စနေ, ဧပြီ 20, 2024

ငွေလိုနေတဲ့အချိန်ဖတ်ရမည့်ကျမ်း(၁၀)ချက်

၁။လိုနေတဲ့ငွေရဖို့အတွက်ကျမ်းမာရေးကိုမလဲလှယ်လိုက်ပါနဲ့။လက်ရှိသာယာနေတဲ့မိသားစုဘဝကိုရှေ့ရေးချမ်းသာကြွယ်ဝဖို့ခုတုံးမလုပ်မိပါစေနဲ့။ကျမ်းမာရေးနဲ့မိသားစုသာသင်မှာမရှိတော့ဘူးဆိုရင်ငွေဘယ်လောက်ရှိရှိသင်ဟာကမ္ဘာပေါ်မှာအဆင်းရဲဆုံးလူပါဘဲ။ (ရှင်မဿဲခရစ်ဝင် ၁၆:၂၆လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။)

၂။ချမ်းသာကြွယ်ဝဖို့အတွက်ဝိညာဉ်မျက်စိမကန်းစေပါနဲ့၊ရိုးသားကြိုးစားပြီးရှိတာနဲ့ရောင့်ရဲပါ။(တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၆:၇-၁၀ အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။)

၃။သူများလက်ထဲကငွေဒင်္ဂါးပြားကိုဘဲမြင်နေတတ်ပြီးကိုယ့်အိပ်ကပ်ထဲကပတ္တမြားခဲကိုမေ့နေတတ်သူမျိုးမဖြစ်စေနဲ့။ (ရှင်ယာကုပ်ဩဝါဒစာ ၂:၅ ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံ တော်၏အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။)

၄။သင့်လိုအပ်ချက်ကိုခဏဘေးထားပြီး၊ဘုရားသခင်ရဲ့အမှုကိုဦးစားပေးခဲ့ရင်သင်လိုအပ်ချက်လဲအကုန်ပြည့်စုံလာပါလိမ့်မယ်ဆိုတာယုံကြည်ပါ။ (ရှင်မဿဲခရစ်ဝင် ၆:၃၃ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။)

၅။ခရစ်တော်အားဖြင့်ဆင်းရဲခြင်းမှာရောင့်ရဲနိုင်ရမှာဖြစ်သလို၊ချမ်းသာခြင်းရောက်ရင်လဲလမ်းမလွဲဘဲနေနိုင်ဖို့ကိုးစားပါ။ (ဖိလိပ်ပိဩဝါဒစာ ၄:၁၁ ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ၊ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။)

၆။ဘယ်သူမှသင့်ကိုမကူညီနိုင်တဲ့အခါ၊ဘုရားသခင်ရှိသေးကြောင်းသတိယပါ။ (ဟဗွေဲဩဝါဒစာ ၄:၁၆ ထို့ကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။)

၇။ဆင်းရဲခြင်းကြောင့်ဒုစရိုက်ပြုပြီးဘုရားနာမမရှုံ့ချမိစေနှင့်။ချမ်းသာခြင်းကြောင့်လဲဘုရားသခင်ကိုမမေ့လျော့နှင့်။ (သုတ္တံကျမ်း ၃၀:၈-၉ အကျွန်ုပ်မှ အနတ္တနှင့် မုသာကို ပယ်တော်မူပါ။ ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သော အစာကိုသာ ပေးတော်မူပါ။သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရဘုရားကား၊ အဘယ်သူနည်းဟု ဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။)

၈။ခေတ္တဘဝရဲ့ချမ်းသာကြွယ်ဝမှုထက်ထာဝရကာလအတွက်ယုံကြည်ခြင်းကိုအမြဲကြွယ်ဝစေပါ။ (ရှင်ယာကုပ်ဩဝါဒစာ ၁:၁၂ စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။)

၉။သင့်အခက်ခဲကိုတစ်ယောက်ထဲမခံဘဲနီးစပ်ရာယုံကြည်သူနဲ့အမှုတော်ဆောင်တွေကိုဆုတောင်းကူညီစေပါ။ဆုတောင်းပေးခြင်းဟာသင့်လက်ရှိအခြေအနေကိုကယ်တင်နိုင်တဲ့အကြောင်းရင်းဖြစ်ပါတယ်။ (ဖိလိပ်ပိဩဝါဒစာ ၁:၂၀ ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော်မစသဖြင့်၎င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်ဟု ငါသိ၏။)

၁၀။ဆင်းရဲခြင်းထဲကနေမျှော်လင့်ခြင်းကိုယုံကြည်ခြင်းဖြင့်အားဖြည့်ပါ။ (ဆာလံကျမ်း ၂၇:၅-၆ အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည်။ ဗိမာန်တော်အတွင်း အရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏အပေါ်သို့ ငါ့၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ်ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်း ဆိုပါမည်။) 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်