စနေ, ဧပြီ 20, 2024

ထာဝရဘုရားမုန်းသောအပြစ်ခုနစ်ပါး

နိဒါန်း
ကျွန်ပ်တို့လူသားတွေဟာများစွာသောအားဖြင့်လောကနိယာမတရားနဲ့အပြစ်ဟုတ်မဟုတ်ချင့်ချိန်တတ်ကြပါတယ်၊ဒါပေမဲ့သမ္မာကျမ်းစာမှာတော့လူသားတိုင်းဟာဘုရားသခင်ရဲ့နိယာမနဲ့တရားစီရင်ခြင်းခံရမယ်လို့အတိအကျဖော်ပြထားပါတယ်။ဆိုတော့ဘုရားသခင်မုန်းတဲ့အပြစ်၇မျိုးကိုလေ့လာသိထားဖို့အရေးကြီးလာပါပြီ။ဒီနေ့သမ္မာကျမ်းစာသုတ္တံကျမ်း ၆း၁၆-၁၉ ထဲမှဘုရားသခင်မုန်းတဲ့အပြစ်၇မျိုးကဘာလဲဆိုတာတခုချင်းလေ့လာဆင်ခြင်ကြရအောင်…

၁။ထောင်လွှားသောမျက်နှာ
တနည်းအားဖြင့်သူတပါးကိုအထင်သေးတာပါ။ဘယ်သူကမှငါ့ကိုမမှီဘူးဆိုပြီးသူတပါးရဲ့ဟာကွက်ကိုအပြစ်ရှာပြောတတ်သူမျိုးဖြစ်ပါတယ်။ယုံကြည်သူခရစ်ယာန်တွေမှာတော့ငါကဘဲသန့်ရှင်းသူကျန်သူတွေကအပြစ်သားတွေဘဲဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ဒီလိုအပြုအမှုတွေဟာထောင်လွားသောမျက်နှာဖြစ်ပါတယ်။ဒါကိုဘုရားသခင်ရွံမုန်းပါတယ်ညီကိုမောင်နှမတို့၊ဘာကြောင့်လဲဆိုတော့ဒီထောင်လွှားခြင်းသည်သခင်ယေရှုရဲ့နှိမ့်ချခြင်းနဲ့ဆန့်ကျင်နေလို့ဘဲဖြစ်ပါတယ်။

၂။မုသာ၌ကျင်လည်သောလျှာ
လိမ်ညာခြင်း၊မဟုတ်မမှန်ဘဲပြောဆိုခြင်းဖြစ်တယ်။ဒီနေရာမှာပြောထားတဲ့မုသာဆိုတာကအမှန်တွေအများကြီးပြောပြီးမမှန်တာတခုဘဲလိမ်ပြောခဲ့တာလဲအပါအဝင်ဖြစ်တယ်။သခင်ယေရှုလူ့ဇာတိခံပြီးဧဝံဂေလိဟောမဲ့အချိန်တိုင်းမှာအဦးဆုံးပြောနေကျစကားကငါအမှန်အကန်ဆိုသည်ကား…ဆိုတာပါဘဲ၊အဓိပ္ပာယ်ကတော့ယေရှုခရစ်တော်ဟာမှန်ကန်တဲ့စကားကိုသာပြောသူဖြစ်ပါတယ်၊ယနေ့ကျွန်တော်တို့သူ့နောက်လိုက်ယုံကြည်သူတွေလဲအမှန်အကန်ကိုသာပြောရမှာပါ။ဘုရားသားသမီးဆိုပြီးမုသာမှာကျင်လည်နေသေးတယ်ဆိုနေရင်ဘုရားသားသမီးမဟုတ်ဘဲစာတန်သားမီးဖြစ်သွားပါလိမ့်မယ်၊ဘာလို့လဲဆိုတော့ယောဟန်8:44မှာမုသာရဲ့အဘကစာတန်လို့ပြောထားလို့ပါ။ဒါကြောင့်ဘုရားမုန်းတဲ့ဒီမုသာစကားကိုရှောင်ကျဉ်ကြပါစို့၊ဒီမုသာဟာသမ္မာတရားနဲ့ဆန့်ကျင်နေလို့ဖြစ်ပါတယ်။

