စနေ, ဧပြီ 20, 2024

မိခင်များနေ့တရားဒေသနာ

အခြေပြုကျမ်း
ဧဖကျဩဝါဒစာ ၆:၁-၃
သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားသောအမှုဖြစ်၏။မိဘကိုရိုသေစွာပြုလော့။ဤပညတ်တော်ကား၊သင်သည်ပြည်တော်၌ကောင်းစား၍အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။

နိဒါန်း

ချစ်သောညီကိုမောင်နှမတို့၊အားလုံးခရစ်တော်၌မင်္ဂလာပါ။Happy Mother Day ပါလို့အဦးဆုံးနူတ်ဆက်ချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီနေ့ဟာကမ္ဘာ့မိခင်များနေ့ဖြစ်ပါတယ်။ဒီမိခင်များနေ့ကိုစတင်ခဲ့သူကတော့အမေရီကန်ကအမ်းနာဂျာရီစ်ဆိုတဲ့အမျိုးသမီးပါ။သူ့ရဲ့ကြိုးပမ်းမှုကြောင်း၁၉၁၄မှာတနိုင်ငံလုံးအတိုင်းအတာအဖြစ်မိခင်များနေ့ကိုကျင်းပခဲ့ပြီး၊သမ္မတဝူဒေါ ဝီလ်ဆင်Woodrow Wilson က မေလ ဒုတိယပတ် တနင်္ဂနွေ ကို မိခင်များနေ့ အဖြစ် သတ်မှတ်လက်မှတ်ရေးထိုးခဲ့ပါတယ်။အဲဒီကနေစပြီးအခြားနိုင်ငံတွေတနိုင်ငံပြီးတနိုင်ငံအတုယူပြုလုပ်ကျင်းပလာခဲ့ကြတာယနေ့မြန်မာနိုင်ငံထိပါဘဲ။မိခင်များနေ့ဆိုတာသမ္မာကျမ်းစာမှာသတ်မှတ်ထားခြင်းမရှိပေမဲ့၊မိခင်များနေ့ပြုလုပ်ခြင်းဟာသမ္မာကျမ်းစာနဲ့ကိုက်ညီနေပါတယ်၊ဘာလို့လဲဆိုတော့သမ္မာကျမ်းစာမှာမိဘကိုရိုသေဖို့အများကြီးသွန်သင်ထားလို့ပါ။မိခင်ရဲ့မေတ္တာအားဖြင့်ဘုရားသခင်ရဲ့မေတ္တာကိုခံစားနားလည်တတ်စေဖို့ဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့အားလုံးဟာမိခင်တွေချည်းတော့မဟုတ်ပေမဲ့ကျွန်တော်တို့အားလုံးမှာမိခင်ဆိုတာရှိနေပါတယ်၊အခုလက်ရှိမရှိတော့ဘူးဆိုရင်တောင်တချိန်ကရှိခဲ့မှာပါ။ဒါကြောင့်ဒီနေ့မှာမိခင်ဆိုတာသားသမီးအပေါ်ကျေးဇူးဘယ်လောက်ကြီးမားကြောင်းနဲ့သားသမီးတွေဘယ်လိုကျေးဇူးဆပ်သင့်ကြောင်းသမ္မာကျမ်းစာအခြေပြုပြီးအနည်းငယ်ဝေငှခြင်ပါတယ်။

