စနေ, ဧပြီ 20, 2024

ယုံကြည်သူနှင့်လူကိုကန်တော့ခြင်း

နိဒါန်း

လူကိုရှိခိုးပြပ်ဝပ်၊ဦးချကန်တော့ခြင်းစသဖြင့်အရိုအသေပေးတဲ့ယဉ်ကျေးမှုဟာမတူညီတဲ့နိုင်ငံနဲ့လူမျိုးတွေမှာရှိတဲ့“ဝတ်”တွေပါ။ဥပမာမြန်မာ၊ထိုင်း၊တရုတ်လူမျိုးတွေရဲ့မူလယဉ်ကျေးမှုကမိဘကိုကန်တော့ပြီးရိုသေမှုပြတာမျိုး၊ရှေးခေတ်မှာဆိုရင်ရှင်ဘုရင်ကိုဦးချရတာမျိုးစသဖြင့်ရှိခဲ့ပါတယ်။ဒါဟာဘုရားနေရာထားပြီးကိုးကွယ်မှုမျိုးမဟုတ်ဘဲအရိုအသေပေးခြင်း“ယဉ်ကျေးမှု”တခုဖြစ်ပါတယ်(ကိုးကွယ်မှုပါ‌‌နေတာမျိုးလည်းရှိနိုင်ပါတယ်)။ဒါပေမယ့်ခရစ်ယာန်ယုံကြည်သူတစ်ယောက်ဖြစ်လာတဲ့အခါမိမိယဥ်‌ကျေးမှုဝတ်တရားကိုသမ္မာကျမ်းစာနဲ့တိုက်စစ်ပြီး‌ကောင်းတာကိုထိန်းသိမ်း၊ကျမ်းစာနဲ့မညီတာကိုပြုပြင်ပြီးအသက်ရှင်လာရပါတယ်။ဘာကြောင့်လဲဆို‌‌တော့ကျမ်းစာကိုလွန်ပြီးလူကိုမရိုသေရလို့ပါ(၁ကော၄:၆)။ဆို‌တော့ခရစ်ယာန်တစ်ယောက်အနေနဲ့ဒီလိုဦးချဝတ်ပြုကန်‌တော့တဲ့အရာကိုလုပ်သင့်သလား/အလုပ်ခံသင့်သလားဆိုတာသမ္မာကျမ်းစာအရအနည်းငယ်ချပြပါမယ်။

၁။ကျမ်းဟောင်းနှင့်ကျမ်းသစ်

ဓမ္မဟောင်းမှာလည်းလူကိုဦးချပြပ်ဝပ်တဲ့ယဥ်‌ကျေးမှုရှိခဲ့ပါတယ်‌။(ကမ္ဘာ23:7, 12၊ကမ္ဘာ33:3-7၊ထွက်18:7၊ရုသ2:10၊၁ရာ20:41,24:8၊၁ရာ25:23၊၂ရာ1:2,9:6,14:22; 16:4; 18:28; ၊၃ရာ1:16, 31; ၊၂ရာ18:21၊၃ရာ1:16,53,2:19)။တနည်းအားဖြင့်ကနဦးဂျူးလူမျိုးတွေရဲ့ယဉ်ကျေးမှုဟာဦးချဝတ်ပြုအရိုအသေပေးတာမျိုးရှိခဲ့တာပါ။ဒီလိုယဥ်‌ကျေးမှုရှိခဲ့တယ်ဆိုတာကျမ်းစာမှာဦးချပြပ်ဝပ်တဲ့လုပ်ရပ်‌တွေမှတ်သားထားတာသက်သေပါဘဲ။သတိထားရမှာကျမ်းစာမှာဒီလိုလုပ်ခြင်းကိုဘုရားသခင်ကမနှစ်သက်လို့ဖြေးဖြေးချင်းပပျောက်သွားစေခဲ့ပြီးနောက်ဆုံးဓမ္မသစ်မှာဆိုရင်လုံးဝမရှိတော့တာ‌တွေ့ရမှာပါ(တမန်၁၀:၂၅-၂၆၊ဗျာ၂၂:၈-၉)။ဥပမာကျမ်း‌ဟောင်းမှာမိန်းမအများကြီးယူတာရှိခဲ့ကြပေမယ့်ကျမ်းသစ်မှာဆိုရင်ဘုရားမနှစ်သက်တာမို့ဒီစနစ်ကွယ်‌ပျောက်သွားပါပြီ။တနည်းအားဖြင့်မိမိယဥ်‌ကျေးမှုကဘုရားစကားနဲ့မကိုက်ညီတဲ့အခါမကိုက်ညီတဲ့ယဥ်‌ကျေးမှုကိုပယ်ရတဲ့သဘောဆိုတာသတိထားစရာပါ။

