စနေ, ဧပြီ 20, 2024

ဘုရားဝတ်အမြဲနောက်ကျနေသူအတွက်ပေးစာ

ဘုရားဝတ်ပြုဖို့အမြဲနောက်ကျနေခြင်းနဲ့ဝတ်ပြုစည်းဝေးမပြီးသေးဘဲထွက်သွားခြင်းဟာယနေ့ယုံကြည်သူတွေအတွက်ဆင်ခြင်စရာတခုပါ။အသင်းတော်ဘုရားဝတ်မှာအစပြုဆုတောင်းတဲ့အချိန်ကစပြီးတရားဟောနေတဲ့အချိန်ထိလူတွေရောက်လာနေတတ်ပါတယ်၊ဒီရောက်လာနေတဲ့လူတွေကလဲအခြားလူမဟုတ်အသင်းသားဟောင်းကြီးတွေဖြစ်နေတာပါ။တချို့အသင်းတော်မှာဆိုရင်ဆရာ/မတွေကအစဘုရားဝတ်မှာနောက်ကျနေတတ်ကြပါတယ်။ဘာလို့နောက်ကျနေကြတာလဲလို့သေချာလေ့လာလိုက်တဲ့အခါမှာအကြောင်းပြချက်အမျိုးမျိုးပေးတတ်ကြပေမဲ့များသောအားဖြင့်အကျင့်ပါနေလို့သာဖြစ်ပါတယ်။ဘုရားကျောင်းအမြဲနောက်ကျနေသူတစ်ယောက်ဟာသူ့မှာနောက်ကျရခဲ့တဲ့အကြောင်းပြချက်သောင်းခြောက်ထောင်လောက်ရှိနေစမြဲပါ။ဒါပေမဲ့ဘုရားကျောင်းအမြဲစောစောလာနေကျလူတွေမှာတော့အခက်ခဲပေါင်းသောင်းခြောက်ထောင်လောက်ရှိနေရင်လဲအစောကြီးရောက်လာတတ်ပါတယ်။ဆိုတော့ဘုရားကိုဝတ်ပြုဖို့အမြဲနောက်ကျနေတဲ့သူတစ်ယောက်ဟာဘုရားသခင်ကိုအမှန်တကယ်ချစ်ကြောက်ရိုသေတဲ့သူဖြစ်နိုင်ပါ့မလားဆိုတာကတော့မိမိကိုယ်ကိုဆန်းစစ်သင့်ပါပေတယ်။

ဆရာကြီးစတီဗင်ထောင်ကတရားပွဲတခုမှာတရားဟောနေတုန်းလူတွေတချို့ဝင်လာပြီးရှေ့နောက်နေရာလာရှာနေတာတွေ့တော့ချက်ခြင်းမေးခွန်းထုတ်ခဲ့ပါတယ်…” ခင်ဗျားတို့ကရထားစီးရင်နောက်မကျရဲဘူး၊လေယာဉ်စီးရင်လဲနောက်မကျရဲကြဘူး၊ဘုရားဝတ်ပြုဖို့ကျတော့ဘာလို့နောက်ကျရဲကြတာလဲ?” ဟူ၍ပင်။
ဒီစကားဟာနားထောင်သူတွေအတွက်သိပ်မချိုသာပေမဲ့နှလုံးသားကိုဆူးနှစ်စေပြီးအမြင်လင်းစေတဲ့စကားပါ။မှန်ပါတယ်မိတ်ဆွေတို့၊ယနေ့ကျွန်တော်တို့တွေဟာခရီးသွားဖို့ကားစီးရင်မနောက်ကျရဲကြပါဘူး၊လေယာဉ်ဆိုတနာရီကြိုရောက်ရပါတယ်၊ရထားဆိုလဲကြိုရောက်မှဖြစ်မှာပါ။နောက်ပြီးမိမိအလုပ်ကိစ္စပညာရေးကိစ္စအခြားနေရာအတော်များများမနောက်ကျရဲကြပါဘူး၊ဒါပေမဲ့ယုံကြည်သူတွေဘုရားဝတ်မှာတော့နောက်ကျရဲကြတာဘာကြောင့်လဲ?
ဘုရားသခင်ကကိုယ့်အထက်လူကြီးလောက်အရေးမပါလို့လား?
ဘုရားသခင်ကကိုယ့်အလုပ်လောက်အရေးမကြီးလို့လား?
ဘုရားသခင်ကကိုယ့်ခရီးစဉ်လောက်တန်ဖိုးမရှိလို့လား?
ဘုရားသခင်ကကိုယ့်မိသားစုလောက်ချစ်စရာမကောင်းလို့လား?
ဘုရားသခင်ကကိုယ့်ပညာရေးလောက်အဆင့်မမှီလို့လား?

