စနေ, ဧပြီ 20, 2024

ဆက်ကပ်ခြင်းနှင့်ပေးလှူခြင်းအနှစ်သာရ

အမှုတော်ဆောင်အတွက်ဆင်ခြင်ရန်

၁။အလှူငွေစာအိတ်ပေးတဲ့အိမ်ကိုဘဲအမြဲတမ်းလိုက်ဆုတောင်းပေးပြီးဆင်းရဲတဲ့အိမ်မှာဆိုတခါမှမရောက်တာမျိုးမလုပ်ပါနဲ့၊အိမ်လည်ပတ်ဆုတောင်းဖို့တကယ်လိုအပ်နေတဲ့အိမ်ကိုဦးစားပေးပါ။ငွေကိုတပ်မက်ခြင်းမဟုတ်ဘဲအမှုတော်ကိုသာ၍သစ္စာရှိနေလားဆင်ခြင်ပါစို့။(ယာကုပ်၂:၂-၄)

၂။အသင်းတော်မှာအမြဲတမ်းအလှူငွေစာအိတ်လာပေးသူကိုမျက်နာပေးတာမျိုးမလုပ်ပါနဲ့၊ကိုယ့်ကိုစာအိတ်ပေးသူတွေရဲ့အပြစ်ကိုမပြောရဲမထောက်ပြရဲဘဲလဲမဖြစ်စေပါနဲ့။အလှူပေးသူဟာဘုရားအမှုတော်မှာပေးတယ်လို့ခံယူပြီးအမှုတော်အတွက်အသုံးပြုဖို့ဖြစ်စေပါ။(ယာကုပ်၂:၉)

၃။စာအိတ်ပေးသူကိုကျေးဇူးတင်တာထက်ဘုရားသခင်ကသူ့ကိုတို့ထိလို့အမှုတော်မှာလာပေးလှူကြောင်းနားလည်ခံယူပါ။ဒါကြောင့်လူကိုကျေးဇူးတင်တာထက်ဘုရားကိုသာ၍ချီးမွမ်းတတ်ပါစေ။(ယာကုပ်၁:၁၇)

၄။အလှူငွေရဖို့သမ္မာတရားကိုမရောင်းစားလိုက်ပါနဲ့၊နေရာတကာသမ္မာတရားလိုက်ဟောနေသလိုလိုနဲ့ငွေလိုက်တောင်းနေတာမျို့းဖြစ်နေလားဆင်ခြင်ကြည့်ပါ။(၂ပေ ၂:၁၅)

၅။အလှူရှင်ရှိရင်ငါဒီလိုဆက်ကပ်မယ်၊ထောက်ပံ့သူရှိရင်ငါဒီလောက်ကြီးမားတဲ့အလုပ်စလုပ်မယ်ဆိုပြီးပြောနေတာထက်၊ကိုယ်ရှိတာလေးနဲ့သတ္တိရှိရှိအစပြုလိုက်ပါ၊ကိုယ်လုပ်နေတဲ့အပေါ်ဘုရားတာဝန်ယူလာတာလက်တွေ့မြင်ရပါလိမ့်မယ်။(ဆာလံ၃၇:၅)

၆။သူများပေးလှူတာကိုဘဲအမြဲလက်ခံနေတတ်သူထက်၊ကိုယ်တိုင်ပေးလှူနိုင်သောအမှုတော်ဆောင်ဖြစ်နိုင်ပါစေ။ဘာကြောင့်လဲဆိုတော့အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာကသာ၍ မင်္ဂလာရှိတယ်လို့သခင်ယေရှုမိန့်ခဲ့လို့ပါ။(တမန်၂၀:၃၅)

