စနေ, ဧပြီ 20, 2024

ယုံကြည်ခြင်းအတု(၇)မျိုး

နိဒါန်း

လောကမှာအစစ်ရှိရင်အတုရှိနေတတ်စမြဲပါ။ဘယ်အရာမဆိုအတုနဲ့အစစ်ဒွန်တွဲနေတတ်ပါတယ်။သမ္မာကျမ်းစာထဲမှာအထူးသဖြင့်ယုံကြည်ခြင်းအတု၇မျိုးကိုတွေ့ရှိရပါတယ်။အတုဆိုကတည်းကစစ်မှန်တဲ့ကယ်တင်ခြင်းရနိုင်မှမဟုတ်‌တော့ပါဘူး၊ဒါ‌ကြောင့်မိမိယုံကြည်ခြင်းဟာဒီလိုအတုမဖြစ်ရလေအောင်အတူတကွဆင်ခြင်ကြည့်ရအောင်ပါ။

၁။ပါးစပ်ဖျားကသာယုံကြည်ခြင်း

ယုံကြည်ပါတယ်ဆိုပေမယ့်အသက်တာမှာလက်တွေ့မလိုက်လျှောက်သူ၊ဝတ်ပြုခြင်းမရှိ၊ဆုတောင်းကျမ်းစာဖတ်တဲ့အသက်တာမရှိ၊‌ချစ်ခြင်းမေတ္တာတရားမရှိ၊ခွင့်လွတ်နိုင်‌ခြင်းမရှိ၊အသက်တာနည်းနည်းမှပြောင်းလဲခြင်းမရှိသူမျိုး။တကယ်ရှိခဲ့ရင်လည်း“လုပ်ချင်လို့”မဟုတ်ဘဲမလွဲသာလို့အ‌ပေါ်ယံသာလုပ်ပြနေခြင်းမျိုး။ဒီလိုလူမျိုးဟာပါးစပ်ကနေဘယ်လောက်“ယုံကြည်ပါတယ်”ပြောနေရင်လဲအတုပါဘဲ။
(ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။
ဟေရှာယ29:13)

၂။အမှန်ဖြစ်‌ကြောင်းသာယုံကြည်ခြင်း

တချိန်ကနတ်ဆိုးတွေလို“ယေရှုဟာဘုရားသားဖြစ်ကြောင်း”လက်ခံသဘောတူပေးတာမျိုး၊သမိုင်းမှာဖြစ်ပျက်ခဲ့တဲ့(သမ္မာကျမ်းစာအဖြစ်ပျက်တွေ)ကိုလေ့လာပြီးကိစ္စအဖြစ်ပျက်ကိုသာလက်ခံတာမျိုး၊‌ ယေရှုမွေးဖွားခြင်း၊သေခြင်း၊ရှင်ပြန်ထမြောက်ခြင်းစသဖြင့်…ဒါတွေအားလုံးကိုသေချာလေ့လာပြီးဒါဟာအမှန်ကန်တွေပါလို့သာသဘောတူလက်ခံ‌ပေးတာမျိုးပါ။တကယ်တမ်းကျ‌တော့အမှန်တွေပါလို့လက်ခံပေမယ့်မိမိကိုအပြစ်ကနေကယ်တင်ပေးမယ့်မိမိကယ်တင်ပိုင်ရှင်အဖြစ်မယုံကြည်၊မလက်ခံ၊နောင်တရပြီးမပြောင်းလဲရင်တော့ဒါဟာယုံကြည်ခြင်းအတုပါဘဲ။
(ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်​သည်​ယုံ၏။ ကောင်း​ပေ၏။ နတ်​ဆိုး​တို့​သည် ယုံ၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ၏။ရှင်ယာကုပ်ဩဝါဒစာ2:19)

