စနေ, ဧပြီ 20, 2024

မပေါ်မလွင်လုပ်ရမည့်အရာသုံးမျိုး

၁။ပေးကမ်းစွန့်ကြဲခြင်းအလှူ

“ လူများတို့မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကိုသူ့ရှေ ့မှောက်၌မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့ မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။ ထိုကြောင့် သင်သည်အလှူဒါန ကိုပေးသော အခါ လျှို့ဝှက်သောသူတို့သည် လူအများအချီးအမွမ်းကိုခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုရကြပြီ။သင်သည် အလှူဒါနကိုပေးသော အခါ ပေးကြောင်းကိုမထင်ရှား စေခြင်းငှါ၊ လကျာ်လက်ပြုသည်အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ မထင်ရှားသော အရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလတံ့။ (မဿဲ 6:1-4)”
လူတွေရဲ့ကျေးဇူးတင်ခံချင်တဲ့စိတ်ကြောင့်ကောင်းမှုအလှူကိုပေါ်လွင်အောင်လုပ်ခဲ့ရင်ဘုရားသခင်ရဲ့ကောင်းကြီးမရဘဲလူတွေရဲ့လက်ခုပ်သံနဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားဘဲရပါလိမ့်မယ်။ဒါကြောင့်ယုံကြည်သူတွေအသင်းတော်မှာအားတက်သရောပါဝင်လှူဒါန်းနေကြပေမယ့်အကျိုးကိုမခံစားရကြတာဘာကြောင့်လဲ?စိတ်ထားမမှန်လို့ဖြစ်ပါတယ်၊ဘုရားပေးတဲ့အကျိုးကိုမမျှော်ဘဲလူတွေပေးတဲ့လက်ခုပ်သံသာလိုချင်ကြလို့သူတို့လိုချင်တဲ့တိုင်းနာမည်တခုသာရခဲ့ကြတာပါ။တကယ်ဘဲဘုရားပေးမယ့်အကျိုးကိုရချင်ရင်တော့ကောင်းမှုအလှူလုပ်တိုင်းမှာမပေါ်မလွင်” မဝါကြွားမိဖို့” လိုပါတယ်။ဘယ်သူမှမသိလဲဘုရားကြည့်နေတယ်ဆိုတာနားလည်ပါ။အသင်းတော်သို့အဖွဲ့အစည်းမှာစာရင်းရှင်းလင်းအောင်ကြေငြာပေးတာတို့ကတော့သူ့ဖက်အပိုင်းပါ၊ကာယကံရှင်ကိုယ်တိုင်ကသာနာမည်ရဖို့လုပ်တာမဟုတ်ဘူးဆိုတဲ့စိတ်ထားလေးရှိနေဖို့သာလိုပါတယ်။

၂။ဆုတောင်းခြင်း

“ သင်သည် ဆုတောင်းပဌနာပြုသော အခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆိုသည် ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏။သင်သည်ဆုတောင်းသော အခါ ဆိတ်ညံရာအခန်းသို့ ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသော အရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။ (မဿဲ 6:5-6)”
ငါ့ဘယ်လောက်ယုံကြည်ခြင်းအားကောင်းနေလဲဆိုတာဝါကြွားချင်တဲ့စိတ်နဲ့လူတွေရှေ့မှာဆုအရှည်ကြီးတောင်းပြတာမျိုး၊အထပ်ထပ်အခါခါရွတ်ပြနေတာမျိုး၊လူတွေရှေ့မှာတမင်ဟန်ဆောင်ကိုင်းရှိုင်းပြတာမျိုး၊လူတွေရှေ့မှာဆုတောင်းတဲ့အခါနှိမ့်ချသလိုလိုလုပ်ပြတတ်တာမျိုး…စသဖြင့်၊ဒီလိုမျက်နာလိုချင်တဲ့ဆုတောင်းချင်းမျိုးကိုဘုရားသခင်မနှစ်သက်ပါဘူး၊ဘုရားသခင်ဆီဆုတောင်းတာမဟုတ်ဘဲလူတွေရှေ့မှာလုပ်ပြနေတာမို့ဘုရားလဲနားညောင်းမှာမဟုတ်ပါဘူး၊သူတို့လိုချင်တဲ့အကျိုးဖြစ်တဲ့” လူတွေရဲ့ချီးကျူးသံ” ဘဲရပါလိမ့်မယ်။ယနေ့ယုံကြည်သူတွေဆုတောင်းတဲ့အခါမဝါကြွားမိစေဘဲဘုရားသခင်ထံဆုတောင်းရပါမယ်။ဆိတ်ညံရာအခန်းထဲမှာဝင်ပြီးတံခါးပိတ်ဆုတောင်းပါဆိုတာမဝါကြွားမိစေဖို့သွန်သင်နေတာဖြစ်ပါတယ်။ဘယ်သူမှမသိလဲဘုရားဆီဆုတောင်းတာမို့ဘုရားသိဖို့တာအရေးကြီးကြောင်းနာလည်စေချင်ပါတယ်။