၁။အမေ့ကျေးဇူးသုံးမျိုး

၁။အမေ့ရဲ့ချစ်ခြင်းကျေးဇူး
လူတိုင်းမှာမတူညီတဲ့အမေဆိုတာရှိကြပါတယ်၊တချို့အမေကအကြော်သယ်ဖြစ်ချင်ဖြစ်မယ်၊အမိုက်ကောက်သူဖြစ်ချင်ဖြစ်မယ်၊ကုမဏီသူဌေးဖြစ်ချင်ဖြစ်မယ်၊ဒါပေမဲ့အမေတိုင်းသားသမီးအပေါ်ထားတဲ့အချစ်ကတော့အကုန်ကြီးမားကြတာပါဘဲ။သားသမီးတွေလိမ်မာပါစေ၊မလိမ်မာဘဲဖြစ်နေပါစေ၊သူတို့ရဲ့အချစ်ကတစက်တောင်မလျော့ပါဘူး။သမ္မာကျမ်းစာမှာဒီလိုပုံပြင်လေးတခုရှိပါတယ်၊တချိန်ကပြည်တန်ဆာမိန်းမနှစ်ယောက်ဟာအတူနေပြီးကလေးကိုယ်စီမွေးခဲ့ပါသတဲ့၊တညမှာတော့သူတို့ထဲကအမျိုးသမီးတဦးရဲ့ကလေးကအိပ်နေရင်းကလေးကိုဖိမိလို့ကလေးသေသွားပါတယ်၊ဒါကိုကလေးအမေကသိလိုက်ပြီးသူ့ကလေးအသေကိုညသန်းခေါင်မှာအခြားအမျိုးသမီးကလေးနဲ့တိတ်တိတ်လေးလဲလှယ်ယူသွားပါသတဲ့။အလဲခံလိုက်ရတဲ့မိခင်နိုးလာပြီးသူ့ကလေးသေနေတာတွေ့တော့၊သေချာကြည့်ပါတယ်၊သူ့ကလေးမဟုတ်ဘူးဆိုတာသိပြီးအဲဒီအမျိုးသမီးဆီပြန်သွားတောင်းတာဟိုကမဝန်ခံလို့နောက်ဆုံးရှောလမုန်ဘုရင်ကြီးဆီထိဖြေရှင်းဖို့ရောက်လာခဲ့ကြပါတယ်။ဘုရင်ကြီးကမိခင်အစစ်ကိုသိနိုင်ဖို့၊ဓားယူလာပြီးတယောက်တပိုင်းခွဲပြီးတယောက်တဝက်ယူသွားပါလို့တရားစီရင်လိုက်တဲ့အခါမှာတော့၊မိခင်မဟုတ်သူကသဘောတူပေမဲ့မိခင်အရင်းဖြစ်သူကတော့သူ့ကလေးသေသွားမှာကိုမလိုလားတဲ့အတွက်ဘုရင်ကြီးကိုကလေးမသတ်ပါနဲ့ဟိုတယောက်ကိုဘဲပေးလိုက်ပါလို့တောင်းခံရှာပါတယ်၊ဒီတော့မှရှောလမုန်ဘုရင်ဟာမိခင်ရင်းမှန်းသိပြီးသူ့ကိုကလေးပြန်ပေးလိုက်ပါတော့တယ်။ချစ်သောညီကိုမောင်နှမတို့၊ဒီပုံပြင်လေးဟာသမ္မာကျမ်းစာဓမ္မရာဇဝင်တတိယစောင်အခန်းကြီး၃မှာပါတဲ့အခန်းလေးဖြစ်ပါတယ်။ဒီအဖြစ်ပျက်လေးထဲမှာတွေ့ရတာကတော့အမေတယောက်ရဲ့ကြီးမားတဲ့ချစ်ခြင်းပါ။သူ့ကလေးကိုကာကွယ်ဖို့ဘာမဆိုပေးဆပ်နိုင်တဲ့အမေပါ။ဒါဟာအမေရဲ့သားသမီးပေါ်ထားတဲ့ချစ်ခြင်းကျေးဇူးတရားပါဘဲ။

