စနေ, ဧပြီ 20, 2024

ဖြောင့်မတ်ခြင်းကြောင့်ညှဉ်းဆဲခံရသူ(တောင်ပေါ်ဒေသနာ၈)

အခြေပြုကျမ်း-မဿဲ ၅:၁၀-၁၂
ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍မမှန်ဘဲလျက်အပြစ်တကာတင်ကြသောအခါ၊သင်တို့သည်မင်္ဂလာရှိကြ၏။ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည်ကြီးလှပေ၏။သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။

နိဒါန်း
ညီကိုမောင်နှမတို့ခရစ်တော်၌မင်္ဂလာပါ။ခရစ်ယာန်တစ်ယောက်အနေနဲ့ဘုရားသခင်ပေးထားတဲ့ကတိတော်အရ၊ခံစားရမဲ့ကောင်းကြီးမင်္ဂလာအများကြီးရှိနေပါတယ်။အထူးသဖြင့်သခင်ယေရှုကိုယ်တိုင်တောင်ပေါ်မှာပြောခဲ့တဲ့မင်္ဂလာ၈ပါးပါဘဲ။ဒါကိုကျွန်တော်တို့အချိန်၈ရက်ယူပြီးဝေငှလာခဲ့တာဒီနေ့မနက်မှာဆိုရင်နောက်ဆုံးမင်္ဂလာတပါးကိုရောက်လာခဲ့ပါပြီ။ခုနဖတ်သွားတဲ့အခြေပြုကျမ်းအရမင်္ဂလာ၈ပါးထဲကနောက်ဆုံးတစ်ပါးဟာဖြောင့်မတ်ခြင်းတရားကြောင့်နှောင့်ရှက်ညှဉ်းဆဲခြင်းကိုခံရသောသူဘဲဖြစ်ပါတယ်။တနည်းအားဖြင့်ခရစ်တော်ကြောင့်ညှဉ်းဆဲခံရသူတွေက်ုဆိုလိုတာပါ။ဒီလိုလူတွေရမဲ့ကောင်းကြီးမင်္ဂလာကတော့ကောင်းကင်နိုင်ငံဘဲဖြစ်ပါတယ်။

၁။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကိုခံရသောသူဆိုတာဘာလဲ?
ဒီနေရာကဖြောင့်မတ်ခြင်းဆိုတာဘာလဲ?ကျွန်တော်တို့ဒီဖြောင့်မတ်ခြင်းကိုတခါရှင်းဘူးပါတယ်၊ဖြောင့်မတ်ခြင်းဆိုတာဘုရားသခင်ကိုရည်ညွန်းနေခြင်းဘဲဖြစ်တယ်၊ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကသာဖြောင့်မတ်ခြင်းရဲ့အရင်းအမြစ်ပါ။ဒါကြောင့်ဒီနေ့ကျမ်းချက်ရဲ့အဓိပ္ပာယ်ဟာဘုရားသခင်အတွက်ကြောင့်၊ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကြောင့်ညှဉ်းဆဲခံရခြင်းဘဲဖြစ်ပါတယ်။ဒီဖြေရှင်းချက်ကိုအငယ်၁၁မှာဒီလိုပြန်တွေ့ရပါတယ်၊ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍မမှန်ဘဲလျက်အပြစ်တကာတင်ကြသောအခါ၊သင်တို့သည်မင်္ဂလာရှိကြ၏။ဒီမှာပိုရှင်းပါတယ်ညီကိုမောင်နှမတို့၊ငါ့ကြောင့်ဆိုတာယေရှုကြောင့်ဖြစ်ပါတယ်။အခြားအရာတွေကြောင့်ခံရတဲ့ညဉ်းဆဲခြင်းမျိုးလုံးဝမဟုတ်ပါ။ကိုယ့်သဘောနဲ့ကိုယ်ရှာလာတဲ့ပြဿနာကြောင့်မင်္ဂလာရှိတယ်လို့တော့ပြောလို့မရပါ။ဥပမာတခုအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ငယ်ငယ်တုန်းကတရုတ်ကျောင်းတက်တာစာမကြိုးစားခဲ့