စနေ, ဧပြီ 20, 2024

ဘုရားသခင်ပြင်ဆင်သောလက်နက်စုံ

(အခြေပြုကျမ်း ဧဖက်၆:၁၄-၁၈)

၁။သစ္စာတည်းဟူသောခါးပန်း

ခါးပန်းဆိုတာစစ်တိုက်တဲ့အခါစစ်တန်ဆာခိုင်ခံ့နေအောင်အဓိကထိန်းထားပေးတဲ့အရာဖြစ်တယ်၊ယုံကြည်သူတစ်ယောက်ရဲ့အသက်တာမှာလဲစာတန်ရဲ့ မုသာကိုအောင်နိုင်ဖို့ ဘုရားပေါ်ထားတဲ့သစ္စာတရားအမြဲခိုင်ခံ့နေဖို့လိုအပ်ပါတယ်။ဒီသစ္စာတရားဟာသမ္မာတရားကနေပေါက်ဖွားလာတဲ့လက်တွေ့လိုက်လျှောက်ခြင်းဘဲဖြစ်ပါတယ်။

၂။ဖြောင့်မတ်ခြင်းပါရမီဖြစ်တဲ့ရင်အုပ်

စစ်သားတစ်ယောက်အတွက်ရင်အုပ်တန်ဆာဆိုတာရန်သူရဲ့တိုက်ခိုက်ခြင်းအားဖြင့်အသက်မဆုံးရှုံးအောင်ကာကွယ်ဖို့ဖြစ်တယ်။ယုံကြည်သူတွေရဲ့ရန်သူဖြစ်တဲ့စာတန်ဟာလဲနည်းမျိုးစုံနဲ့ယုံကြည်သူကိုသေအောင်(ဘုရားနှင့်ဝေးအောင်)တိုက်ခိုက်နေပါတယ်၊ဒါပေမဲ့ဘုရားသခင်ဟာယေရှုခရစ်အားဖြင့်ယုံကြည်သောသူတိုင်းကိုဖြောင့်မတ်သူအဖြစ် ရင်အုပ်တန်ဆာဆင်ပေးခဲ့ပါပြီ။ထိုကြောင့်ဒီဖြောင့်မတ်ခြင်းရင်အုပ်ကိုအမှန်တကယ်ဝတ်ဆင်ထားပြီဖြစ်ကြောင်းအသက်တာမှာကောင်းသောအကျင့်ဖြင့်သက်သေထူဖို့ရန်သာဖြစ်ပါသည်။

၃။ငြိမ်သက်ခြင်းဧဝံဂေလိဖြစ်တဲ့ခြေစွပ်

ခြေစွပ်ဆိုတာအဓိကသွားလာဖို့အအတွက်ဖြစ်တယ်၊စစ်မြေပြင်မှာခြေစွပ်ရှိမှအန္တရာယ်ကင်းစွာပြေးနိုင်၊လွားနိုင်၊ခုန်နိုင်မယ်။ထို့အတူယုံကြည်သူခရစ်ယာန်တွေလောကမှာအသက်ရှင်နေခိုက်ဟာစာတန်နဲ့တိုက်နေရတဲ့စစ်မြေပြင်ဖြစ်တယ်၊ဒါကြောင့်အသက်တာမှာ၊သွားလာလှုပ်ရှားမှုတိုင်းမှာအန္တရာယ်ကင်းစေဖို့ငြိမ်သက်ခြင်းဧဝံဂေလိကိုအကုန်အစင်နားလည်သင်ယူထားရပါမယ်။ငြိမ်သက်ခြင်းဧဝံဂေလိဆိုတာခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းကောင်းကိုသေချာသိရှိထားပြီး လူတိုင်းကိုပြောဖို့အသင့်ရှိနေရခြင်းဖြစ်ပါတယ်။

၄။ယုံကြည်ခြင်းတည်းဟူသောလွှား

လွှားကိုကိုင်ဆောင်ရခြင်းဟာအဝေးကနေပစ်ခက်လာတဲ့မီးမြှားကိုကာဖို့ဖြစ်ပါတယ်။ဒီလက်နက်တွေဟာမထင်ရင်မထင်သလိုအဝေးကနေရောက်လာတတ်တဲ့အန္တာရာယ်မျိုးပါ။ဒီမီးလက်နက်ဟာစာတန်ရဲ့ချက်ချင်းဆိုသလိုရောက်လာတတ်တဲ့စုံစမ်းခြင်းပေါ့၊ဒီစုံစမ်းခြင်းကိုခြေဖျက်နိုင်ဖို့ယုံကြည်ခြင်းကိုအခြားလက်နက်ပေါ်ထပ်ဆင့်ယူထားရမှာဖြစ်ပါတယ်။ဘုရားသခင်ပေါ်၁၀၀%ယုံကြည်မှုထားရှိမှသာလျှင်ဘယ်လိုအခြေနေမျိုးမှာဘဲဖြစ်ဖြစ်အောင်နိုင်မှာဖြစ်ပါတယ်။