၂။အမေ့ရဲ့ပေးဆပ်ခြင်းကျေးဇူး
ညီကိုမောင်နှမတို့၊တရုတ်စကားလုံးမှာအမေ” 妈မား” ဆိုတဲ့စာလုံးပေါင်းက မိန်းကလေးဆိုတဲ့” 女ညွီ” နဲ့မြင်းဆိုတဲ့” 马မာ” ပေါင်းစပ်ထားတာပါ(女+马=妈)၊သဘောကတော့မြင်းလိုနွားလိုသားသမီးတွေကိုလုပ်ကျွေးနေသူကိုအမေလို့ခေါ်ခြင်းဖြစ်ပါတယ်။မှန်ပါတယ်အမေဟာထာဝရပေးဆပ်နေသူပါ။၉လလွယ်ဆယ်လဖွားတာကနေစပြီး၊သားသမီးတွေအတွက်သူ့ရဲ့အလှအပ၊သူ့ရဲ့အချိန်၊သူ့ရဲ့ငွေကြေး၊သူ့ကျန်းမာရေး၊အခြားအရာများစွာကိုပေးဆပ်ပြီးသားသမီးတွေကိုပံ့ပိုးစောင့်ရှောက်ခဲ့သူပါ။ဒါကြောင့်လဲစကားပုံတခုရှိနေတာပါ၊အဲတာကတော့အောင်မြင်သောသူတွေရဲ့နောက်ကွယ်မှာအမျိုးသမီးတဦးရှိနေမြဲပါတဲ့။သမ္မာကျမ်းစာကိုလေ့လာလိုက်တဲ့အခါမှာလဲ၊အောင်မြင်သောလူတွေရဲ့နောက်ကွယ်မှာတကယ်မိခင်ကောင်းရှိနေတာတွေ့ရပါတယ်၊ဥပမာရှမွေလမိခင်ဟာန၊မောရှေမိခင်ယောခေဗက်၊တိမောသေမိခင်ဥနိတ်နဲ့အဘွားလောဣ။နောက်ပြီးအသင်းတော်သမိုင်းထဲကဆိုရင်ဩဂတ်စတင်းရဲ့မိခင်မောနီကာMonica၊၊မတ်သတစ်တည်ထောင်သူဂျွန်ဝီစ်လီရဲ့မိခင်စူစန်နာ….ဒီမိခင်တွေဟာသူတို့ရဲ့ပေးဆပ်ခြင်းအားဖြင့်သားသမီးတွေကိုအောင်မြင်စေခဲ့ပါတယ်၊တကယ်ဘဲနောင်လာနောက်သားတွေအတွက်ပေးဆပ်ခြင်းရဲ့စံပြဖြစ်ခဲ့ပါတယ်။ဒါဟာမိခင်ရဲ့ပေးဆပ်ခြင်းကျေးဇူးတရားပါ။ယနေ့သင့်မိခင်သင့်အပေါ်ဘယ်လောက်ပေးဆပ်ခဲ့တာသင်သိပါသလား?

၃။အမေ့ရဲ့မျော်လင့်ခြင်းကျေးဇူး
မိခင်တိုင်းဟာသူ့သားသမီးတွေကိုအောင်မြင်သောသူဖြစ်ဖို့အမြဲမျော်လင်နေတတ်တဲ့သူပါ၊သမ္မာကျမ်းစာ ရှင်မဿ ဲ ၂၀း၂၀-၂၄မှာအမေတယောက်ရဲ့ဘောင်ကျော်တဲ့တောင်းခံခြင်းတခုတွေ့ရပါတယ်၊သူ့သားနှစ်ယောက်ကိုအထူးနေရာပေးဖို့ပါ။ဒီတောင်းဆိုမှုကမသင့်တော်ပေမဲ့၊အမေတစ်ယောက်ရဲ့ဆန္ဒကိုပေါ်လွင်နေတာတွေ့ရမှာပါ၊ဒါဟာအမေပါဘဲ၊သူ့သားသမီးတွေကိုအကောင်းဆုံးဖြစ်စေချင်တဲ့အမေ့ရဲ့မျော်လင့်ချက်ပါ။သားသမီးမရှိသေးရင်ရှိဖို့၊ရှိလာရင်မွေးဖို့၊မွေးပြီးရင်၊သားသမီးတွေအိမ်ထောင်ပြုဖို့၊အိမ်ထောင်ပြုပြီးရင်မြေးရဖို့၊မြေးတွေရရင်မြေးရဲ့ပညာရေး၊အလုပ်ကိစ္စ၊ထပ်ပြီးထပ်ပြီးပေါ့…..မဆုံးနိုင်တဲ့အမေ့ရဲ့ဆန္ဒတွေ…မျော်လင့်ချက်တွေ…နောက်ဆုံးအမေ့ဘဝနိဂုံးချုပ်တဲ့အထိပါဘဲ။ဒါဟာအမေ့ရဲ့မျော်လင့်ချက်ဆန္ဒတွေပါ။ယနေ့သင့်အမေသင့်အပေါ်ထားတဲ့မျော်လင့်ချက်ဆန္ဒသင်သိပြီလား?