ပါဘူး၊ခြောက်တန်းမှာကျောင်းထွက်ခဲ့တယ်၊သုံးလေးနှစ်ကြာတော့ပြန်လာပြီး၇တန်းတက်တော့အင်မတန်ကြိုးစားအားထုတ်ခဲ့ရပါတယ်၊ဆိုတော့တကယ်ဘဲဒီကျောင်းစာတွေကကိုယ့်ကိုလာဖိနှိပ်ညဉ်းဆဲနေသလိုခံစားခဲ့ရရတယ်၊အဲဒီနှစ်မှာခက်ခက်ခဲခဲအားစိုက်ပြီးကြိုးစားခဲ့ရပါတယ်၊ဒါပေမဲ့ဒီအခက်ခဲတွေဟာဘုရားသခင်အတွက်၊ဖြောင့်မတ်ခြင်းအတွက်ကြောင့်ခံရတာလား၊လုံးဝမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့ပေါ့စမှုမကြိုးစားမှု၊နောက်ဆုံးပြောရရင်ကိုယ့်အမှားကြောင့်သာခံနေရတာပါ၊ဒါမျိုးခံရလို့မင်္ဂလာရှိတယ်လို့တော့မခံယူမိစေကြပါနဲ့။ဘုရားအတွက်ခံနေရတာလား?အခြားအရာတွေကြောင့်လားဆိုတာနားလည်ပြီလို့ထင်ပါတယ်။အကယ်၍သင့်အသက်တာမှာခံနေရတဲ့ညဉ်းဆဲခြင်းတွေဟာယေရှုခရစ်တော်ကြောင့်သာဆိုရင်သင်ဟာမင်္ဂလာရှိသောသူဘဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သခင်ဟာသင့်အခြေအနေကိုအကုန်သိသောသူဖြစ်လို့သင့်ကိုကောင်းကြီးပေးပါလိမ့်မည်။အထူးသဖြင့်သမ္မာကျမ်းစာထဲကမယ်တော်မာရိလိုပေါ့၊ကယ်တင်ရှင်မွေးဖွားဖို့ရန်အတွက်အရှက်သိက္ခာကိုရင်းခဲ့ရတယ်၊ကုန်ကုန်ပြောရရင်အသက်ပါသေသွားနိုင်တဲ့အထိပါ၊ဒါပေမဲ့မာရိဟာဒီကယ်တင်ခြင်းမဟာစီမံကိန်းမှာပါဝင်ပေးဆပ်ခဲ့ပါတယ်။ဒါကြောင့်ကျမ်းစာကသူ့ကိုမင်္ဂလာအရှိဆုံးအမျိုးသမီးအဖြစ်တင်စားထားတာပါ။ဒါဟာဖြောင့်မတ်ခြင်းတရားကြောင့်နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရခြင်းတမျိုးပါဘဲ။

၂။ဘာကြောင့်ညဉ်းဆဲခံရတာလဲ?
ယနေ့ယုံကြည်သူခရစ်ယာန်တွေကဘာလို့ဖြောင့်မတ်ခြင်းကြောင့်ညဉ်းဆဲခံရတာလဲ?ယေရှုကိုယုံကြည်လိုက်တာနဲ့အရာရာအဆင်ပြေနေရမှာမဟုတ်ဘူးလား?ယေရှုကိုယုံကြည်လိုက်တာနဲ့ကျမ်းမာချမ်းသာတာမကောင်းဘူးလား?ချစ်သောညီကိုမောင်နှမတို့ယနေ့သမ္မာကျမ်းစာကိုလေ့လာတဲ့အခါမှာသူ့ကိုယုံကြည်လိုက်လို့အခက်ခဲမရှိတော့ဘူးဆိုပြီးမပြောထားပါဘူး၊ယေရှုကလဲငါ့ကိုယုံရင်အရာရာအကုန်အဆင်ပြေချောမွေ့နေမယ်လို့ဘယ်တော့မှမပြောခဲ့ဘူးပါ။ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃မှာယေရှုကဘယ်လိုတောင်ဖော်ပြထားသလဲဆိုရင်သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။လို့ဆိုထားပါတယ်၊သို့သော်လည်းမစိုးရိမ်ကြနှင့်။ တဲ့ယေရှုဟာလောကကိုအောင်တဲ့အရှင်ဖြစ်တဲ့အတွက်သူ့ကိုယုံကြည်လက်ခံသောသူတွေလဲဒီအခက်ခဲကိုအောင်မြင်မှာဖြစ်ကြောင်းနားလည်ရပါတယ်။ဒါဆိုရင်ယုံကြည်သူခရစ်ယာန်တွေအသက်တာမှာလာလို့အခက်ခဲတွေရင်ဆိုင်နေရတာလဲ?