၃။အများရှေ့မဝန်ခံရဲတဲ့ယုံကြည်ခြင်း

ယုံတော့ယုံကြည်တယ်၊ဒါပေမယ့်မယုံကြည်သူများသိပြီးလာသရော်မှာရှက်တယ်၊မယုံကြည်‌သေးတဲ့မိသားစု‌ဝင်‌တွေဆူပူမှာကြောက်တယ်၊မယုံကြည် သေးတဲ့မိန်းမကိုကြောက်တယ်၊ယောက်ျားကိုကြောက်တယ်၊အမျိုးတွေဖိအားပေးမှာကြောက်တယ်၊မယုံကြည်တဲ့သူငယ်ချင်း‌တွေဟားတိုက်မှာရှက်တယ်စသဖြင့်…ဒါကြောင့်စိတ်ထဲဘဲယုံကြည်မယ်၊အများရှေ့တော့မဝန်ခံရဲဘူး။ဒီလိုမဝန်ခံရဲတဲ့ယုံကြည်ခြင်းဟာ(ဥပမာပေတရုသုံးကြိမ်ယေရှုကိုငြင်းပယ်ပြီးမဝန်ခံသလို)စစ်မှန်နဲ့ယုံကြည်သူနဲ့ဧဝံဂေလိကြားခါစမှာခေတ္တဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ဒါပေမယ့်ရေရှည်အဲလိုမဝန်ခံရဲဘဲဖြစ်နေရင်တော့ဒီယုံကြည်ခြင်းဟာစစ်မှန်တဲ့ယုံကြည်ခြင်းမဟုတ်နိုင်ပါဘူး။
(ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။ရှင်မဿဲ26:74 )
(အရာရှိအများတို့သည်သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ၏။ တ​ရား​ဇ​ရပ်​မှ​ဖာ​ရိ​ရှဲ​တို့​သည် နှင်​ထုတ်​မည်​ကို စိုး​ရိမ်​သော​ကြောင့် ထင်​ရှား​စွာ​ဝန်​မ​ခံ​ကြ။အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။ရှင်ယောဟန်12:42‭-‬43)
(အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ဝန်​ခံ​မည်။- အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။ရှင်မဿဲ10:32‭-‬33 )
(ငါ​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်၊ ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​သည် ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌ ဟေ​လ​သ​လူ၊ ယုံ​ကြည်​သ​မျှ​သော​သူ​အ​ပေါင်း​တို့​ကို ကယ်​တင်​စေ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။ ရောမ1:16 )

၄။အစဉ်အလာအရသာယုံကြည်ခြင်း

မိဘစဉ်ဆက်ကခရစ်ယာန်မို့လို့ခရစ်ယာန်ဖြစ်နေတာမျိုး၊မိဘတွေကဘုရားကျောင်းသွားနေကျမို့မိမိလဲသွားရမယ်လို့ခံယူပြီးသွားတာမျိုး၊အရွယ်ရောက်လာရင်ဘာသာရေးအရဗတ္တိဇံနှစ်ခြင်းခံရမှာမို့ခံယူခြင်း၊အိမ် ထောင်ပြုရင်လည်းဘုရား‌ကျောင်းမှာထုံးစံရှိတဲ့အတိုင်းမင်္ဂ‌ဆောင်ခြင်း၊နောက်ဆုံး‌ သေရင်လဲခရစ်ယာန်ထုံးတမ်းဓလေ့တိုင်းမြေမြုပ်ပေးခြင်းစသဖြင့်…။အမှန်‌တော့ဒီအရာ‌တွေကကောင်းပေမယ့်၊အကယ်လို့ခရစ်ယာန်အစဉ်အလာအရသာတစ်သက်လုံးနေထိုင်ခဲ့ပြီးမိမိလက်တွေ့အသက်တာမှာကိုယ်တိုင်‌ယေရှုကိုကယ်တင်ရှင်အဖြစ်နောင်တရလက်ခံယုံကြည်တာမျိုးမဟုတ်ဘဲ၊အစဥ်အလာအရသာအပေါ်ယံယုံကြည်နေတာမျိုးဆိုရင်တော့စစ်မှန်တဲ့ယုံကြည်ခြင်းမဖြစ်နိုင်ပါဘူး။
(အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော်​ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။
ရှင်မဿဲခရစ်ဝင်3:9 )

