရှင်ယောဟန်ခရစ်ဝင်3:16ကစကားကိုမမေ့ပါနဲ့၊ “ သင်ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်ဟာမိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် သင့်ကို ချစ်တော်မူသည်” တဲ့။ မိတ်ဆွေ၊သင်စဉ်းစားမိဘူးပါသလား?ကျွန်ုပ်တို့တွေအပြစ်ရှိစဉ်ပင်ခရစ်တော်သည်ကျွန်ုပ်တို့အပြစ်အတွက်အသက်ပေးခဲ့ပါပြီလေ။ဒီချစ်ခြင်းဟာလောကမှာရှိတဲ့သူငယ်ချင်းအချစ်ထက်၊1500အချစ်ထက်၊မိဘဆွေမျိုးရဲ့အချစ်ထက်သာလွန်တဲ့၊အကန့်သတ်မရှိတဲ့အာဂ္ဂါပေအချစ်ဖြစ်ပါတယ်။ဒါကြောင့်ချစ်သူများနေ့ကျော်ဖြတ်တိုင်းမှာစိန့်ဗယ်လင်တိုင်းကိုအောက်မေ့ရသလို၊အသက်ပေးပြီးချစ်သွားတဲ့ယေရှုခရစ်တော်ကိုပိုပြီးအမြဲအမှတ်ရနေသင့်ပါတယ်။ချစ်သူရည်းစားမရှိသေးတဲ့သူများအမြဲတမ်းအထီးကျန်နဲ့ချစ်သူများနေ့ကိုကျော်ဖြတ်နေခဲ့တယ်ဆိုရင်ဒီနှစ်ကစပြီးသင့်ကိုအချစ်ဆုံးဖြစ်တဲ့ယေရှုခရစ်တော်နဲ့အတူသွားလာကျော်ဖြတ်ပါလေ။ဧမာနွေလဘုရားဖြစ်တဲ့ခရစ်တော်ရဲ့အတူပါရှိမှုအားဖြင့်သင့်ဘဝအဓိပ္ပာယ်ရှိမှာဖြစ်သလိုသင့်ဘဝလက်တွဲဖော်ကိုလည်းဘုရားပြင်ဆင်ပေးပါလိမ့်မည်။

၂။ချစ်သူရည်းစားရှိနေသူများအတွက်
လက်ရှိဒီစာကိုဖတ်နေတဲ့အချိန်သင်မှာချစ်သူရည်းစားရှိနေပြီဆိုရင်သင်တို့ဟာဘုရားအလိုတော်အတိုင်းသန့်ရှင်းစွာအသက်ရှင်ပြီးထမ်းပိုးညီစေပါလို့တိုက်တွန်းချင်ပါတယ်။တာဝန်ယူတတ်တဲ့အချစ်စစ်ဟာအိမ်ထောင်ပြုခြင်းဖက်ကိုဦးတည်နေပြီး၊တသက်လုံးလက်တွဲဖို့ရည်ရွယ်ထားစမြဲပါ။ချစ်သူသက်တန်းဘယ်လောက်ကြာခြင်းနဲ့ဘယ်လိုရင်ဆိုင်ကြုံတွေ့ရခြင်းအားလုံးဟာမင်္ဂလာဆောင်ခန်းမဆီသို့ဦးတည်နေရပါမယ်။ဒါကြောင့်ချစ်သူသက်တမ်းဆိုတာအိမ်ထောင်ပြုဖို့ရဲ့ရှေ့ပြေးအခြေနေတရပ်ဖြစ်ရပါမယ်။

ယုံကြည်သူလူငယ်တွေရဲ့အချစ်ရေးမှာဘုရားသခင်ကိုနေရာပေးဖို့အလွန်အရေးကြီးလှပါပေတယ်။ချစ်သူသက်တမ်းအစပြုခြင်းကနေသမ္မာတရားရဲ့ဘောင်ထဲကနေသွားသင့်ပါပေတယ်။ဒီနေရာမှာ၂ကော၆:၁၄ကပြောတဲ့ထမ်းပိုးညီခြင်းမညီခြင်းကအရေးပါလာပါပြီ၊ယုံကြည်သူမှန်လျှင်ထမ်းပိုးညီတဲ့ယုံကြည်သူနဲ့သာဖြစ်သင့်ပါပေတယ်။ထမ်းပိုးညီခြင်းဆိုတဲ့နေရာမှာနာမည်ခံခရစ်ယာန်ဖြစ်ခြင်းနဲ့ခရစ်ယာန်ဘာသာဝင်ဖြစ်နေခြင်းကိုပြောတာမဟုတ်ပါ၊ကိုယ်ကကယ်တင်ခြင်းရသူဖြစ်သလိုကိုယ့်ချစ်သူဟာလဲတကယ့်ကယ်တင်ခြင်းရသောယုံကြည်သူဖြစ်ရမှာကိုပြောနေခြင်းဖြစ်ပါတယ်။ဒီနေရာမှာ တချို့ကအတွေးမှားဝင်တတ်ပါတယ်” ငါ့ချစ်သူဟာခုယုံကြည်သူမဟုတ်ပေမဲ့နောက်နောင်ဖြေးဖြေးချင်းဧဝံဂေလိလုပ်ပေးရင်ပါလာမှာဘဲ” လို့ထင်မှားတတ်ပါတယ်။

