စနေ, ဧပြီ 20, 2024

စိတ်မသာညည်းတွားသောသူ(တောင်ပေါ်ဒေသနာ၂)

အခြေပြုကျမ်း-ရှင်မဿဲခရစ်ဝင် ၅:၄
စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့။

နိဒါန်း
ချစ်သောညီကိုမောင်နှမတို့ခရစ်တော်၌မင်္ဂလာပါ။ရှေ့မှာကျွန်တော်တို့ရှင်မသဲအခန်းကြီး၅ထဲမှတောင်ပေါ်ဒေသနာမင်္ဂလာ၈ပါးဖြစ်တဲ့ပထမဆုံးမင်္ဂလာတပါးအကြောင်းပြောခဲ့ပါပြီ။ဒီနေ့မှာတော့မင်္ဂလာ၈ပါးထဲကဒုတိယမင်္ဂလာတပါးဖြစ်တဲ့စိတ်မသာညီတွားသောသူအကြောင်းပြောသွားမှာဖြစ်ပါတယ်။

၁။စိတ်မသာညည်းတွားသောသူဆိုတာဘာလဲ?
သမ္မာကျမ်းစာမူရင်းကျမ်းနဲ့နီးစပ်တဲ့မြန်မာ့စံမီကျမ်းမှာကတော့မသဲ၅:၄ကိုဒီလိုဖော်ပြထားပါတယ်” ဝမ်း​နည်း​ကြေ​ကွဲ​သော​သူ​တို့​သည်​ မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား​ သူ​တို့​သည်​ နှစ်​သိမ့်​ခြင်း​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။” တဲ့။ဆိုလိုတာကတော့စိတ်မသာညည်းတွားခြင်းနဲ့ဝမ်းနည်းကြေကွဲခြင်းဆိုတာအတူတူပါ။ဒါပေမဲ့ဒီနေရာမှာမေးခွန်းထုတ်ရမှာကဘာလို့သမ္မာကျမ်းစာကဒီဝမ်းနည်းကြေကွဲခြင်းကိုမှမင်္ဂလာတပါးလို့ပြောရတာလဲ?ပျော်ပျော်ရွှင်ရွှင်နေမှမင်္ဂလာမဟုတ်ဘူးလား?ဘာလို့ငိုယိုကြေကွဲဝမ်းနည်းနေသူကိုမင်္ဂလာရှိတယ်လို့ပြောရတာလဲ?သမ္မာကျမ်းစာကိုသေချာလေ့လာလိုက်တဲ့အခါမှာတော့ဒီနေရာမှာပြောတဲ့ဝမ်းနည်းခြင်း၊စိတ်မသာညည်းတွားခြင်းဆိုတာမိမိကိုယ်၌ကအပြစ်တွေကိုတွေ့မြင်သိရှိပြီးဒီအပြစ်အတွက်ဘုရားသခင်ရှေ့မှာနောင်တရဝမ်းနည်းကြေကွဲနေခြင်းကိုပြောတာဖြစ်ပါတယ်။ဒါဟာရှင်မဿဲခရစ်ဝင်၅:၄ရဲ့ဆိုလိုရင်းဖြစ်တယ်။ဒါဆိုအပြစ်ရှိကြောင်းမိမိကိုယ်ကိုယ်သိပြီးနောင်တနဲ့ဘုရားရှေ့မှာငိုယိုနေသူကဘာလို့မင်္ဂလာရှိရတာလဲ?အဖြေကတော့ဒီလိုလူတွေဟာဘုရားသခင်ရဲ့နှစ်သိမ့်မှုကိုဧကန်အမှန်ရရှိမှာမို့ပါ။