၃။အစာရှောင်ခြင်း

“ သင်တို့သည် အစာရှောင်ခြင်း အကျင့်ကိုကျင့်သော အခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ ့မှာထင်ရှားစေခြင်းငှါ၊ မိမိတို့မျက်နှာကိုဖျက် တတ်ကြ၏။ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။သင်သည် အစာရှောင်သော အခါ အစာရှောင်သည်ကိုလူများတို့ရှေ ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘ ရှေ ့တော်၌သာ ထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ်လော့။ မထင်ရှားသော အရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။ (မဿဲ6:17-18)”
အစာရှောင်ခြင်းဆိုတာယုံကြည်သူတွေအတွက်အင်မတန်မွန်မြတ်တဲ့အရာတခုပါ။ဒါပေမယ့်လက်ရှိခရစ်ယာန်လောကကိုကြည့်လိုက်တဲ့အခါအစာရှောင်ခြင်းအနှစ်သာရပျောက်ကွယ်လုနေပါပြီ၊ကိုယ်အစာရှောင်တာကိုသူများမသိအောင်လုပ်ဖို့ကျမ်းစာကပြောထားပေမယ့်ယနေ့ခေတ်မှာတော့ကျမ်းစာထဲကပြောထားသလိုတမင်မျက်နာကိုဖျက်ပြီးပေါ်လွင်စေတတ်ကြနေပြီ။ကိုယ်အစာရှောင်နေတာသူများမသိကြမှာကိုစိုးရိမ်နေကြပါပြီ၊ဒါဟာအစာရှောင်နေတာမဟုတ်ဘဲမျက်နာလိုချင်တာဘဲမို့ကျမ်းစာကတော့သူတို့လိုချင်တဲ့လူတွေရဲ့ချီးမွမ်းခြင်းအကျိုးကိုသာရလိမ့်မယ်ဆိုပါတယ်။တကယ့်အစာရှောင်ခြင်းဆိုတာကိုယ်အစာရှောင်နေတယ်ဆိုတာကိုသူတပါးမသိအောင်နေတတ်ခြင်းပါ၊ဘာကြောင့်လဲဆိုတော့အစာရှောင်တယ်ဆိုကတည်းကဘုရားဆီကိုရောက်ဖို့အကျိုးမျှော်နေတာမို့ပါ။ဘယ်သူမှမသိလဲဘုရားသိဖို့သာ၍အရေးကြီးပါပေသည်။ကိုယ်ဖက်ကမပေါ်လွင်အောင်လုပ်ပေမယ့်လူတွေသိသွားရင်တော့အနှစ်သာရမပျက်သွားပါဘူး၊အဓိကကိုယ်ဖက်ကမဝါကြွားဖို့စိတ်ထားရှိဖို့သာလိုပါတယ်။

နိဂုံး

မထင်မရှားတဲ့လုပ်ရပ်ကိုဘုရားသခင်ကထင်ထင်ရှားရှားမြင်တယ်လို့ကျမ်းစာကဆိုပါတယ်။ဆိုတော့ကောင်းမှု၊ဆုတောင်း၊အစာရှောင်လုပ်တဲ့အခါမထင်မရှား(မပေါ်မလွင်တဲ့စိတ်ထား)လုပ်လို့ဘုရားကထင်ထင်ရှားရှားမြင်မယ်ဆိုလိုတာပါ၊ဒါမှထိထိရောက်ရောက်ရှိနိုင်ပါမယ်။ဒီသွန်သင်ချက်ကိုပြောင်းပြန်လှည့်ပြီးနားလည်ကြည့်တဲ့အခါယနေ့ယုံကြည်သူတွေလုပ်မိနေတတ်ကြတဲ့” မထင်မရှားသောအပြစ်များ” ကိုဘုရားသခင်ကထင်ထင်ရှားရှားမြင်နေတယ်ဆိုတာသတိပြုမိဖို့တော့လိုပါကြောင်းတိုက်သွန်းနိုးဆော်ခွန်အားပေးလိုက်ရပါတယ်၊ဖတ်ရှုသူအယောက်ဆီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်