စနေ, ဧပြီ 20, 2024

ထာဝရဘုရားသည်ငါ၏သိုးထိန်း

အခြေပြုကျမ်း ဆာလံ၂၃

၁။ဆင်းရဲမခံရဘူး(ဆာလံ23:1)
“ ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။”
ထာဝရဘုရားကငါ့သိုးထိန်းမို့ငါကတော့မဆင်းရဲလောက်ဘူးပြောနေခြင်မျိုးမဟုတ်၊မဆင်းရဲနိုင်ဘူးထင်တယ်ဆိုတာမျိုးလဲမဟုတ်ဘူး။” ဆင်းရဲမခံရ” ဆိုတာရာခိုင်နူန်းပြည့်တိကျသေချာတဲ့ကြေငြာချက်ပါ။ဒီနေရာမှာ ဆင်းရဲမခံရ ဆိုတာငွေကြေးချမ်းသာမယ်လို့ပြောနေတာတော့မဟုတ်ပါ၊ လုံလောက်စွာရှိပြီး၊မိမိမှာရှိတာလေးနဲ့ရောင့်ရဲနိုင်ခြင်းပါ။တနည်းအားဖြင့် ဆင်းရဲမခံရ ဆိုတာလုံလောက်စွာစားသောက်နေရခြင်းအပေါ်ကျေနပ်နေခြင်းပါ။ထိုကြောင့်ထာဝရဘုရားဟာသူ့ကိုယုံကြည်တဲ့သူတိုင်းကိုဘယ်တော့မှအငတ်မထားပါ၊အမြဲကြွေးမွေးစောင့်ရှောက်ပါလိမ့်မည်။

၂။ ငြိမ်သက်ခြင်းရတယ်(ဆာလံ23:2)
“ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။”
ဒီစကားဟာကြားရသူတိုင်းအတွက်အင်မတန်နားဝင်ချိုလှပါတယ်၊ကြားတာနဲ့စိမ်းသောမြက်သာယာသောမြစ်ဘေးဆိုပြီးပန်းချီကားတစ်ချက်ပမာမြင်ယောင်မိပါလိမ့်မယ်။အကောင်းဆုံးနေရာအိပ်စေပြီး၊အိပ်ပျော်ခွင့်ပေးသည်သာမက၊နိုးလာရင်လဲဘယ်လိုသွားလာလုပ်ရှားရမှာလဲဆိုတာအမြဲတမ်းလမ်းပြမဲ့ဘုရားရှိနေတာပါ။ဒါဟာစိုးရိမ်စရာကင်းတဲ့အသက်တာဖြစ်ပြီးပျော်ရွှင်ငြိမ်သက်ခြင်းပြည့်ဝတဲ့အသက်တာဖြစ်ပါတယ်။ဘဝမှာအခက်ခဲကြုံလာရင်တောင်အခက်ခဲကြားကနေအဲလိုခံစားမှုမျိုးရရှိမှာဖြစ်ပါတယ်။ဒီလိုအသက်တာမိတ်ဆွေခံစားရပြီလား?မခံစားရသေးလျှင်သိုးထိန်းဆီအမြန်ပြန်ခဲ့ပါလေ။

၃။အားပေးထောက်မတယ်(ဆာလံ23:3)
“ ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဖို့ အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။”
ဘုရားကဘာလို့အားဖြည့်ပေးရသလဲ?အဖြေကရှင်းပါတယ်ကျွန်ုပ်တို့ဟာဝိညာဉ်ရေးရာမှာမကြာခဏအားနည်းတတ်လို့ပါဘဲ၊ယုံကြည်သူဖြစ်ပေမဲ့လဲအားနည်းပြီးလမ်းမှားနေတတ်လို့ဘုရားသခင်ကတရားလမ်းထဲပြန်ရောက်အောင်သွေးဆောင်ပေးတာဖြစ်တယ်၊ဒါဟာအင်မတန်မွန်မြတ်တဲ့ကျေးဇူးတရားပါ၊ဘုရားသခင်ဘုန်းကြီးပါစေ။

