စနေ, ဧပြီ 20, 2024

ဒံယေလသီတင်းခုနှစ်ဆယ်

သိတင်းခုနစ်ဆယ်ဆိုတာဘာလဲ?

ဒံယေလအနာဂတ္တိကျမ်း၉:၂၄-၂၇ကဖော်ပြထားတဲ့အရာပါ။သိတင်းခုနစ်ဆယ်ဆိုတာ70×7=490နှစ်ဖြစ်ပါတယ်။ဒါဟာမေရှိယဘယ်အချိန်လာပြီးသူလာတဲ့အချိန်ဖြစ်ပျက်မဲ့အရာကိုဖော်ပြထားတာပါ။ဆက်ပြီးအနာဂတ္တိစကားဟာ490နှစ်ကိုကာလသုံးခုခွဲပါသေးတယ်။၄၉နှစ်၊၄၃၄နှစ်နဲ့၊၇နှစ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အငယ်၂၅မှာ” ယေရုရှလင်မြို့ကိုတဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထပ်တိုင်အောင် ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်” လို့ဖော်ပြထားပါတယ်။ဆိုတော့ခုနစ်သိတင်းဆိုတာ7×7=49နှစ်ပါ။ခြောက်ဆယ်နှစ်သိတင်းဆိုတာမူရင်းမှာ62×7=434နှစ်ပါ။ဒီပဒုနှစ်ကာလပေါင်းတော့483နှစ်ပါ။တသိတင်းကတော့၇နှစ်ပါ။

ဘာရည်ရွှယ်ချက်ရှိလဲ?

ဒီသိတင်းခုနစ်ဆယ်(490နှစ်)ရဲ့ရည်ရွယ်ချက်ကအငယ်၂၄မှာဖော်ပြထားပါပြီ…

၁။လွန်ကျူးခြင်းအမှုကို ဆီးတားရန်

၂။အပြစ်ကို တံဆိပ်ခတ်ဖို့

၃။ဒုစရိုက်အပြစ်ကို ဖြေရှင်းဖို့

၄။ထာဝရကုသိုလ်ကို သွင်းစေဖို့

၅။ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်ဖို့။

၆။အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေဖို့…ဖြစ်ပါတယ်

ရည်ရွယ်ချက်၆ခုထဲမှာအထူးသဖြင့်အပြစ်ကိုဖြေရှင်းဖို့ဆိုတာယေရှုခရစ်တော်ကားတိုင်ပေါ်မှာပြီးမြောက်မဲ့အရာကိုဖော်ပြချင်တာဖြစ်ပါတယ်။(ရောမ3:25;ဟေဗြဲ2:17)။

ဘယ်ချိန်ဖြစ်လာမှာလဲ?

ကောင်းကင်တမန်ဂါဗေလစကားအရဆိုရင်ဂျေရုစလင်ဗိမာန်တော်ပြန်လည်တည်ဆောက်ဖို့အမိန့်ရတဲ့အချိန်ကဒီအနာဂတ္တိစကားအစပြုမှာဖြစ်ပါတယ်။သမ္မာကျမ်းစာကိုလှန်ကြည့်တဲ့အခါဂျေရုစလင်ဗိမာန်တော်ပြန်လည်တည်ဆောက်ဖို့အမိန့်ကနေဟမိမှတ်စာ၂:၁-၈အရပေရသိရှင်ဘုရင်အာတဇေရဇ်မင်းကြီးက445BCမှာအစပြုအမိန့်ပေးခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲဒီအမိန့်ကစပြီးမေရှိယအချိန်AD32ထိJewish calendarအရ483နှစ်ဖြစ်ပါတယ်။တနှစ်ကို၃၆၀ရက်တွက်နည်းနဲ့တွက်မယ်ဆိုရင်445BCနောက်ပိုင်းနှစ်ပေါင်း483နှစ်ထိလွန်ပြီးရင်ခရစ်တော်ကအသေသတ်ခြင်းကို ခံရလိမ့် မယ်ဆိုတဲ့သဘောပါ။(457BCကနေAD27-AD34ကာလဟာ483နှစ်လို့တွက်ချက်သူတွေလဲရှိပါတယ်)။ဒံယေလအနာဂတ္တိကျမ်း ၉:၂၆အရခရစ်တော်အသေခံပြီးနောက်သခင်တဦးရဲ့လူတွေဟာမြို့တော်ကို၎င်း၊ သန့်ရှင်းရာဌာနကို၎င်း ဖြိုဖျက်ကြလိမ့် မယ်လို့ဆိုထားခြင်းဟာAD70မှာဂျေရုစလင်ကျဆုံးပျက်ဆီးခြင်းကိုပြည့်စုံစေခဲ့တာပါ။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ဆိုတာရောမစစ်ဘုရင်တွေကနေဂျေရုစလင်ကိုသိမ်းပိုက်မဲ့အနာဂတ္တိစကားပါ။