ဘုရားသခင်ကဘာရည်ရွယ်ချက်ရှိနေတာလဲ?သမ္မာကျမ်းစာကိုသေချာလေ့လာလိုက်တဲ့အခါမှာများသောအားဖြင့်အခက်ခဲဒုက္ခဆင်းရဲခြင်းတွေဟာအရေခြုံထားတဲ့ကောင်းကြီးတွေဖြစ်ကြောင်းတွေ့ရပါတယ်။ဘုရားသခင်ကဒီအရာတွေနဲ့သူ့သားသမီးတွေခံနိုင်ရည်ရှိအောင်လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်၊ဒါကြောင့်ဒီနေ့သင်ဟာအခက်ခဲကြားကနေဆုတောင်းမယ်ဆိုရင်ဒီအခက်ခဲကိုမကြုံပါစေနဲ့လို့ဆုတောင်းတာထက်ဒီအခက်ခဲတွေကိုရင်ဆိုင်နိုင်ဖို့ခွန်အားပေးပါလို့တောင်းခံသင့်ပါပေတယ်။ဘာကြောင့်လဲဆိုတော့ဒီအခက်ခဲတွေအားဖြင့်ဘုရားသခင်ကသင့်ကိုကြီးထွားစေချင်တာဖြစ်ပါတယ်၊နောက်ပြီးယနေ့ကျွန်တော်တို့တခုသိထားရမှာကဘုရားသခင်ဟာကျွန်တော်တို့မခံနိုင်တဲ့အခက်အခဲကိုပေးမှာမဟုတ်ပါဘူး၊သင်နဲ့ကျွန်ုပ်ရဲ့ဆံပင်ကိုတောင်ရည်တွက်ပြီးဖြစ်လို့သင်စိတ်ချသာထားပါ၊သူ့အခွင့်မရှိရင်ဘယ်အရာကမှသူ့သားသမီးပေါ်မသက်ရောက်နိုင်ပါဘူး။ဒါကြောင့်အခက်ခဲဆိုတာဘုရားသခင်ကပေးတဲ့လေ့ကျင့်ရေးသာဖြစ်ပါတယ်၊တခါတလေအခက်ခဲမရှိရင်လူတွေကဘုရားကိုမေ့တတ်ကြပါတယ်၊အခက်ခဲလေးရှိနေတော့ဘုရားကိုပုံမှန်ထက်ဆုတောင်းလာကြတာဟာကောင်းကြီးတမျိုးပါဘဲ။ဒါတွေဟာယနေ့ယုံကြည်သူတွေဘာကြောင့်ဖြောင့်မတ်ခြင်းကြောင့်ညဉ်းဆဲခံနေရသလဲဆိုတဲ့အချက်ဖြစ်ပါတယ်။

၃။ဘာကောင်းကြီးရမှာလဲ?
ဖြောင့်မတ်ခြင်းကြောင့်ညဉ်းဆဲခံရတဲ့လူတွေကိုသမ္မာကျမ်းစာကမင်္ဂလာရှိသောသူလို့ခေါ်ဝေါ်သမုတ်ထားပါတယ်။ဘယ်လိုမင်္ဂလာရှိနေတာလဲ?ယေရှုခရစ်တော်ကြောင့်အခက်ခဲဒုက္ခတွေကြုံလာတာမင်္ဂလာဆိုရင်ဘာမင်္ဂလာလဲ?ဒီအရာကိုသေချာနားလည်ထားသင့်ပါတယ်၊ဘာလို့လဲဆိုတော့ယနေ့ယုံကြည်သူတွေအမေးများတဲ့မေးခွန်းကဘုရားသခင်ဟာချစ်ခြင်းမေတ္တာဖြစ်တယ်ဆိုရင်ဘာလို့သူ့ကိုယုံကြည်သူတွေဒုက္ခဆင်းရဲခံနေရတာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်၊ဒီမေးခွန်းကိုရှေ့မှာတချို့ဖြေခဲ့ပြီးပါပြီ၊ဒီအခက်ခဲတွေကလေ့ကျင့်ပေးနေခြင်းဖြစ်သလိုဘုရားသခင်ကိုပိုနီးကပ်လာစေဖို့ဘဲဖြစ်ပါတယ်။ဒီလိုလူတွေကိုဘုရားသခင်ကကောင်းကင်နိုင်ငံကိုအမွေပေးထားတယ်လို့ကျမ်းစာကဖော်ပြထားပါတယ်။ရှင်ပေါလုကလဲသူ့စာစောင်မှာဒီခေတ္တသာဖြစ်တဲ့ဆင်းရဲဒုက္ခဟာထာဝရကာလအတွက်ဘုန်းတန်ခိုးဖြစ်စေတယ်လို့ဆိုထားပါတယ်။ယနေ့ယုံကြည်သူတွေခရစ်တော်ကြောင့်ဒုက္ခဆင်းရဲခံနေရရင်လုံးဝမညည်းငြူမိပါစေနဲ့၊ဒါဟာမင်္ဂလာတပါးမို့ဖြစ်ပါတယ်၊ကောင်းကင်ကိုအမွေရမဲ့သူဖြစ်ကြောင်းသက်သေရတာဘဲဖြစ်ပါတယ်။ဒါဟာဆုလာဒ်သရဖူပါဘဲ။အားလုံးသတိထားမိပါသလား၊တောင်ပေါ်ဒေသနာမင်္ဂလာ၈ပါးရဲ့ပထမဆုံးမင်္ဂလာဟာလဲကောင်းကင်နိုင်ငံဟာသူတို့အတွက်ဖြစ်တယ်ဆိုထားသလို၊ယနေ့နောက်ဆုံးမင်္ဂလာတပါးဟာလဲကောင်းကင်နိုင်ငံတော်ဟာထိုသူတို့နိုင်ငံဖြစ်တယ်ဆိုထားပြန်ပါတယ်။အပြင်ပန်းကြည့်ရင်ရတဲ့ကောင်းကြီးမင်္ဂလာခြင်းတူပေမဲ့သေချာလေ့လာကြည့်ရင်မတူပါဘူး၊ရှေ့တခုကစိတ်ဝိညဉ်ထဲဆင်းရဲခြင်းကိုမြင်ပြီးယေရှုခရစ်တော်ကိုလက်ခံယုံကြည်လို့ထာဝရအသက်ရပြီးကောင်းကင်နိုင်ငံဝင်စားရတာဖြစ်ပါတယ်။ခုနောက်ဆုံးတခုကခရစ်ယာန်အသက်တာမှာဘုရားအလိုတော်အတိုင်းလိုက်လျှောက်အသက်ရှင်ပြီးအောင်မြင်သောတိုက်လှန်ခြင်းကိုပြုပြီးရလာတဲ့ဆုလာ ဒ်ဖြစ်ပါတယ်။ဒီဆုလာဒ်ဟာကောင်းကင်နိုင်ငံသားဖြစ်ခွင့်ရရုံသာမကပါဘူး၊ကောင်းကင်ဘုံထဲမှာကြီးစွာသောအကျိုးကိုရမယ်လို့ကျမ်းစာကဖော်ပြထားပါတယ်။ဒါဟာဖြောင့်မတ်ခြင်းကြောင့်ညဉ်းဆဲခံရတဲ့လူတွေရမဲ့ကောင်းကြီးမင်္ဂလာဘဲဖြစ်ပါတယ်။ဟာလေလုယာ။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့ဝေငှသွားတဲ့နုတ်ကပတ်တော်အားဖြင့်၊ခွန်အားရမယ်လို့ယုံကြည်ပါတယ်၊သင်ဟာခရစ်တော်ကြောင့်အမျိုးမျိုးသောညဉ်းဆဲခြင်းကိုခံရတဲ့အခါစိတ်ဓာတ်မကျပါနဲ့၊ဝမ်းမနည်းပါနဲ့၊သင်ပျော်ရွှင်ဝမ်းမြောက်သင့်ပါတယ်၊ဘာလို့လဲဆိုတော့ဒီအခက်ခဲညဉ်းဆဲမှုတွေအားဖြင့်သင်ဟာမင်္ဂလာရှိသောသူဖြစ်ကြောင်းသက်သေထူနေတာဘဲဖြစ်ပါတယ်၊ဟာလေလုယာ။ဘာကြောင့်လဲဆိုတော့ဒီနေ့ဖတ်သွားတဲ့ကျမ်းချက်မှာ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍မမှန်ဘဲလျက်အပြစ်တကာတင်ကြသောအခါ၊သင်တို့သည်မင်္ဂလာရှိကြ၏။ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည်ကြီးလှပေ၏။လို့ဖော်ပြထားတဲ့အတွက်ကြောင်ဘြဲဖြစ်ပါတယ်။ဒါကြောင့်ယနေ့နုတ်ကပတ်တော်ကိုနားဆင်နေသူအယောက်ဆီတိုင်းရဲ့အသက်တာမှာအောင်မြင်သောဆုလာဒ်ရသောယုံကြည်သူများဖြစ်ပါစေလို့ဆုတောင်းရင်းနူတ်ကပတ်တော်ကိုဤမျှလောက်နဲ့ရပ်နားပါရစေ။အားလုံးအပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်