၂။ရိုသေခြင်းထဲကိုးကွယ်မှုရောခြင်း

အထူးသဖြင့်တရုတ်လူမျိုးတွေမှာဆိုရင်မိဘကိုကန်တော့ရင်း၊သေပြီးရင်လည်းပြန်လည်ကိုးကွယ်ထားရတဲ့အဆင့်ထိရှိလာပါတယ်။တချိူ့မြန်မာလူမျိုးထဲမှာလည်းမိဘကိုဘုရားနဲ့အတူတတန်းထဲထားပြီးထိခြင်းငါးပါးနဲ့ရှိခိုးဦးချရို‌သေရမယ်ဆိုတဲ့ခံယူမှုမျိုးရှိပါတယ်။ဒါကြောင့်ခရစ်ယာန်တွေမိဘကိုကိုးကွယ်ခြင်းမရှိဘဲကန်‌တော့တာပါဆိုနေပေမယ့်အချိန်မ‌ရွေးစာတန်လှည့်ကွက်ထဲရောက်သွားနိုင်တာမို့အားမပေးတာပါ။ဘယ်ခရစ်ယာန်မိဘဆရာကမှလည်းငါ့ကိုကန်တော့ပါ၊ဦးချကန် တော့မှငါကျေနပ်မယ်လို့သွန်သင်မှာမဟုတ်ပါဘူး။မယုံကြည်သူလာကန်တော့ရင်တောင်မိမိဟာခရစ်ယာန်မို့အကန်တော့မခံရကြောင်းမေတ္တာနဲ့ရှင်းပြကြပါပေတယ်။ဘာကြောင့်လဲဆိုတော့ကန်တော့ခံတယ်ဆိုတာလည်းလာကန်တော့သူတွေကကိုးကွယ်မှုပါပြီးဦးချကန်တော့ကြလို့ပါ။

၃။ဆင်တူရိုးမှားမကွဲပြားဖြစ်ခြင်း

ဓမ္မဟောင်းမှာဘုရားသခင်ကဣသ‌ ရေလလူမျိုးတွေကိုအစားအစာပိုင်းဆိုင်ရာပညတ်‌ချပေးတဲ့အခါအဲဒီအစာတွေကကျန်းမာရေးမကောင်းဘူးဆိုတာထက် တပါးအမျိုးသားတွေရဲ့ကိုးကွယ်မှုမှာနေရာယူနေတဲ့အစာမို့ဖြစ်ပါတယ်။ဒီလိုပါဘဲယနေ့လူတွေကိုဦးချကန်တော့တာမျိုးဟာလည်းမှားသည်မှန်သည်ဆိုတာထက်အခြားသောကိုးကွယ်မှုနဲ့ဆင်တူရိုးမှားဖြစ်နေတာမို့“ဘုရားသခင်မနှစ်သက်”တာဖြစ်ပါတယ်။ဒါ‌ကြောင့်(တမန်၁၀:၂၅-၂၆)မှာကောနေလိကပေတရုကိုအရိုအသေပေးဖို့ဉီးချတဲ့အခါပေတရုငြင်းပယ်ခဲ့တာပါ။‌ ကောနေလိကဘုရားနေရာမှာပေတရုကိုထားပြီးကိုးကွယ်ဖို့ပြပ်ဝပ်တာမဟုတ်ဘဲရိုသေမှုနဲ့ပြပ်ဝပ်ဦးချပေမယ့်ပေတရုငြင်းပယ်ခဲ့တာသတိပြုပါ။ နောက်တနေရာက(ဗျာ၂၂:၈-၉)မှာရှင်ယောဟန်က ကောင်းကင်တမန်ကိုဘုရားနေရာထားကိုးကွယ်တာမျိုးမဟုတ်ဘဲအရိုအသေလေးဘဲပေးဖို့ပြပ်ဝပ်တာတောင်ငြင်းပယ်ခံရပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်ယုံကြည်သူတွေဟာအခြားသောကိုးကွယ်မှုနဲ့ဆင်တူမှုပြုနေရင်အပြစ်မဟုတ်ရင်တောင်မလုပ်သင့်တဲ့သဘောပါ။
(ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​ပြုသင့်သည်မဟုတ်။၁ကော 6:12)