၄။ကာကွယ်မှုပေးတယ်(ဆာလံ23:4)
“ အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။”
ယုံကြည်သူအသက်တာမှာအန္တရာယ်ပေါင်းစုံကြုံတွေ့ရတတ်ပါတယ်၊ဒါပေမဲ့ဘာဘဲကြုံကြုံသခင်သာကျွန်ုပ်တို့နဲ့အတူရှိနေရင်ဘေးအန္တရာယ်ကိုကြောက်စရာမလိုတော့ပါ။ဘာကြောင့်လဲဆိုတော့ထာဝရဘုရားဟာအမြဲတမ်းကျွန်တော်တို့ကိုကာကွယ်ပေးနေလို့ပါ၊ယနေ့ထိယုံကြည်သူများစွာထိုသက်သေကိုရရှိခဲ့ပြီးကြပါပြီ၊လက်ရှိလဲရရှိနေဆဲ၊ရှေ့လျှောက်လဲရရှိနေမြဲဖြစ်မှာပါ။ဒါကြောင်ယနေ့ယုံကြည်သူများသိထားရမှာကကျွန်ပ်တို့အသက်တာမှာဘုရားအလိုတော်မရှိရင်ဆံပင်တစ်ပင်တောင်သူ့အလိုလိုကျပိုင်ခွင့်မရှိဘူးဆိုတာပါ။

၅။အောင်မြင်ခြင်းပေးတယ်(ဆာလံ 23:5)
“ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။”
ကျွန်ုပ်တို့ယုံကြည်သူများအားလုံးရဲ့ဘုံရန်သူဟာစာတန်ဘဲဖြစ်ပါတယ်၊တစ်ဦးချင်းရန်သူကတော့မိမိဇာတိလူဘဲဖြစ်ပါတယ်၊ဒီရန်သူနှစ်မျိုးလုံးကိုအောင်မြင်ဖို့ဘုရားသခင်ကိုကိုးစားရမှာဖြစ်တယ်၊ဘုရားရဲ့သိုးအဖြစ်လုပ်ရမှာဖြစ်ပြီးဘုရားကိုမိမိရဲ့အထိန်းနေရာမှာထားရမှာဖြစ်ပါတယ်။အရာရာမှာဘုရားနဲ့တိုင်ပင်မှလုပ်ပါ။ဒီလိုဆိုရင်လျှာထွက်စရာမလိုတော့ဘဲလျံထွက်နေပါလိမ့်မယ်၊ဟာလေလုယာ။

၆။ထာဝရအသက်ကိုပေးတယ်(ဆာလံ23:6)
“ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။”
ထာဝရအသက်ဆိုတာဘုရားသခင်ကလူတွေကိုပေးတဲ့အခမဲ့လက်ဆောင်ဖြစ်တယ်၊ယုံကြည်တာနဲ့ရရှိမှာဖြစ်တယ်၊ဒါကိုကျေးဇူးတရားလို့ခေါ်တယ်။ယုံကြည်သူဖြစ်ပြီးနောက် အားနည်းလို့အပြစ်နွံထဲနှစ်မိတဲ့အခါဝန်ချတောင်းပန်ရင်ဘုရားသခင်ကလည်းခွင့်လွတ်ပေးတယ်၊ဒါကိုဂရုဏာတရားလို့ခေါ်ပါတယ်။ဆိုတော့ယုံကြည်သူတွေဟာကျေးဇူးတော်နဲ့ဂရုဏာတော်ကိုထာဝရခံစားရမှာဖြစ်သောကြောင့်ဘုရားသခင်ပြင်ဆင်ပေးတဲ့ကောင်းကင်သစ်မြေကြီးသစ်မှာအစဉ်အမြဲနေရကြမှာဖြစ်ပါတယ်၊ဟာလေလုယာ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်