ဒါပေမဲ့လက်တွေ့မှာတော့ကိုယ်ကဘဲသူ့ဖက်ပါမသွားအောင်တောင်ထိန်းနေရတဲ့စုံတွဲတွေအများကြီးပါ။ဒါကြောင့်ထမ်းပိုးညီခြင်းကအရေးကြီးလှပါပေတယ်။နောက်တခုကလိင်ကိစ္စမလွန်ကျူးအောင်နေဖို့ပါ၊မိန်းကလေးတွေဟာကိုယ့်ချစ်သူကိုဆုံးရှုံးရမှာစိုးရိမ်လို့အမျိုးသားတွေတောင်းဆိုတာကိုအလိုလိုက်ပေးတတ်ပါပေတယ်၊အထူးသဖြင့်ချစ်သူများနေ့မျိုးမှာမှားယွင်းမှုဖြစ်ပွားတာများပါတယ်။တကယ်တမ်းသင့်ကိုတန်ဖိုးထားတယ်ဆိုရင်ဒီအချစ်ဟာခေတ္တကာမမှာတည်ဆောက်ထားမှာမဟုတ်ကြောင်းနားလည်ထားသင့်ပါပေတယ်။အကယ်၍ဒီလိုလိင်ကျူးလွန်မှအချစ်စစ်သက်သေပါဆိုရင်ဒီလိုလူစားမျိုးကိုပျော်ပျော်လေးနဲ့လမ်းခွဲလိုက်ပါလေ။

၃။အိမ်ထောင်သည်များအတွက်
လက်ရှိအိမ်ထောင်ရှိနေပြီဖြစ်သောယုံကြည်သူဇနှီးမောင်နှံအတွက်တော့အချင်းချင်းသစ္စာရှိပြီးဘုရားရှေ့လူရှေ့မှာပြုခဲ့တဲ့မင်္ဂလာကတိသစ္စာကိုအမြဲတမ်းအောက်မေ့ဆင်ခြင်ဖို့တိုက်တွန်းပါတယ်။“ကျမ်းမာသည်ဖြစ်ပါစေဖျားနာသည်ဖြစ်ပါစေ၊ချမ်းသာသည်ဖြစ်ပါစေဆင်းရဲသည်ဖြစ်ပါစေ၊နုပျိုသည်ဖြစ်ပါစေအိုမင်းရင့်ရော်သွားသည်ဖြစ်ပါစေ၊အဆင်ပြေသည်ဖြစ်ပါစေမပြေသည်ဖြစ်ပါစေ၊အချင်းချင်းချစ်ကြပါမည်၊အချင်းချင်းနှစ်သိမ့်ပါမည်၊အချင်းချင်းလေးစားပါမည်၊မပြောင်းလဲဘဲတသက်လုံးဒီတစ်ယောက်ထဲကိုသာပေါင်းသင်းသွားပါမည်ဟုဘုရားရှေ့လူရှေ့၌ကတိပြုကြပါသည်။” ဒါဟာချိန်ကပြုခဲ့တဲ့လှပသောကတိသစ္စာပေါ့၊အိမ်ထောင်ရေးအတွက်ဘုရားရှေ့လူရှေ့အချင်းချင်းပြုခဲ့တဲ့သန့်ရှင်းသောပဋိညာဉ်လဲဖြစ်ပါတယ်။ဒီပတ်သက်မှုဟာခရစ်တော်၌တလုံးတဝထဲဖြစ်တဲ့အံ့ဩဘွယ်ပါ။ဧဖက်၅:၃၁အရနှစ်ယောက်မဟုတ်တော့ဘဲ တသားတကိုယ်တည်း ဖြစ်သွားတာပါ။ဆိုတော့ချစ်သူများနေ့မှာခရစ်ယာန်ယုံကြည်သူဇနီးမောင်နှံတွေအတွက်အချင်းချင်းလက်ဆောင်များနှင်တကွသီးသန့်ချိန်းတွေ့ဖို့ရန်အချိန်ပေးပြုလုပ်သင့်ပါပေတယ်။ဒီရက်မြတ်ဟာခရစ်ယာန်ဘာသာရေးရက်မြတ်ဖြစ်တာကတကြောင်း၊ဒီလိုရက်မြတ်အားဖြင့်အချင်းချင်းချစ်မေတ္တာတိုးပွားစေဖို့အတွက်ဘဲဖြစ်ပါတယ်။

နိဂုံး
လူ့ဘဝဟာရောင်စုံနဲ့လှပနေပါတယ်၊သွားလာလှုပ်ရှားရင်းတစ်နှစ်၃၆၅ရက်ထဲမှချစ်သူများနေ့တရက်ကိုအကြောင်းပြုပြီးချစ်မေတ္တာဖော်ထုတ်ခွင့်ရကြတာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တဲ့အတွက်သူ့ကိုယုံကြည်သူများဟာနေ့တိုင်းချစ်သူများနေ့ဖြစ်နေသင့်ပါတယ်။ချစ်သူများနေ့မှာသင့်အားဖြင့်ဘုရားဘုန်းထင်ရှားပါစေ။May God Bless You

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်