စနေ, ဧပြီ 20, 2024

စိတ်နှလုံးနှိမ့်ချသောသူ(တောင်ပေါ်ဒေသနာ၁)

အခြေပြုကျမ်း
ရှင်မဿဲခရစ်ဝင် ၅:၃” စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။”

နိဒါန်း
တောင်ပေါ်ဒေသနာဆိုတာသမ္မာကျမ်းစာရှင်မသဲခရစ်ဝင်အခန်းကြီး၅၊၆၊၇သုံးခန်းထဲက၊ယေရှုခရစ်တော်ကနေတောင်ပေါ်တခုမှာဟောခဲ့တဲ့တရားဖြစ်ပါတယ်။ဒါကြောင့်တောင်ပေါ်ဒေသနာခေါ်သလိုကောင်းကင်နိုင်ငံအကြောင်းဟောတဲ့အတွက်ကောင်းကင်ဒေသနာလို့လဲခေါ်ပါတယ်။ဒီထဲမှာအထူးသဖြင့်မင်္ဂလာ၈ပါးဆိုတာနာမည်ကြီးသွန်သင်ချက်တခုဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာတောင်ပေါ်ဒေသနာမင်္ဂလာ၈ပါးထဲကပထမတပါးကိုဝေငှချင်ပါတယ်။ကောင်းကြီးမင်္ဂလာကိုတော့လူတိုင်းကြိုက်ကြပါတယ်။ခရစ်ယာန်ယုံကြည်သူတဦးအနေနဲ့ရမဲ့ကောင်းကြီးမင်္ဂလာအမျိုးမျိုးကိုသမ္မာကျမ်းစာမှာဖော်ပြထားတဲ့ထဲဒီနေ့ပြောမဲ့မင်္ဂလာ၈ပါးကတော့အထင်ရှားဆုံးဖြစ်ပါတယ်။ဆိုတော့ဒီမင်္ဂလာ၈ပါးထဲကပထမဆုံးတခုကိုအတူတကွလေ့လာခွန်အားယူကြပါစို့။

စိတ်နှလုံးနှိမ့်ချသောသူ
မင်္ဂလာ၈ပါးထဲမှပထမဦးဆုံးမင်္ဂလာရှိသူကတော့စိတ်နှလုံးနှိမ့်ချသောသူဘဲဖြစ်ပါတယ်၊ဒီလူတွေဟာကောင်းကင်နိုင်ငံသားတွေဖြစ်ကြောင်းခုနဖတ်သွားတဲ့ရှင်မဿဲခရစ်ဝင် ၅:၃မှာဖော်ပြထားပါတယ်။ဒီနေရာမှာပြောထားတဲ့” စိတ်နှလုံးနှိမ့်ချသောသူ” ဆိုတာဘာလဲ?မူရင်းကျမ်းနဲ့အတော်နီးစပ်တဲ့(မြန်မာ့စံမီကျမ်း) ကိုလေ့လာကြည့်လိုက်တဲ့အခါဒီလိုဘာသာပြန်ထားပါတယ်။“စိတ်​ဝိ​ညာဉ်​ဆင်း​ရဲ​နွမ်း​ပါး​သော​သူ​တို့​သည်​ မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား​ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏…” တဲ့။ချစ်သောညီကိုမောင်နှမတို့သမ္မာကျမ်းစာကဘာလို့စိတ်ဝိညာဉ်ဆင်းရဲတာကိုမင်္ဂလာတပါးလို့ပြောရတာလဲ?ကြွယ်ဝချမ်းသာတာမှမင်္ဂလာမဟုတ်ဘူးလား?ဘာလို့ဆင်းရဲခြင်းကမင်္ဂလာဖြစ်ရတာလဲ?အဖြေကတော့လူတစ်ယောက်ဟာမိမိစိတ်ဝိညာဉ်ဆင်းရဲနေတာကိုသိရလို့စိတ်နှလုံးနှိမ့်ချပြီးဘုရားသခင်ကိုရှာတတ်လို့ပါ။ဧဝံဂေလိကိုနှိမ့်ချစွာနဲ့လဲလက်ခံနိုင်လို့ပါ။ထို့အတူအကယ်၍လူတယောက်ဟာမိမိရဲ့လိုအပ်နေတဲ့အခြေအနေကိုမသိခဲ့ရင်၊မတွေ့ချင်ဟန်ဆောင်နေရင်၊ဘုရားကိုလဲရှာမှာမဟုတ်သလို၊ဧဝံဂေလိကိုလဲလက်ခံလာမှာမဟုတ်ပါဘူး။

