စနေ, ဧပြီ 20, 2024

ဘုရားကိုချစ်ခြင်းသက်သေနှစ်မျိုး


အခြေပြုကျမ်း-၁ယော၄:၁၉-၂၁၊ယော၁၄:၂၁-၂၃၊

နိဒါန်း

အားလုံးခရစ်တော်၌မင်္ဂလာပါ။ခရစ်ယာန်ယုံကြည်မှုရဲ့အဓိကသွန်သင်ချက်ဟာချစ်ခြင်းမေတ္တာပေါ်အခြေပြုထားတာဖြစ်ပါတယ်။ဘုရားသခင်ကိုချစ်ခြင်းဆိုတာယုံကြည်သူတိုင်းမှာရှိရမယ့်အရာဖြစ်ပါတယ်။ဓမ္မာဟောင်းထဲကသွန်သင်တဲ့ပညတ်တော်ဆယ်ပါးထဲသော်လည်းကောင်း၊ဓမ္မာသစ်ထဲက၁၀ပါးကိုအကျဉ်းချုပ်ပြီးသွန်သင်တဲ့အချက်နှစ်ချက်သော်လည်းကောင်းဘုရားသခင်ကိုချစ်ဖို့အဓိကပညတ်ထားပါတယ်။ယုံကြည်သူတွေဟာဘုရားကိုချစ်နေမှလဲကျွန်တော်တို့ရထားတဲ့ကယ်တင်ခြင်းကျေးဇူးနဲ့ကိုက်ညီမှာဖြစ်ပါတယ်။

ဘာကြောင့်ဘုရားကိုချစ်ရတာလဲ

ဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းသူဖြစ်သလို၊ကျွန်တော်တို့ကိုလဲအရင်ချစ်ခဲ့သူဖြစ်ပါတယ်။ကျွန်တော်တို့လူသားတွေစကားနားမထောင်ဘဲအပြစ်လုပ်ခဲ့ပေမယ့်သူ့အချစ်ကမကုန်ဘဲအသက်ပေးပြီးချစ်ခဲ့သလို၊ခုထိလဲချစ်နေဆဲဖြစ်ပါတယ်။ဒါဆိုဒီအချစ်ကိုလူ့ဖက်ကဘယ်လိုတုန့်ပြန်မလဲ?ဘုရားသခင်ကိုတန်ုပြန်ချစ်ခြင်းအားဖြင့်တုန့်ပြန်ရမှာဖြစ်ကြောင်းကျမ်းစာကဆိုထားပါတယ်၊ဘာလို့လဲဆိုတော့ဘုရားသခင်ဟာလူတိုင်းကိုသူ့ကိုတန်ပြန်လွတ်လပ်စွာချစ်လာဖို့လိုလားလို့ပါ။ဒါဆိုရင်ဘုရားသခင်ကိုဘယ်လိုချစ်ရမလဲ?ဘယ်လိုလုပ်မှဘုရားသခင်ကိုချစ်ရာရောက်မလဲ?အချက်၂ချက်နဲ့ခွန်အားပေးချင်ပါတယ်။

၁။ဘုရားစကားကိုနားခံလိုက်လျှောက်ပါ။

ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၃မှာ” ယေရှုက၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။”
အငယ်၂၄မှာ” ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။” လို့ယေရှုကိုယ်တိုင်ရှင်းရှင်းလေးပြောထားပါတယ်။ ဆိုတော့ဘုရားကိုဘယ်လိုချစ်ရမလဲ?အဖြေကတော့ဘုရားစကားနာခံလိုက်လျှောက်ခြင်းပါဘဲ။ချစ်သောညီကိုမောင်နှမတို့ယနေ့သင်ဟာဘုရားကိုချစ်တဲ့သူဆိုရင်ပါးစပ်ကဘဲချစ်တယ်ဆိုရုံမဟုတ်ဘဲလက်တွေ့အသက်တာမှာသမ္မာတရားအားဖြင့်အသက်ရှင်ဖို့လိုပါတယ်။ ယနေ့ကျွန်တော်တို့သမ္မာကျမ်းစာအကြိမ်ကြိမ်ဖတ်တယ်၊တရားဒေသနာပေါင်းမြောက်များစွာနားထောင်တယ်၊မှန်တယ်လို့လဲဝန်ခံတယ်၊ဒါပေမယ့်ဒီအရာတွေကိုလက်တွေ့အသက်တာမှာဘယ်လောက်အသက်ရှင်လိုက်လျှောက်ပြီလဲ?ရှင်မသဲ၇:၂၁-၂၃မှာတော့ယေရှုကငါ့ကိုသခင်သခင်လို့ပါးစပ်ကခေါ်သူတိုင်းလိုလိုကောင်းကင်ရောက်မှာမဟုတ်ဘူးလို့ဒဲ့ပြောထားပါတယ်။ဒါဆိုဘယ်သူတွေဝင်ရနိုင်လဲ?ယေရှုက” ခမည်းတော်ရဲ့အလိုတော်ကိုဆောင်သောသူသာလျှင်” ဝင်ရမယ်တဲ့။ညီကိုမောင်နှမတို့ဒီနေရာမှာသခင်သခင်ဆိုပြီးအပြောဘဲမဟုတ်၊လက်တွေ့လိုက်လျှောက်သောသူကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ကိုတကယ်ချစ်ရင်သူ့စကားကိုနာခံလိုက်လျှောက်သောသူဖြစ်ရပါမယ်။ဒါဟာပထမသက်သေတခုပါ။

၂။လူတိုင်းကိုချစ်ပါ။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၂၀-၁၉မှာ” ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။တစုံတယောက်သောသူက၊ ငါသည် ဘုရားသခင်ကိုချစ်၏ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော ညီအကိုကိုမချစ်နိုင်ဘဲမမြင်ရသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။” လိူ့ဖော်ပြထားပ့တယ်။
ညီကိုမောင်နှမတို့၊ဘုရားသခင်ကိုချစ်ခြင်းသက်သေဒုတိယတမျိုးဟာမြင်နေရတဲ့လူတွေကိုချစ်ခြင်းပါဘဲ။ဘုရားကိုချစ်တယ်ဆိုရင်သူဖန်ဆင်းထားတဲ့လူတွေကိုချစ်နိုင်ရမယ်၊ချစ်စရာကောင်းသူကိုချစ်ရမှာဖြစ်သလိုချစ်စရာမကောင်းဘဲကိုယ့်ပေါ်မကောင်းတဲ့သူတွေကိုလဲထပ်တူချစ်ရမှာပါ။အကယ်၍ကျွန်တော်တို့တွေဟာကျွန်တော်တို့ပေါ်ကောင်းတဲ့သူကိုဘဲချစ်ပြီးကျွန်တော်တို့ပေါ်မကောင်းတဲ့သူကိုမချစ်နိုင်ဘူးဆိုရင်လူတိုင်းကိုချစ်ရာမရောက်တော့ပါ။ချစ်စရာကောင်းတဲ့သူကိုယ်နဲ့တည့်တဲ့သူကိုချစ်ရတာလွယ်ပါတယ်၊ခက်ခဲတာကချစ်စရာမကောင်းကိုယ်နဲ့အမြဲဆန့်ကျင်နေသူတွေကိုပါ၊ဒါအင်မတန်ခက်ခဲတယ်ဆိုပေမယ့်ယေရှုခရစ်တော်အားဖြင့်ချစ်နိုင်ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မြင်နေရတဲ့လူတွေကိုတောင်မချစ်နိုင်ဘဲဘုရားသခင်ကိုချစ်တယ်ပြောဆိုနေသူဟာလူလိမ်လူညာဘဲလို့ကျမ်းစာကဆိုပါတယ်။မိတ်ဆွေသင်ဒီနေ့ဘုရားရှေ့မှာလူလိမ်ဖြစ်နေပြီလား?အတူတကွဆင်ခြင်ကြပါစို့။လူတိုင်းကိုချစ်နိုင်မှဘုရားသခင်ကိုချစ်ကြောင်းသက်သေထူနိုင်မှာဖြစ်ပါတယ်။

နိဂုံး

ချစ်သောညီကိုမောင်နှမတို့၊သင်ဘုရားသခင်ကိုချစ်ပါသလား?ခရစ်ယာန်တိုင်းကတော့ချစ်ပါတယ်လို့ဖြေကြမှာသေချာပါတယ်။ဒါပေမယ့်ဒီနေ့ခွန်အားယူသွားတဲ့တရားဒေသနာအားဖြင့်ဆင်ခြင်ကြည့်ပါ၊အချက်နှစ်ချက်နဲ့ငါဘုရားသခင်ကိုချစ်လားဆိုတာသိနိုင်ပါလိမ့်မယ်။အဲဒါကတော့ဘုရားစကားကိုနာခံနေလား?လူတိုင်းကိုချစ်နေပြီလားဆိုတာပါဘဲ။ဒီနေ့ရဲ့ဒေသနာအားဖြင့်ဖတ်ရှုသူအားလုံးဘုရားကိုတကယ်လက်တွေ့ချစ်သောသူများဖြစ်ကြပါစေလို့ဆုတောင်းရင်းနိဂုံးချုပ်ပါရစေ။အားလုံးပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်