၂။မိဘကျေးဇူးကိုတုန့်ပြန်ခြင်း၅ချက်

ချစ်သောညီကိုမောင်နှမတို့၊မိခင်ရဲ့ကြီးမားလွန်းတဲ့ဒီကျေးဇူးတွေကိုသားသမီးဖြစ်တဲ့ကျွန်တော်တို့တွေဘယ်လိုတုန့်ပြန်သင့်ပါသလဲ?အချက်ငါးချက်နဲ့ခွန်အားပေးတိုက်တွန်းချင်ပါတယ်။

၁။မိဘကိုကျွေးမွေးစောင့်ရှောက်ပါ။
မိဘတွေရဲ့လိုအပ်ချက်ကိုဖြည့်စည်းပေးတာပါ၊မိဘကသားသမီးကိုမွေးပြီးဒီလောက်ကြီးတဲ့အထိပံ့ပိုးလာခဲ့ပြီ၊ဒီနေ့သားသမီးတွေမိဘကိုပြန်လည်ရှာကျွေးတာဟာတကယ့်အခြေခံရိုသေခြင်းတပါးဖြစ်ပါတယ်။သုတ္တံကျမ်း ၁၉:၂၆အဘဥစ္စာကိုဖြုန်း၍ အမိကို နှင်ထုတ်သောသားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကို ခံစေသောသား ဖြစ်၏။လို့ဖော်ပြထားပါတယ်၊ယနေ့များစွာသောသားသမီးတွေဟာမိဘကိုမရှာကျွေးဘဲမိဘဥစ္စာကိုသာလာဖြုန်းတီးနေကြပါတယ်၊ချစ်သောမိတ်ဆွေ၊ယနေ့သင်ဟာဘယ်လိုသားသမီးမျိုးလဲမိဘဥစ္စာဖြုန်းသူလား၊မိဘကိုရှာကျွေးသူလား?အတူတကွဆင်ခြင်ကြရအောင်၊တရိစာန်ဖြစ်တဲ့ဆိတ်တွေတောင်မိခင်နို့သောက်ရင်ဒူးထောက်ပြီးသောက်တတ်ပါတယ်၊ကျီးကန်းတွေတောင်မိဘကိုပြန်ရှာကျွေးတတ်ပါသေးတယ်၊ယနေ့လူဖြစ်တဲ့သက်နဲ့ကျွန်ုပ်ကော?ဘုရားသခင်အလင်းပြပါစေ၊သခင်ယေရှုကိုယ်တိုင်တောင်လက်ဝါးကပ်တိုင်မှာအသက်ထွက်တော့မဲ့အချိန်မယ်တော်ကိုတပည့်တော်လက်ထဲပေးအပ်ပြီးပြုစုဖို့ပြောခဲ့ပါသေးတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့ဟာမိဘကိုလုပ်ကျွေးဖို့အရေးကြီးလှပါတယ်။မိဘကိုလုပ်ကျွေးပြီးရင်ပြီးပြီလားဆိုတော့မပြီးသေးပါဘူး၊မိဘကိုရိုသေရမှာပါ။မိဘကိုတော့လုပ်ကျွေးပြီးမရိုသေဘူးဆိုရင်တိရိစာန်သာသာဘဲရှိသေးပါတယ်။

၂။မိဘကိုရိုသေပါ။
မိဘကိုလုပ်ကျွေးတယ်ဆိုတာတာဝန်ဝတ္တတရားတခုပါ၊မိဘကိုရိုသေတာကတော့ဝတ္တရားဆိုတာထက်အလိုက်သိတတ်တဲ့ချစ်ခြင်းဖြစ်ပါတယ်။တချို့သားသမီးတွေကမိဘကိုသူ့လုပ်ထိုင်စားနေလို့ဆိုပြီးဆဲဆိုအော်ဟောက်တတ်ပါတယ်၊ညီကိုမောင်နှမတို့၊သုတ္တံကျမ်း ၂၃:၂၂မှာအထူးသဖြင့်အသက်ကြီးသော အမိကို မထီမဲ့မြင်မပြုနှင့်။လို့သွန်သင်ထားပါတယ်။ဒါကြောင့်မိဘဘယ်လောက်အိုပြီးသင့်လုပ်စာထိုင်စားနေတယ်ဆိုပေမဲ့၊သင်ဟာမိဘကိုအော်ဟောက်ဖို့လုံးဝလုံးဝမတန်ဘူးဆိုတာသတိထားပါ။မိဘဆိုတာသင်ဆဲဆိုကျိမ်းမောင်းအော်ဟစ်ဖို့မဟုတ်ပါ၊သင်ရိုသေဖို့ဖြစ်ပါတယ်။