၂။အပြစ်ဆိုတာဘာလဲ?
အပြစ်လို့ပြောလိုက်တဲ့အခါမှာ၊အနည်းငယ်နားလည်အောင်ဖြေရှင်းချင်ပါတယ်၊အပြစ်ဆိုတာဘာလဲ?လူတွေရဲ့အမြင်မှာတော့အပြစ်ဆိုတာရာဇဝတ်မှုကျူးလွန်ခြင်းနဲ့သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုချိုးဖောက်ခြင်းဘဲဖြစ်ပါတယ်။ဒါပေမဲ့သမ္မာကျမ်းစာမှာပြောထားတဲ့အပြစ်ဆိုတာဒီအရာတွေထက်ကျော်လွန်ပါတယ်၊သမ္မာကျမ်းစာအရအပြစ်ဆိုတာကိုယ်လက်တွေ့လုပ်မှားတဲ့အရာတွေပါသလိုကိုယ်မလုပ်ထွက်လာသေးတဲ့အတွေးအခေါ်ထဲကတွေးမှားတဲ့အပြစ်တွေစဉ်းစားမှားတဲ့အပြစ်တွေ၊စိတ်ထဲမှာပြစ်မှားတဲ့အရာတွေကိုလဲအပြစ်လို့သတ်မှတ်ပါတယ်။နောက်တခုကမလုပ်နဲ့ဆိုတာကိုလုပ်တာအပြစ်ဖြစ်သလိုလုပ်ပါဆိုတဲ့ကောင်းမှုကိုမလုပ်ဘဲနေရင်လဲအပြစ်ဖြစ်ပါတယ်။ဆိုတော့ယနေ့ကျွန်တော်တို့လူသားတိုင်းဟာဒီစစ်ဆေးမှုအရစစ်ဆေးကြည့်မယ်ဆိုရင်အပြစ်ရှိတဲ့သူတွေချည်းပါဘဲ၊ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာတကယ့်လက်တွေ့အပြင်မှာအပြစ်မကျူးလွန်ခဲ့ဘူးဆိုရင်တောင်စိတ်ထဲအတွေးထဲမှာတော့မှားယွင်းမိတတ်ကြမှာပါ၊လက်တွေ့မှာလူမသတ်ဖူးဘူး၊ဒါပေမဲ့စိတ်ထဲမှာလူကိုမုန်းဘူးမှာပါ၊လက်တွေ့မှာလိင်မကျူးလွန်ဖူးဘူးဆိုပေမဲ့အတွေးထဲမှာမကောင်းတဲ့ညစ်ညမ်းတဲ့အရာတွေတွေးခေါ်ဖူးမှာပါ၊တခါတလေမှာကိုယ်ကသူတပါးကိုကူညီနိုင်ရက်နဲ့မကူညီခဲ့တာလဲရှိခဲ့ဘူးမှာပါ…ဒါတွေဟာသမ္မာကျမ်းစာအရအားလုံးအပြစ်ဘဲဖြစ်ပါတယ်။ဒါကြောင့်ယနေ့သင်နဲ့ကျွန်ုပ်ဟာအပြစ်မရှိဘူးလို့ပြောရင်ကိုယ့်ကိုယ်ကိုလိမ်ညာနေပါပြီ။ယနေ့များစွာသောလူတွေဟာအပြစ်လုပ်လွန်းလို့အပြစ်ကိုတောင်အပြစ်လို့မထင်နေကြတော့ပါဘူး၊ဒါကြောင့်မိမိအပြစ်အတွက်၊စိတ်မသာညည်းတွားဖို့နေနေသာသာ၊အပြစ်လုပ်ပြီးပျော်နေတဲ့လူကတပုံကြီးပါ။