၅။နိမိတ်လက္ခဏာပေါ်သာတည်သောယုံကြည်ခြင်း

ယုံကြည်တဲ့သူတွေမှာနိမိတ်လက္ခာဏာအမြဲ‌လိုက်လာနေတာအမှန်ပါဘဲ။ဒါပေမယ့်ထာဝရအသက်ရဖို့ယုံကြည်တာမျိုးမဟုတ်ဘဲခေတ္တကျန်းမာချမ်းသာဖို့နဲ့နိမိလက္ခာဏာကြောင့်သာယုံကြည်နေရင်တော့စစ်မှန်တဲ့ယုံကြည်ခြင်းမဖြစ်နိုင်ကြောင်းကျမ်းစာထဲအများကြီးတွေ့ရပါတယ်။တကယ်တမ်းတော့နိမိတ်လက္ခဏာကမှားတာမဟုတ်ပါဘူး၊ယုံကြည်သူတွေရဲ့ယုံကြည်ခြင်းကနိမိလက္ခဏာပေါ်ရပ်တည်နေတာကိုကမှားနေတာလေးပါ။နိမိလက္ခာရှိမှယုံကြည်တာမျိုးမဟုတ်ဘဲ၊‌ ယေရှုကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လိုက်လို့အသက်တာမှာနိမိလက္ခဏာဖြစ်တည်လာစေသောသူဖြစ်စေပါ၊အာမင်။
(ပ​သ​ခါ​ပွဲ​အ​တွင်း​တွင် ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို များ​စွာ​သော​သူ​တို့​သည် မြင်​ရ​သ​ဖြင့် ကိုယ်​တော်​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။- သို့​သော်​လည်း​ယေ​ရှု​သည် ထို​သူ​တို့၌ ကိုယ်​ကို​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​ကို သိ​တော်​မူ၏။ရှင်ယောဟန်ခရစ်ဝင်2:23‭-‬24 )(မဿဲ၇:၂၁-၂၃၊)

၆။ကောာက်ရိုးမီးယုံကြည်ခြင်း

ခေတ္တသာတောက်လောင်ပြီး၊ဝုန်ဒိုင်းဆိုသလိုအမှု‌တော်မြတ်မှာအားတက်သရောပါဝင်ခဲ့ပေမယ့်၊ဒီယုံကြည်မှု‌‌ ကြောင့်ပေးဆပ်မှု၊အခက်ခဲပြဿနာကြုံ‌တွေ့လာတဲ့အခါမယုံကြည်တော့ဘဲနောက်ဆုတ်သွားတဲ့(ခနသာခံတဲ့)ယုံကြည်ခြင်းမျိုးပါ။
(ကျောက်​ပေါ​သော​အ​ရပ်၌ အ​စေ့​ကို​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း​ခံ​ယူ​သော်​လည်း၊- စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​တည်​သ​ဖြင့်၊ တ​ရား​စ​ကား​ကြောင့် အ​မှု​အ​ခင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​အ​ခါ ချက်​ချင်း​ဖောက်​ပြန်​တတ်​သည်​ဟု ဆို​လို​သ​တည်း။ရှင်မဿဲခရစ်ဝင် 13:20‭-‬21)

၇။‌ခေတ္တအကျိုးမျှော်ယုံကြည်ခြင်း

မြေနေရာအလကားနေရ၊အလကားစားရတာမို့ယုံကြည်‌နေတာမျိုး၊အကူညီတချို့နဲ့ထောက်ပံ့‌ငွေအမြဲရနေတာမို့ယုံကြည်‌နေတာမျိုး၊‌ ပေးဆပ်ဖို့နေနေသာသာခေတ္တကိုယ်ကျိုးတခုခုအတွက်ကြောင့်ဘာသာထဲဝင်ပြီးအသင်းသား/သူအဖြစ်ခံယူထားတာမျိုး၊နိုင်ငံခြား ထောက်ပံ့ငွေရလို့အမှုတော်ဆောင်နေတာမျိုး၊နေရာနဲ့ရာထူးရနေလို့ဆက်ကပ်နေတာမျိုး၊ဥပမာယုဒရှကာယုတ်လို‌ငွေကိုတပ်မက်ပြီးဟန်ဆောင်ကောင်းတဲ့သူပေါ့။
(ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။ရှင်ယောဟန်ခရစ်ဝင်12:6)
(ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။- မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ရှင်ယောဟန်6:26‭-‬27 )

နိဂုံး

ဝေဌသွားတာကတော့ယုံကြည်ခြင်းအတု၇မျိုးဖြစ်ပါတယ်။
၁။ပါးစပ်ဖျားကသာယုံကြည်ခြင်း
၂။အမှန်ဖြစ်‌ကြောင်းသာယုံကြည်ခြင်း
၃။အများရှေ့မဝန်ခံရဲတဲ့ယုံကြည်ခြင်း
၄။အစဉ်အလာအရသာယုံကြည်ခြင်း
၅။နိမိတ်လက္ခဏာပေါ်သာတည်သောယုံကြည်ခြင်း
၆။ကောာက်ရိုးမီးယုံကြည်ခြင်း
၇။‌ခေတ္တအကျိုးမျှော်ယုံကြည်ခြင်း
တို့ဖြစ်ပါတယ်။
ဖတ်ရှုသူနဲ့စာရေးသူကျနော်အပါအဝင်အတူတကွဆင်ခြင်အသက်ရှင်ကြပါစို့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်