ကျွန်တော်အဖြစ်အပျက်လေးတခုပြောပြချင်ပါတယ်…ညီကိုမောင်နှမတို့ကြုံဘူးကြလားတော့မသိဘူး၊တခါတလေကျွန်တော်တို့ကမယုံကြည်သူတွေကိုဧဝဂေလိဝေငှတဲ့အခါ၊တဖက်သားကပြောတတ်တာကတော့” အေးကောင်းပါတယ်ကောင်းပါတယ်၊ကောင်းတာသွန်သင်နေတာဘဲအေးအေးကောင်းပါတယ်၊ဒါပေမဲ့ငါခုဒီယေရှုကိုမလိုအပ်သေးဘူး” …ဆိုပြီးပြောလာတတ်ကြပါတယ်။ဒါဟာမိမိရဲ့စိတ်ဝိညာဉ်ဆင်းရဲခြင်းကိုမသိမြင်လို့ဘဲဖြစ်ပါတယ်။ဒါကြောင့်သမ္မာကျမ်းစာ၁တိ၃:၁၅မှာကယ်​တင်​ခြင်း​သို့​ရောက်​စေ​သည့်​ဉာဏ်​ပ​ညာ​လို့ဖော်ပြထားတဲ့ဒီစကားတခွန်းဟာအင်မတန်အရေးကြီးတယ်လို့ကျွန်တော်မြင်မိတယ်(မြန်မာ့စံမီဘာသာပြန်ကျမ်း)။ဘာလို့လဲဆိုတော့ဒီကယ်တင်ခြင်းရစေတဲ့ညာဏ်ဟာမိမိကိုယ်ကိုစိတ်ဝိညာဉ်ပိုင်းဆိုင်ရာဆင်းရဲနေလို့ကြွယ်ဝလာဖို့ရန်ယေရှုခရစ်တော်ကိုလက်ခံလာနိုင်တာမို့ဖြစ်ပါတယ်။ဥပမာရောဂါရှိနေတဲ့လူတစ်ယောက်ဟာသူ့မှာရောဂါရှိကြောင်းသူမသိခဲ့ရင်မဝန်ခံခဲ့ရင်ဆရာဝန်ဆီသွားမှာမဟုတ်သလိုကုသခံမှာလဲမဟုတ်ပါ။အရက်မူးနေတဲ့သူတယောက်ကငါမမူးပါဘူးကွာဆိုပြီးလုပ်နေရင်သူအရက်ဖြေဆေးရှာသောက်မှာမဟုတ်ပါဘူး။ထို့အတူလူတစ်ယောက်ဟာသူ့ရဲ့စိတ်ဝိညာဉ်အတွက်လိုအပ်နေတဲ့ကွက်လပ်ကိုမတွေ့ခဲ့ရင်၊မသိမဝန်ခံခဲ့ရင်ယေရှုခရစ်တော်ဆီရောက်လာမှာမဟုတ်ပါ။ဒါကြောင့်ဒီနေ့ကျမ်းစာမှာအဓိကပြောချင်တာကမိမိစိတ်ဝိညာဉ်ရဲ့လိုအပ်မှုကိုသိမြင်သောသူဟာမင်္ဂလာရှိကြောင်းဘဲဖြစ်ပါတယ်။ဒီလိုလူကသာကယ်တင်ခြင်းသို့ရောက်စေမည့်ပညာရှိနေပြီးဘုရားရှေ့မှာစိတ်နှိမ့်ချစွာရောက်ရှိလာမှာမို့ပါ။ဒီလိုလူတွေဟာကယ်တင်ခြင်းကိုရလို့ကောင်းကင်နိုင်ငံဝင်စားမှာမို့ယေရှုကကောင်းကင်နိုက်ငံဟာဒီလိုလူတွေရဲ့နိုင်ငံဖြစ်တယ်လို့ပြောဆိုခြင်းဘဲဖြစ်ပါတယ်။

တကယ်တမ်းတော့လူသားတိုင်းရဲ့စိတ်နှလုံးသားဟာဘာနဲ့မှအပြည့်မဖြည့်နိုင်တဲ့တွင်းနက်ကြီးနဲ့တူပါတယ်။ဘယ်လောက်ဘဲချမ်းသာနေပါစေ၊အဆင့်ဘယ်လောက်ထိရောက်နေပါစေ၊ပြည့်စုံခြင်းကိုမခံစားရတဲ့သူအများကြီးပါ။ဒါပေမဲ့ဒီဖြည့်လို့မပြည့်နိုင်တဲ့နှလုံးသားတွင်းနက်ကြီးရဲ့အခြေနေကိုကာယကံရှင်ကိုယ်တိုင်သိမြင်ဖို့အရေးကြီးလှပါတယ်။ဒါမှဒီတွင်းနက်ကြီးကိုဖြည့်စည်းပေးနိုင်တဲ့သူကိုရှာပြီးလက်ခံလာပါလိမ့်မည်။ရှင်မဿဲခရစ်ဝင် ၁၁:၂၈မှာတော့ယေရှုခရစ်တော်ကိုယ်တိုင်ဒီလိုဂတိပေးခဲ့ပါပြီ” ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်” ။