သိတင်းခုနစ်ဆယ်ရဲ့နောက်ဆုံးတပတ်

ယနေ့ခေတ်အရပြောရရင်၊ဒံယေလအနာဂတ္တိကျမ်းကသိတင်းခုနစ်ဆယ်မှာသိတင်းခြောက်ဆယ့်ကိုးပြည့်စုံသွားခဲ့ပါပြီ။ဆိုလိုချင်တဲ့သဘောကဒံယေလ ၉း၂၄ ထဲမှာဖော်ပြထားသော အချက်များပြည့်စုံဖို့ ခုနစ်နှစ် တစ်လီ သာကျန်တော့တယ်။ကျမ်းပညာရှင်တွေကယနေ့ကျွန်ုပ်တို့ဟာသိတင်း၆၉-၇၀ကြားကာလမှာအသက်ရှင်နေကြတယ်လို့မှတ်ချက်ပေးကြပါတယ်။ဒီနောက်ဆုံး၇နှစ်ရောက်လာဖို့အနေအထားမှာပါ၊ဆိုတော့အခန်းကြီးး၉အငယ်၂၇အရနောက်ဆုံးကျန်သေးတဲ့ ခုနစ်နှစ်တစ်လီကို ဘေးဒဏ်ကြီးကာလဖြစ်ကြောင်းအနက်ပြန်ကျမ်းတွေမှာမှတ်ချက်ပေးကြပါတယ်။သဘောက သားရဲဟာယုဒလူမျိုးနဲ့ခုနစ်နှစ်အတွင်းသဘောတူစာချုပ်ဆိုလိမ့်မယ်၊သိတင်းတစ်ပတ် အလယ် (ဘေးဒဏ်ကြီးကာလ၏ ၃ ၁/၂နှစ်၊)မှာတော့သားရဲကဘဲပြန်ချိုးဖျက်မဲ့သဘောပါ။ဗျာဒိတ် ၁၃ ထဲမှာထိုသားရဲသည် မိမိပုံသဏ္ဍာန် ရုပ် တုကို တည်ဆောက်ကာ လူတွေကို ကိုးကွယ်စေလိမ့်မည်လို့ ဖော်ပြထားသလို၊ဗျာဒိတ်ကျမ်း ၁၃း၅ မှာလဲထိုကာလသည် ၄၂ လ၊ ၄င်းသည် သုံးနှစ်ခွဲ ကြန့်ကြာလိမ့်မည်လို့ ဖော်ပြထားပါတယ်။ ဒံယေလ ၉း၂၇ ထဲမှာထိုအချိန်သည် သိတင်း၏အလယ်ခန့်တွင်ဖြစ်ပျက်လိမ့်မည်လို့ ဖော်ပြထားပြီး၊ဗျာဒိတ် ၁၃း၅ ထဲမှာတော့သားရဲက ၄၂ လအတွင်း ထိုအမှုပြုလိမ့်မည်လို့ဖော်ပြထားတဲ့အတွက် အချိန်စုစုပေါင်းဟာ ၈၄ လ (သို့) ခုနစ်နှစ် ကြာမယ်လို့ပြောခြင်းဖြစ်ပါတယ်။ ဒံယေလ ၇း၂၅ ကိုလည်းဆင်ခြင်ကြည့်ပါ…“အချိန်၊ အချိန်၊ အချိန်တစ်၀က်” (အချိန်= ၁ နှစ်၊ အချိန်=၂ နှစ်၊ တစ်၀က်= ၆လ၊ စုစုပေါင်း ၃နှစ်ခွဲ နှစ်)ဖြစ်ပါတယ်။ “ကြီးမားသော ဘေးဒဏ်ကြီးကာလ” ကိုဖော်ပြလိုခြင်းဖြစ်ပါတယ်။ ခုနစ်နှစ်ကာလရဲ့နောက်ဆုံး သုံးနှစ်ခွဲအတွင်း သားရဲဟာအလွန် တန်ခိုးကြီးလာမဲ့အနေအထားပါ။နောက်ပြီးဘေးဒဏ်ကြီးကာလနဲ့ပတ်သတ်ပြီး ဗျာဒိတ် ၁၁း၂-၃ မှာ၁၂၆၀ ရက်နဲ့ ၄၂ လ ဖြစ်ကြောင်း ဖော်ပြထားသလို၊ ဒံယေလ ၁၂း၁၁-၁၂ ထဲမှာ ၁၂၉၀ ရက် နဲ့ ၁၃၃၅ ရက်ဖြစ်တယ်လို့ ဖော်ပြထားပါသေးတယ်။ဒါကတော့ဘေးဒဏ်ကြီးကာလ အလယ်ပိုင်းကို ဖော်ပြလိုခြင်းဖြစ်နိုင်ပါတယ်။ ဒံယေလ ၁၂ ထဲမှာ ရှိတဲ့နေ့ရက်တွေကတော့ လူမျိုးများအတွက် တရား စီရင်ခြင်းအဆုံးပိုင်းလည်းဖြစ်နိုင်ပါတယ် (မဿဲ ၂၅း၃၁-၄၆)။ ဒါဟာခရစ်တော်အနှစ်တစ် ထောင်အုပ်စိုးဖို့ပြင်ဆင်ထားတဲ့အချိန်လည်းဖြစ်ပါတယ် (ဗျာဒိတ် ၂၀း၄-၆)။