အသင်းသားများအတွက်ဆင်ခြင်ရန်

၁။ဒီဆရာကဆင်းရဲလို့ဆိုပြီးသနားလို့အလှူငွေပေးတာမျိုးမဖြစ်စေပါနဲ့၊ဘုရားအမှုတော်မှာဒီဆရာဆက်ကပ်နေလို့ငါလဲငွေအားနဲ့ပါဝင်မယ်ခံယူပြီးပေးလှူပါ။ဒါမှကောင်းကြီးရပါလိမ့်မယ်၊မဟုတ်ရင်သင့်အလှူငွေကဘုရားဆီမရောက်ဘဲဆရာဆီမှာသာရောက်ပြီး၊ဘုရားကောင်းကြီးမရတော့ဘဲဆရာတွေရဲ့ကျေးဇူးတင်စကားသာရပါလိမ့်မည်။(ကောလောသဲ ၃:၂၄)

၂။ဒီဆရာကဘဲငါ့ဆီအမြဲလာဆုတောင်းပေးလို့သူ့ကိုဘဲအလှူငွေပေးတာမျိုးမဖြစ်စေပါနဲ့၊တကယ့်အမှုတော်မြတ်မှာပါဝင်နေတဲ့ဆရာတွေကိုလည်းသေချာလေ့လာပြီးအမှုတော်မှာလိုအပ်နေတဲ့ဆရာတွေဆီလဲပါဝင်ဖို့ပေးလှူပါ။(၂ကော ၉:၇)

၃။ပေးစရာအလှူငွေမရှိလို့ ဆုတောင်းခိုင်းဖို့ဆရာတွေကိုမဖိတ်ခေါ်ရဲတဲ့အထိမဖြစ်ပါစေနဲ့၊ငွေနဲ့ဘုရားအမှုတော်ဆောင်စစ်တွေကိုမစီရင်မိစေပါနှင့်။(မသဲ၁၀:၈)

၄။လူတွေရဲ့ချီးကျူးကျေးဇူးတင်ခြင်းကိုလိုချင်တဲ့စိတ်ထားနဲ့မပေးလှူပါနဲ့၊လူတွေရဲ့ချီးကျူးကျေးဇူးတင်မှုကိုတာရခြင်းးထက်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုမြင်တတ်ပါ၊ဒါကြောင့်ပေးလှူမှုတိုင်းမှာမိမိကိုယ်ကိုယ်မပေါ်လွင်စေပါနဲ့။(ကောလောသဲ ၃:၂၃)

၅။တချိန်ကငါဒီဆရာဒီဘုရားကျောင်းဒီအသင်းတော်ကိုဒီလောက်ပေးလှူခဲ့တယ်ဆိုပြီးလုံးဝ(လုံးဝ) မကြွားဝါမိပါစေနှင့်၊သင်ပေးလှူတာဘုရားသခင်ရဲ့အမှုတော်ထဲမဟုတ်ရင်ပေးလှူခြင်းမဟုတ်တော့ပါဘူး၊ဘုရားအမှုတော်မှာပါဝင်ဖို့အခွင့်အရေးရခဲ့တယ်လို့သာခံယူပါ။ဘာကြောင့်လဲဆိုတော့သင်မပေးလှူခဲ့ရင်အခြားတယောက်ကိုဘုရားသခင်ကအသုံးပြု ပြီးပေးလှူဖို့အခွင့်ပေးလို့ရပါတယ်။(၂ကော၈:၄)

၆။မိမိအသင်းတော်ကဆရာတွေဝလင်စွာစားရဖို့အတွက်သင့်၁၀/၁ကိုအသင်းတော်မှာတိကျစွာပေးသွင်းပါ။အမှုတော်ဆောင်တွေအဆင်ပြေမှအမှုတော်အတွက်၂၄နာရီသေချာကြိုးစားလုပ်ကိုင်နိုင်ပေမည်။အသင်းသားတိုင်း၁၀/၁မှန်ခဲ့ရင်ဓမ္မဆရာလစာဟာအပြင်လောကကလစာထက်ရင်ဘောင်တန်းပြီးသာလွန်နိုင်ပါမယ်။(၁ကော၁၆:၂)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်