၃။ဘုရားအလိုတော်၌မိဘစကားနားထောင်ပါ။
ဖက်ဩဝါဒစာ၆:၁ရဲ့မူရင်းအဓိပ္ပာယ်ဟာသခင်ဘုရား၌မိဘစကားနားထောင်ပါလို့သွန်သင်ခြင်းဖြစ်ပါတယ်။ဘာလို့သခင်ဘုရား၌မိဘကိုရိုသေရတာလဲဆိုတော့တချို့မိဘတွေရဲ့သွန်သင်မှုဟာလွဲနေတတ်လို့ဖြစ်ပါတယ်၊ကြားဖူးကြမှာပါ၊တချို့မိဘတွေကသားသမီးကိုမကောင်းတာပြောခိုင်းတာ၊မကောင်းတာလုပ်ခိုင်းတာတွေရှိပါတယ်၊ဒါကြောင့်သမ္မာကျမ်းစာကမိဘစကားကိုနားထောင်တဲ့အခါသခင်ဘုရား၌ချင့်ချိန်ပြီးနားထောင်ပါလို့သွန်သင်နေခြင်းဖြစ်ပါတယ်၊မကောင်းတာလာလုပ်ခိုင်းရင်ဘုရားစကားနဲ့ဆန့်ကျင်နေတဲ့အတွက်နားမထောင်နဲ့ဆိုတဲ့သဘောပါ။ဒါပေမဲ့ဒီလိုမိဘတွေကတော့အနည်းစုဖြစ်မှာပါ၊များသောအားဖြင့်မိဘတွေကသားသမီးတွေကိုကောင်းတာဘဲလုပ်ခိုင်းပြောခိုင်းကြတာပါဘဲ။ယနေ့မေးခွန်းထုတ်ရမှာကကျွန်တော်တို့တွေဟာမိဘရဲ့ကောင်းသောသွန်သင်မှုကိုဘယ်လောက်နားထောင်ခဲ့ပြီလဲဆိုတာပါဘဲ။

၄။မိဘနဲ့အတူနေပေးပါ။
ယနေ့များစွာသောသားသမီးတွေဟာမိဘနဲ့အတူမနေနိုင်ဘဲအဝေးတနေရာမှာလုပ်ကိုင်စားသောက်နေထိုင်ကြပါတယ်။အချိန်တိုင်းမှာအလုပ်များနေပြီးမအားနိုင်ကြပါဘူး၊အားတယ်ဆိုရင်လဲမိဘကိုသတိယသူရှားပါတယ်။ခေတ်ကြီးကတိုးတက်လာပြီးလူလူချင်းကိုနီးကပ်စေတယ်ဆိုပေမဲ့မိဘနဲ့သားသမီးတွေကိုတော့ဝေးနေစေသလားထင်ရပါတယ်။မိဘတွေဟာအသက်ကြီးလာပြီဆိုတာနဲ့အထီးကျန်ပြီးစိတ်ဓာတ်ကျနေတတ်ပါတယ်၊ဒါကြောင့်သားသမီးလုပ်တဲ့သူတွေဟာမိဘကိုမကြာခဏအတူသွားနေပေးပါ၊အဖော်ပြုပေးပါ။ချစ်သောမိတ်ဆွေ၊။နေ့သင့်မိဘတွေရှိနေသေးပါသလား?သူတို့ကိုအမြဲဆက်သွယ်စကားပြောပေးပါ၊မကြာခဏအတူသွားနေပေးပါ။ဒါဟာမိဘကိုရိုသေခြင်းရဲ့အစိတ်အပိုင်းတခုပါဘဲ။