နိဂုံး

ဒံယေလအနာဂတ္တိကျမ်းကသိတင်းခုနှစ်ဆယ်၊ခုနစ်သိတင်း၊ခြောက်ဆယ်နှစ်သိတင်း၊တသိတင်းဆိုတာရှုပ်ထွေးသလိုနဲ့အင်မတန်တိကျလှတဲ့အရာပါ။ဒီကျမ်းချက်နဲ့ပတ်သတ်ပြီးကျမ်းပညာရှင်တွေအမျိုးမျိုးမှတ်ချက်ပေးကြပါတယ်၊နေ့ရက်ကာလနဲ့ပတ်သတ်ပြီးမတူညီတဲ့တွက်ချက်မှုလဲရှိနေကြပါတယ်။ဒါပေမဲ့ဘယ်လိုဘဲဖြစ်ပါစေကျွန်ုပ်တို့သိထားရမှာကယနေ့ဘုရားသခင်ဟာသူ့အချိန်နဲ့သူအတိကျအလုပ်လုပ်ကြောင်းသေချာပါတယ်။အစကနေဘုရားသခင်ဟာအဆုံးကိုကြိုသိနေတဲ့ဘုရားဆိုတာပါ(ဟေရှာယ46:10)။ဒီတော့ယုံကြည်သူတွေအနေနဲ့ဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံပြီးအသက်ရှင်သောသူများဖြစ်ဖို့သာလိုအပ်ပါသည်။ဖတ်ရှုသူအယောက်ဆီတိုင်းကိုဝိညာဉ်တော်မှနားလည်နိုင်သောအခွင့်ပေးပါစေ၊အာမင်။ 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်