၃။အပြစ်မရှိသောသူ၏အသက်ကိုသတ်သောလက်
ဒီနေရာမှာကိုယ်တိုင်လူသတ်မှုကျူးလွန်ခြင်းကိုဆိုလိုသလို၊ကိုယ်တိုင်မသွားသတ်ဘဲဒီလူသတ်မှုမှာပါဝင်နေခြင်းဟာလဲသတ်မှုမြောက်ကြောင်းဆိုလိုခြင်းဖြစ်ပါတယ်။လူတိုင်းဘုရားပုံသဏာန်နဲ့အညီဖန်ဆင်းထားတာဖြစ်လို့အချင်းချင်းလေးစားမှုရှိရမှာဖြစ်တယ်။သူတပါးကိုဒုက္ခပေးခြင်းဟာဘုရားအလွန်ရွံမုန်းတယ်လို့ကျမ်းစာမှာဖော်ပြထားပြီးဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူများဒီအပြစ်ကိုရှောင်ရှားရပါမယ်၊ဘာကြောင့်လဲဆိုတော့ဒီအပြစ်ဟာဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ဆန့်ကျင်နေလို့ဖြစ်ပါတယ်။

၄။မကောင်းသောအကြံကိုကြံစည်သောနှလုံး
ဒီစကားကအင်မတန်ရှင်းလှပါတယ်၊အပြစ်လုပ်ဖို့ကြံစည်ခြင်းပါ။နှလုံးသားထဲမကောင်းကြံလိုက်တာနဲ့စာတန်အုပ်စိုးခံရသောသူဖြစ်သွားပါပြီ၊ပိုပြီးမကောင်းကြံလေဘုရားကမုန်းလေပါဘဲ၊နောက်ဆုံးဘုရားသခင်ကသင့်ကိုစွန့်ပစ်တဲ့အထိပါ။ဘာကြောင့်လဲဆိုတော့မကောင်းကြံခြင်းသည်ဘုရားသခင်ရဲ့သန့်ရှင်းခြင်းနဲ့ဆန့်ကျင်ဖက်ဖြစ်နေလို့ပါ။ယုံကြည်သူများကျွန်တော်တို့ရဲ့နှလုံးသားကိုအထူးဂရုစိုက်ကြပါ။မကောင်းကြံဖို့နေရာလုံးဝမဖြစ်စေပါနဲ့။

၅။အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေ
အပြစ်လုပ်ခြင်းကိုနှစ်သက်သောသူဖြစ်ပါတယ်၊အပြစ်တခုခုလုပ်ရမှနေကောင်းတဲ့လူမျိုးပါ။ ဘုရားသခင်မနှစ်သက်ဘူးဆိုတာသိသိကြီးနဲ့ပျော်ပျော်ကြီးလုပ်နေတတ်တဲ့သဘောပါ။လူဆိုးတို့လမ်းမှာအမြဲရပ်နေတတ်သူဖြစ်တယ်၊ဒါကိုဘုရားမုန်းပါတယ်၊ယုံကြည်သူတဦးဟာအပြစ်ပြုတဲ့လမ်းကိုလိုက်စားရမှာမဟုတ်ပါဘူး၊ကားတိုင်လမ်းကိုလျှောက်ရမှာပါ။ယနေ့သင်ဟာအပြစ်ပြုရာလမ်းမှာရှိနေသေးတယ်ဆိုရင်အမြန်ဆုံးကားတိုင်လမ်းကိုပြန်လာပါ။ကားတိုင်လမ်းကသာကျွန်ုပ်တို့ကိုရွှေအိမ်အရောက်ပို့ပေးနိုင်မှာမို့ပါ။