ချစ်သောမိတ်ဆွေ…သမ္မာကျမ်းစာဗျာဒိတ်ကျမ်း၃:၁၄-၂၀မှာဝိညာဉ်တော်ဘုရားကလောဒိကိမြို့မှာရှိနေတဲ့အသင်းတော်ကိုသွန်သင်ပြောဆိုထားတဲ့စကားတခွန်းရှိပါတယ်” သင်တို့ဟာမျက်စိကန်းနေတဲ့အတွက်မျက်စိမြင်အောင်မျက်စဉ်းခက်ပါ” ဆိုတဲ့စကားပါ။ယနေ့သင်ရဲ့လိုအပ်ချက်ကိုသင်မြင်ရပြီလား?သင်ကိုယ်တိုင်သင့်စိတ်ဝိညာဉ်ဆင်းရဲနေတာကိုမြင်တတ်ပါစေ။ဗျာဒိတ်ကျမ်း ၃:၂၀မှာ” ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” …ညီကိုမောင်နှမတို့၊ဒီကျမ်းချက်ဟာသာသနာပလူတွေကိုသာပြောနေခြင်းသာမဟုတ်ဘဲခရစ်ယာန်ယုံကြည်သူတွေကိုပါပြောနေခြင်းဖြစ်ပါတယ်၊များစွာသောယုံကြည်သူတွေဟာခရစ်ယာန်နာမည်ခံသာဖြစ်နေကြပြီး၊သူတို့ရဲ့နှလုံးသားထဲမှာခရစ်တော်ကိုဘုရင်နေရာမပေးထားကြပါဘူး၊ခရစ်တော်ကိုဧည့်သည်အဖြစ်သာဝင်ခိုင်းထားတဲ့သူများစွာရှိနေပါတယ်၊ဒါကြောင့်စစ်မှန်တဲ့ငြိမ်သက်ခြင်းနဲ့ကယ်တင်ခြင်းကိုမရဖြစ်နေတတ်ပါတယ်။ဒါကြောင့်ယနေ့ယေရှုခရစ်တော်ကိုနှလုံးသားတခါးဖွင့်ပြီးကြိုဆိုလိုက်ပါ၊နှလုံးသားရဲ့ဘုရင်နေရာကိုသခင့်အားပေးအပ်လိုက်ပါ။သူ့လက်အောက်ကနေသာအသက်ရှင်ပါ၊ဒါမှယေရှုခရစ်တော်သင့်ကိုမင်္ဂလာရှိစေမှာပါ၊သင်ဟာလဲကောင်းကင်ဘုံကိုအမွေခံရသူဖြစ်ပါလိမ့်မယ်။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့ဝေငှသွားတဲ့တောင်ပေါ် ဒေသနာမင်္ဂလာ၈ပါးထဲမှပထမတပါးအတိုင်း…စိတ်ဝိညာဉ်ဆင်းရဲသောသူ၊တနည်းအားဖြင့်ကယ်တင်ခြင်းလိုအပ်ကြောင်းမိမိကိုယ်ကိုယ်သိမြင်သောသူဖြစ်ဖို့အင်မတန်အရေးကြီးလှပါပေတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုလူမှသာလျှင်ကိုယ့်အခြေအနေကိုသိမြင်ပြီးစိတ်နှလုံးနှိမ့်ချလျက်ဧဝံဂေလိကိုရှာမှီးလက်ခံသောသူဖြစ်မှာမို့ပါ။ဒီလိုလူကိုသမ္မာကျမ်းစာကမင်္ဂလာရှိတဲ့လူဖြစ်ကြောင်း၊ကောင်းကင်နိုင်ငံဟာဒီလိုလူတွေအတွက်ဖြစ်ကြောင်းတိကျစွာရေးမှတ်ထားပါပြီ။ချစ်သောမိတ်ဆွေယနေ့သင်ဟာသင့်အထဲကတကယ့်လိုအပ်မှုကိုတွေ့မြင်ပြီလား၊ဒီနေ့ကျွန်တော်တို့လိုအပ်နေတာအခြားအရာမဟုတ်ပါ၊ယေရှုခရစ်တော်သာဖြစ်ပါတယ်လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ရပါတယ်။ဖတ်ရှုသူအယောက်ဆီတိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်