၅။ကယ်တင်ခြင်းတည်းဟူသောသံခမောက်လုံး

သံခမောက်ဆိုတာအဓိကဖြစ်တဲ့ဦးခေါင်းကိုကာကွယ်ဖို့ပါ။ဘာလို့ကယ်တင်ခြင်းတရားကိုဦးခေါင်းမှာအစဉ်တပ်ထားရမှာလဲဆိုတော့ စာတန်ရဲ့လှည့်ကွက်ထဲဝင်ပြီးကယ်တင်ခြင်းရလားမရလားအတွေးမျိုးဖြစ်မှာစိုးလို့ပါ။ယုံကြည်ပြီးကယ်တင်ခြင်းရခဲ့ပေမဲ့အသက်တာမှာအားနည်းမှုလေးရှိလာတဲ့အခါစာတန်ကနင်ကယ်တင်ခြင်းမရသေးဘူးဘဲဆိုပြီးအတွေးမျိုးထည့်ပေးလာတတ်ပါတယ်၊ဒါကိုချေဖြတ်ဖို့မိမိကိုယ်ကိုယ်ကယ်တင်ခြင်းရပြီးသူဖြစ်ကြောင်းခေါင်းထဲအမြဲတမ်းထည့်ထားရပါလိမ့်မည်။ကယ်တင်ခြင်းဆိုတာကိုယ်ကောင်းလို့ရတာမဟုတ်၊ကယ်တင်ခြင်းရလို့အသက်တာမှာကောင်းနေရတာပါ။

၆။နှုတ်ကပတ်တည်းဟူသောဝိညာဉ်တော်၏ဓား

ဓားဆိုတာရန်သူကိုတိုက်ဖို့အတွက်အရေးကြီးလက်နက်ပါ။ရန်သူလာတိုက်တာကိုကာကွယ်ဖို့အရေးကြီးသလိုထပ်မလာတိုက်နိုင်အောင်ရန်သူကိုအပြတ်ရှင်းဖို့လိုပါတယ်။ယုံကြည်သူအသက်တာမှာစာတန်ကိုအပြီးတိုက်ထုတ်ဖို့ဆိုရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့သမ္မာကျမ်းစာကိုသေချာနှလုံးသွင်းထားပြီးဝိညာဉ်တော်အားကိုးဖို့ဘဲလိုပါတယ်။ထိုမှသာလျှင်သခင်ယေရှုလို ကျမ်းစာလာသည်ကား ဆိုပြီးစာတန်ကိုအပြီးတိုက်ထုတ်နိုင်ပါလိမ့်မည်။ဝိညာဉ်တော်ဖော်ပြမှုအောက်ကနေသမ္မာကျမ်းစာကိုသေချာဖတ်ရှုနှလုံးသွင်းထားသူဟာဝိညာဉ်တော်ရဲ့ဓားကိုအမြဲဆောင်ထားသူဖြစ်ပါတယ်။

၇။စိတ်နှလုံးပါလျက်အစဉ်ဆုတာင်းခြင်း

ဒီအရာဟာလက်နက်အားလုံးပေါင်းပြီးထွက်လာမဲ့ခွန်အားလို့ကျမ်းပညာရှင်တွေဆိုထားပါတယ်။ဆုတောင်းခြင်းဆိုတဲ့နေရာမှာအဓိကအစဉ်မပြတ်တောင်းနေဖို့နဲ့စိတ်နှလုံးပါဖို့ကအရေးကြီးလှပါတယ်၊ဘာကြောင့်လဲဆိုတော့စာတန်ဟာလူကိုစိတ်မပါဘဲဆုတောင်းစေခိုင်းတတ်ပါတယ်။နောက်ပြီးဆုတောင်းတာတခါတလေတောင်းရင်ရပြီလေဆိုပြီးမြူဆွယ်တတ်ပါသေးတယ်။ထိုကြောင့်ကာလအစဉ်မပြတ်စိတ်ပါပါဆုတောင်းဖို့အင်မတန်လိုလားပါတယ်၊ဒီလိုမှသာအမြဲတမ်းဝိညာဉ်ခွန်အားပြည့်သောသူဖြစ်ပါလိမ့်မည်။
ဖတ်ရှုသူအားလုံးဘုရားသခင် ပြင်ဆင်ပေးတဲ့လက်နက်စုံကိုဝတ်ဆင်သူများဖြစ်ကြပါစေ။အာမင်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်