၆။မမှန်သောသက်သေခံခြင်း
မမှန်သောသက်သေခံတယ်ဆိုတာနှစ်မျိုးရှိပါတယ်။ပထမကမဟုတ်မမှန်သောစကားကိုထွင်ပြီးသူတပါးကိုတိုက်ခိုက်တယ်၊စီရင်တယ်၊အထင်သေးတယ်၊လူ့ကွယ်ရာမှာမကောင်းကြောင်းပြောတတ်တယ်၊ကိုယ်တိုင်သေချာနားမလည်သေးတဲ့အကြောင်းအရာကိုမုသာနဲ့ယှဉ်ပြီးပြောသူဖြစ်ပါတယ်။ဒုတိယတစ်မျိုးကယုံကြည်သူတွေဘုရားကျောင်းသို့မဟုတ်နေရာတခုခုမှာဘုရားကောင်းမြတ်ခြင်းအကြောင်းသက်သေခံတဲ့အခါ၊ကိုယ့်ဘုရားကိုမြောက်ပင့်ရင်းမမှန်တဲ့သက်သေလေလုံးကြီးတွေပြောနေတတ်ပါတယ်၊ဒါတွေအားလုံးဟာဘုရားသခင်မုန်းတဲ့အရာပါ။မမှန်သောသက်သေခံခြင်းဟာဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းသစ္စာရှိခြင်းနဲ့ဆန့်ကျင်နေတာမို့ပါ။

၇။အပေါင်းအဘော်ချင်းရန်တွေ့စေခြင်းငှါပြုတတ်သောသူ
အပေါင်းအဘော်တင်မကပါဘူး၊မိသားစုကြား၊အသင်းတော်ကြားမှာပါအချင်းချင်းရန်တွေ့စေဖို့ပြုတတ်တဲ့သူပါ။ယုံကြည်သူသားသမီးတွေမှာဒီအပြစ်ကိုရှောင်ရှားရမှာဖြစ်ပါတယ်၊အချင်းချင်းရန်ဖြစ်စေတာရှောင်ပြီးသူတပါးကိုသင့်မြတ်စေနိုင်တဲ့သူဖြစ်ဖို့ကြိုးစားကြပါ။အပေါင်းအဘော်ချင်းရန်တွေ့စေခြင်းငှါပြုတတ်သောသူကိုဘုရားရွံမုန်းတယ်လို့ကျမ်းစာမှာဆိုထားပါတယ်။ဘာလို့လဲဆိုတော့ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းနဲ့ဆန့်ကျင်နေလို့ဘဲဖြစ်ပါတယ်။

နိဂုံး
ချစ်သောညီကိုမောင်နှမမိတ်ဆွေများ၊ဒီနေ့မှာဘုရားသခင်မုန်းသောအပြစ်၇မျိုးကိုဟောပြောခွန်အားပေးခဲ့တာဖြစ်ပါတယ်။ဒီအရာတွေကိုနားထောင်ပြီးမိမိကိုယ်ကိုယ်ဆင်ခြင်ပါသုံးသပ်ပါ။ဒီအပြစ်၇မျိုးလုံးမှလွတ်မြောက်ပြီးဘုရားသခင်နှစ်သက်သောသူများဖြစ်ကြပါစေ။

သုတ္တံ ၆း၁၆-၁၉ “ ထာဝရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအခုနစ်ပါးဟူမူကား၊ထောင်လွှားသောမျက်နှာ တစ်ပါး၊မုသာ၌ကျင်လည်သောလျှာတပါး၊အပြစ်မရှိသောသူ၏အသက်ကိုသတ် သောလက်တပါး၊မကောင်းသောအကြံကိုကြံစည်သောနှလုံးတပါး၊အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေတပါး၊မုသားစကားကိုပြော၍မမှန်သောသက်သေတပါး၊အပေါင်းအဘော်ချင်းရန်တွေ့စေခြင်းငှါပြုတတ်သောသူတပါးတည်း။”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်