၃။သက်သာခြင်းသို့
ဒါဆိုရင်လူတစ်ယောက်ဘယ်လိုဘယ်အခြေနေမျိုးမှာမိမိအပြစ်အတွက်ညည်းတွားဝမ်းနည်းလာတတ်မှာလဲ?အဖြေကတော့သမ္မာတရားအားဖြင့်ဝိညာဉ်တော်ဖွင့်ပြတဲ့အခါပါ၊သမ္မာကျမ်းစာထဲမှာပြောထားတာကတော့ဝိညာဉ်တော်ဟာလာပြီးလူတွေကိုမိမိအပြစ်ကြောင့်နောင်တရငိုကြွေးစေမယ်လို့ဆိုပါတယ်၊ဒါကြောင့်လူတစ်ယောက်ကိုဝိညာဉ်တော်ဖွင့်ပြတဲ့အခါ၊ကျမ်းစာအားဖြင့်သူ့အပြစ်ကိုသူမြင်လာပါတယ်၊ကိုယ်မကောင်းမှန်းသိမြင်လာပါတယ်၊ဝိညာဉ်တော်ကသာကျမ်းစာအားဖြင့်လူတွေကိုမဖွင့်ပြခဲ့ရင်လူတွေဟာကိုယ့်အပြစ်ကိုမမြင်ဘဲသူတပါးအပြစ်ကိုဘဲမြင်တတ်ပါတယ်၊ရှင်မဿဲခရစ်ဝင် ၇:၃မှာပြောသလို ကိုယ်မျက်စိထဲရှိတဲ့ တံကျင်ကို မမြင်ဘဲသူများမျက်စိမှာရှိတဲ့ငြောင့်ငယ်ကိုသာမြင်နေတာဖြစ်တယ်။ယနေ့ကျွန်တော်တို့တွေဟာသူများအပြစ်ကိုအရင်မဖြေရှင်းဘဲမိမိရဲ့မကောင်းခြင်းတွေကိုအရင်သိမြင်တတ်ဖို့လိုပါတယ်၊ဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းအားဖြင့်ဝိညာဉ်တော်ဖွင့်ပြလာမှာဖြစ်တယ်။ဒီချိ်န်မှာအရေးကြီးတာကပြောင်းလဲနိုင်ဖို့ဘုရားသခင်ရှေ့မှာရောက်လာဖို့ပါဘဲ။ဘာကြောင့်ဘုရားရှေ့လာရတာလဲ?လူတွေဟာမိမိမကောင်းတာသိပြီဆိုပေမဲ့မိမိကိုယ်ကိုမပြောင်းလဲနိုင်ကြဘူး၊ဒါဟာရောမဩဝါဒစာ ၇:၁၈ထဲကပေါလုပြောတဲ့အတိုင်းဖြစ်နေတာပါ။ပေါလုက ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။ လို့သူရင်ဖွင့်ထားပါတယ်။ချစ်သောညီကိုမောင်နှမတို့ဒီနေ့မိမိကိုယ်ကိုယ်ပြောင်းလဲရမှာသိသိကြီးနဲ့မပြောင်းလဲနိုင်တဲ့အခြေနေသင့်မှာရှိပါသလား?အရက်ဖျက်ရမှာသိတယ်မပြတ်နိုင်ဘူး၊ဆေးလိပ်ကွမ်းယာ၊ဆဲစကားတွေ၊အခြားဘုရားမကြိုက်တာတွေကိုမကောင်းမှန်းသိပေမဲ့မဖျက်နိုင်ဘူးလား?ရှင်ပေါလုကလဲတချိန်ကဒီအတိုင်းဖြစ်ခဲ့ဘူးပါတယ်၊ဒါပေမဲ့ရှင်ပေါလုကလွတ်လမ်းတွေ့ရှိခဲ့ပါတယ်၊ဒါကြောင့်သူရောမဩဝါဒစာ ၇:၂၅ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူပြီလို့ဆိုထားတာပါ။ချစ်သောမိတ်ဆွေညီကိုမောင်နှမတို့၊ကိုယ့်အပြစ်အတွက်ကြောင့်နောင်တရပြီးဘုရားရှေ့မှာကြေကွဲညည်းတွားနေသူဟာမင်္ဂလာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုလူဟာကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၁၇မှာပြောထားသလိုအသစ်ပြုပြင်ခံရမှာဖြစ်လို့ပါ။လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ဟာလေလုယာ။ဒီဘဝသစ်ဟာဘုရားသခင်ရဲ့စံချိန်ကိုရောက်အောင်ယေရှုခရစ်တော်အားဖြင့်တွန်းပို့ပေးလိုက်တဲ့သက်သာခြင်းဘဲဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်အားဖြင့်ယနေ့အပြစ်လွတ်ခြင်းခံရပြီ၊ဘုရားသခင်နဲ့အတူမိသဟာယဖွဲ့ခွင့်ရရှိပြီဖြစ်ပါတယ်။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ဝေငှသွားတဲ့တရားဒေသနာအားဖြင့်ကျွန်ုပ်တို့ရဲ့အားနည်းမှုအပြစ်တွေကိုအမြဲဝန်ခံတတ်သောသူဖြစ်စေပါ၊ဒါမှဘုရားသခင်၌သက်သာခြင်းမင်္ဂလာရရှိမှာဖြစ်ပါတယ်။ဒီသက်သာခြင်းဟာကိုယ့်အပြစ်ကိုမြင်ပြီးနောင်တရငိုကြွေးခြင်း၊ကြေကွဲဝမ်းနည်းခြင်းကနေခွင့်လွတ်သက်သာခြင်းရရှိပြီးဘဝသစ်မှာကျင်လည်ရမှာဖြစ်ပါတယ်။မဖြစ်နိုင်ဘူးလို့သင်ထင်ကောင်းထင်လိမ့်မယ်၊ဒါပေမဲ့လူအားဖြင့်မဖြစ်နိုင်သော်လည်းဘုရားသခင်အားဖြင့်အလုံးစုံဖြစ်စေနိုင်ပါတယ်၊ဟာလေလုယာ၊သင်လက်ရှိအချိန်မှာမိမိကိုယ်ကိုယ်မပြောင်းလဲနိုင်ဘူးဆိုရင်ယေရှုခရစ်တော်ကိုသာလက်ခံယုံကြည်လိုက်ပါ။သူဟာသင့်အတွက်အကောင်းဆုံးမင်္ဂလာတပါးဖြစ်လာပါလိမ့်မယ်။ဖတ်ရှုသူအယောက်ဆီတိုင်းအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်