စနေ, ဧပြီ 20, 2024

ပဌာနာတော် (အပိုင်း ၅)

အသက်မွေးလောက်သောအစာကိုအကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။ (မဿဲ ၆:၁၁)

ပဌာနာတော်ရဲ့ဆုတောင်းခြင်းအားလုံးထဲမှာဝိညာဉ်ရေးရာအတွက်တာများပြီး၊ကိုယ်ကာယအတွက်တော့ဒီနံပတ်ငါးတခွန်းတည်းရှိပါတယ်။ဒါဟာဘုရားသခင်ကျွန်တော်တို့ဝိညာဉ်ရေးကိုဘဲဂရုစိုက်တာမဟုတ်၊ကိုယ်ခန္ဓာအတွက်လဲဂရုစိုက်ကြောင်းပေါ်လွင်စေပါတယ်။

အသက်ရှင်နေထိုင်ဖို့အစာကိုလိုအပ်ပါတယ်၊ဒါပေမဲ့ချမ်းသာကြွယ်ဝဖို့တောင်းခိုင်းတာမဟုတ်ဘူး၊ဒီနေရာမှာအကောင်းဆုံးသာဓကတခုကသုတ္တံကျမ်း၃၀း၇-၉က ယာကေသားအာဂုရရဲ့ဆုတောင်းခြင်းပါဘဲ။သူကဆုနှစ်ခုတောင်းခဲ့တယ်၊ “ ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်” တဲ့၊ “ အသက်မွေးလောက်သော အစာကိုသာ ပေးတော်မူပါ” ဆိုပြီးပေါ့။ဘာလို့လဲဆိုတော့ ကြွယ်ဝနေရင်ဘုရားကိုမေ့ပြီးငြင်းမိမှာစိုးရိမ်လို့၊ သို့မဟုတ်၊ ဆင်းရဲနေရင်လဲသူ့ဥစ္စာခိုးမိပြီးဘုရားနာမကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမိမှာစိုးရိမ်စရာရှိလို့ပါတဲ့။ဒါဟာကျနော်တို့ဆင်ခြင်သင့်တဲ့အရာပါ။

နောက်တခုက” ယနေ့” ပေးသနားတော်မူပါဆိုတာ…အငယ်၃၄ကပြောတဲ့” နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်” ရဲ့ရှေ့ပြေးစကားပါ။လုကာမှာ-နေ့ရက်စဉ်တိုင်းလို့ရေးထားပေမယ့်တရက်သာစားဖို့အတွက်ပါဘဲ။ဘုရားအဓိကဂရုစိုက်တာသင်လက်ရှိအချိန်ဘဲဖြစ်တယ်၊လူတိုင်းအမြဲတမ်းအရေးကြီးဆုံးချိန်ကလဲလက်ရှိအချိန်ဘဲဖြစ်တယ်။နက်ဖြန်အတွက်စိုးရိမ်မနေဘဲ၊ယနေ့အတွက်အကောင်းဆုံးအသက်ရှင်ဖို့ပါဘဲ။

နောက်ဆုံးတချက်သတိထားရမှာက” ကျွန်ပ်တို့” ဆိုတဲ့စကားလုံးဘဲဖြစ်တယ်။ငါတယောက်ထဲစားရဖို့ဘဲတောင်းခိုင်းတာမဟုတ်ဘူး၊အများအတွက်ပါတောင်းခိုင်းတာဖြစ်တယ်။အများအတွက်ဆုတောင်းခြင်းကလက်တွေ့လုပ်ဆောင်ခြင်းနဲ့တထပ်ထဲဖြစ်ရမယ်လို့ကျမ်းစာကသွန်သင်ထားတယ်။ပုံလေးတခုနဲ့ပြောရင်ပိုနားလည်လွယ်မယ်… တခါကအသင်းတော်လူကြီးတစ်ယောက်၊သူ့အခန်းထဲမှာဒူးထောက်မျက်ရည်ကျပြီးစားစရာမရှိတဲ့အိမ်ဘေးကဒုက္ခသည်တွေအတွက်ဆုတောင်းနေသတဲ့၊ဒါကိုမြေးလေးကတွေ့တော့သူ့နောက်ကနေသူ့ပုခုံးလေးပုတ်လိုက်ပြီး” မငိုပါနဲ့အဖိုး၊အဖိုးဂိုဒေါင်ထဲကလှောင်ထားတဲ့ဆန်ဝေပေးလိုက်ရင်သူတို့စားစရာရှိပြီလေ” ဟူ၍ပင်။

ချစ်သောမိတ်ဆွေ၊ဒါဟာ ရှင်ယာကုပ်ဩဝါဒစာ ၂:၁၅မှာပြောသလိုပါဘဲ…” ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍နေ့တိုင်းစားရသောအစာမရှိသောအခါ၊သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊သူတို့ကိုယ်နှင့်တော်လျော်သောအသုံးအဆောင်ကိုမပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း” ။

ချစ်သောမိတ်ဆွေ၊အသက်မွေးလောက်သောအစာကိုပေးဖို့တောင်းလိုက်တိုင်းဆင်ခြင်ရမှာကငါချမ်းသာကြွယ်ဝဖို့အတွက်ဘဲတောင်းနေသလား?ဝိညာဉ်အစာထက်စားဝတ်နေရေးကိုစိုးရိမ်နေသလား?ကိုယ်ဝရင်ပြီးရောဆိုပြီးငတ်နေသောသူကိုမကျွေးမွေးဘူးလား?ဒါဟာပဌာနာတော်ဆုတောင်းလိုက်တိုင်းဆင်ခြင်သတိရမဲ့အရာဘဲဖြစ်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်