ယနေ့များစွာသောယုံကြည်သူတွေဟာကျောင်းနောက်ကျမှာကြောက်ကြ၊အလုပ်ချိန်နောက်ကျမှာကိုကြောက်ကြ၊လုပ်ဖော်ကိုင်ဖက်နဲ့ချိန်းထားတာနောက်ကျမှာကိုကြောက်ကြ၊သူငယ်ချင်းကိုကြောက်ကြ၊မိဘကိုကြောက်ကြ၊မိန်းမကိုကြောက်ကြ၊ယောင်္ကျားကိုကြောက်ကြနဲ့…အမျိုးမျိုးကြောက်နေတတ်ကြပါတယ်…ဒါပေမဲ့ဘုရင်တကာဘုရင်၊အရှင်တကာအရှင်၊ဘုရားတကာဘုရားသခင်ကိုဝတ်ပြုဖို့နောက်ကျမှာကိုတော့လုံးဝမကြောက်ကြတာဝမ်းနည်းစရာပါ။

တခါတလေမဖြစ်ချင်ဘဲနောက်ကျနေတယ်ဆိုရင်ထားပါတော့၊အမြဲတမ်းသို့မဟုတ်မကြာခဏနောက်ကျနေသူအတွက်တော့အင်မတန်သတိထားစရာပါဘဲ။ဒီလိုပြောလိုက်လို့ဘုရားကျောင်းအမြဲစောစောရောက်ပေမဲ့အသက်တာမပြောင်းလဲရင်ဘာထူးမှာလဲမေးကောင်းမေးပါလိမ့်မယ်၊ဒါပေမဲ့သိထားရမှာကယေရှုခရစ်၌အသက်တာပြောင်းလဲသောသူတစ်ယောက်ဟာဘုရားဝတ်မှာအမြဲနောက်ကျမှာမဟုတ်ဘူးဆိုတာပါဘဲ။ဘာကြောင့်လဲဆိုတော့သူ့ဘဝမှာဘုရားသခင်လောက်အရေးကြီးတာမရှိလို့ပါ။

ဒါကြောင့်ချစ်သောမိတ်ဆွေယနေ့သင်ဟာဘုရားဝတ်မှာဒီလိုအမြဲနောက်ကျနေတတ်တဲ့သူဆိုရင်ဒီစာတွေဟာသင့်အတွက်ဖြစ်ပါတယ်၊သင်အမြဲမနောက်ကျဘူးဆိုရင်လဲနောက်ကျနေသူထက်ပိုဖြောင့်မတ်သလိုမာန်မထောင်လွားပါနဲ့၊အားနည်းသောသူကိုဖေးမပါ၊ကိုယ်တိုင်နောက်ကျတတ်သူမျိုးမဖြစ်ပါစေနဲ့။ကျွန်တော်တို့အတူတကွဘုရားသခင်ကိုရိုသေချစ်ကြောက်တတ်ဖို့ဘုရားဝတ်မှာမနောက်ကျခြင်းနဲ့ဝတ်ပြုအပြီးထိပါဝင်ခြင်းကနေအစပြုကြပါစို့။ဘုရားသခင်အလင်းပြကောင်းကြီးပေးပါစေ။အာမင်။

ကျမ်းချက်
ဟေရှာယအနာဂတ္တိကျမ်း ၂၉:၁၃
ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်