၅။မိဘကိုထာဝရရိုသေခြင်း
မိဘကျေးဇူးကိုတုန့်ပြန်ဖို့အတွက်နောက်ဆုံးတချက်ကတော့ထာဝရရိုသေခြင်းဖြစ်ပါတယ်။ဒါဟာအရေးအကြီးဆုံးရိုသေခြင်းပါ။ထာဝရရိုသေခြင်းဆိုတာမိဘရဲ့ကယ်တင်ခြင်းကိုစိတ်ချမှုအောင်လုပ်ပေးခြင်းဘဲဖြစ်ပါတယ်။သူတို့ကယ်တင်ခြင်းရအောင်ကိုယ်ကအစားထိုးတော့လုပ်ပေးလို့မရပါဘူး၊ဒါပေမဲ့သူတို့အသက်ရှင်တုန်းသူတို့ကိုဧဝံဂေလိုအကြောင်းဝေငှပေးပါ၊ယုံကြည်ပြီးဖြစ်တဲ့မိဘတွေကိုတော့သူတို့ကိုဘုရားဝတ်ပြုဖို့ကြိုပို့လုပ်ပေးပါ၊တချို့သားသမီးတွေကမိဘတွေဘုရားဝတ်ပြုသွားဖို့မပို့ပေးချင်ကြဘူး၊မကြိုချင်ကြပါဘူး၊ဒါဆင်ခြင်စရာပါ။သူတို့နဲ့အတူဂုဏ်တော်ကိုချီးမွမ်းပေးပါ၊အတူဆုတောင်းပါ၊အတူကျမ်းစာဖတ်ပေးပါ။မိဘတွေရဲ့ကယ်တင်ခြင်းကိုစိတ်ချမှုရအောင်ကူညီပေးပါ။ဒါဟာထာဝရရိုသေခြင်းပါဘဲ!ဘာလို့လဲဆိုတော့မိဘတွေဆုံးသွားပြီးကောင်းကင်ရောက်သွားလို့သူ့သားသမီးတွေရဲ့ရိုသေခဲ့မှုကိုကျေနပ်နေမှာအမှန်ပါ။ချစ်သောမိတ်ဆွေယနေ့သင်မိဘတွေကယ်တင်ခြင်းစိတ်ချမှုရှိနေပြီလား?ထာဝရရိုသေဖို့မိဘအသက်ရှိစဉ်လုပ်ဆောင်ကြပါစို့။

နိဂုံး

ချစ်သောညီကိုမောင်နှမတို့၊ယနေ့ကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးလူကိုပြပါဆိုရင်ဘုရားကလွဲပြီးရင်အမေကိုပြရမှာပါ။စစ်တမ်းကောက်ချက်တခုမှာဖော်ပြထားတာကတော့လူတယောက်ဘဝကိုအထူးဂယက်ရိုက်ခက်စေနိုင်တာဟာမိခင်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်ဘုရားရဲ့အချစ်ကလွဲရင်မိခင်အချစ်ဟာအကြီးမားဆုံးပါဘဲ။တကယ်တော့မိခင်များနေ့ရောက်မှမိဘကိုရိုသေခြင်းမဟုတ်ပါဘူး၊မိခင်များနေ့အားဖြင့်ငါဟာမိဘကိုရိုသေနေသူလားဆိုတာဆင်ခြင်မိစေဖို့ပါဘဲ။ဒါကြောင့်ယနေ့ဟောကြားသွားတဲ့နုတ်ကပတာတော်အားဖြင့်မိဘကိုလက်တွေ့ရိုသေဖို့၁။ကျွေးမွေးပြုစုပါ၊၂။မိဘကိုရိုသေပါ။ ၃။သခင်ဘုရား၌မိဘစကားနားထောင်ပါ။ ၄။မိဘနဲ့အတူနေပေးပါ။ ၅။မိဘကိုထာဝရရိုသေပါ။ဒီအချက်ငါးချက်အားဖြင့်ယနေ့မိဘအသက်ရှင်နေတုန်းလက်တွေ့လုပ်ဆောင်ပါ။မိဘမရှိတော့မှငါဘာမှမလုပ်ပေးခဲ့ဘူးပါလားဆိုပြီးနောင်တမရစေပါနဲ့။ယနေ့ယုံကြည်သူခရစ်ယာန်တစ်ယောက်အနေနဲ့ပိုပြီးမိဘကိုရိုသေသင့်ပါတယ်။ဘာလို့လဲဆိုတော့သမ္မာကျမ်းစာမှာမိဘကိုရိုသေဖို့အများကြီးသွန်သင်ထားလို့ပါ။အထူးသဖြင့်သမ္မာကျမ်းစာကမိဘကိုရိုသေခြင်းဟာကောင်းကြီးရမှာဖြစ်သလိုအသက်ကောရှည်မယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ကောင်းကြီးရချင်ရင်အသက်တာရှည်ချင်ရင်မိဘကိုရိုပါ။ကျမ်းစာမှာဖော်ပြထားတာဟာဘုရားစကားမို့ကတိတော်ရှိတဲ့အတိုင်းသင့်အထဲမှာသက်ရောက်မှာပါ။နောက်ဆုံးအနေနဲ့တလောကလုံးကမိခင်များကျမ်းမာရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းရင်းနိဂုံးချုပ်လိုက်ရပါတယ်။နားဆင်သူအယောက်ဆီတိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်