၄။သြတ္တပ်ပ စိတ်နဲ့ထိမိလဲစရာ

ငါ့စိတ်ကြည်လင်နားလည်‌နေရင်ရပြီ၊ကျေးဇူးသိတတ်လို့အရိုအ‌သေဘဲပေးတာ၊ကိုးကွယ်တာမဟုတ်ဘူးလို့ခံယူပြီးဦးချကန်တော့နေသူ‌တွေရှိတတ်ပါတယ်။ဒါပေမယ့်သတိထားရမှာကကိုယ့်ရဲ့ဩတ္တပ္ပစိတ်ကြည်လင်‌‌နေတယ်ဆိုရင်တောင်သူတပါးအတွက်ထိမိ၍လဲစရာဖြစ်‌နေနိုင်တာမို့သတိထား‌ရှောင်ရပါမယ်။
လစ်ဘရယ်အမှုတော်ဆောင်ဆရာတချို့နဲ့အာစီအသင်းတော်တချို့က‌ တော့ဦးချကန်တော့တာလုပ်လို့ရတယ်လို့ခံယူပြီးသွန်သင်တာရှိပါမယ်၊ဒါပေမယ့်သမ္မာကျမ်းစာအရတော့မသင့်တော်ဘူးလို့လေ့လာတွေ့ရှိပါတယ်။
(ညီ​အစ်​ကို​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း၊ အား​နည်း​စ​ရာ​အ​ကြောင်း​များ​ကို ရှောင်​အပ်၏။ရောမဩဝါဒစာ 14:21)

နိဂုံး

ယုံကြည်သူတစ်ယောက်အနေနဲ့လူ(မိဘဆရာကျေးဇူးရှင်စသဖြင့်)ကိုဦးချကန်တော့လို့ရသလားမေးရင်မရဘူးဆိုတာထက်“မလုပ်သင့်ပါ”လို့သာဖြေပါရစေ။ရိုသေခြင်းနဲ့ကျေးဇူးဆပ်ခြင်းဟာခေတ္တဦးချကန်တော့တာလေးနဲ့ပြီးသွားတာမဟုတ်ဘဲလက်တွေ့ပြုစုခြင်း၊ကျေးဇူးဆပ်ခြင်း၊လက်တွေ့ရိုသေခြင်းနဲ့တွေနဲ့တုန့်ပြန်လို့ရပါတယ်။အဓိကတော့ယုံကြည်သူတစ်ယောက်အ‌နေနဲ့ကိုးကွယ်မှုပိုင်းရောပါသွားမှာစိုးလို့ကတကြောင်း၊ဆင်တူရိုးမှားဖြစ်နေတာကတကြောင်း၊သူတပါးထိမိလဲစရာဖြစ်စေတာကတကြောင်း၊အထူးသဖြင့်ဘုရားသခင်မနှစ်သက်ဘူး(အပြစ်ဖြစ်တယ်)ဆိုတာကျမ်းစာအားဖြင့်မြင်ရတာမို့ဖြစ်ပါတယ်။ဖတ်ရှုသူတိုင်းကိုဘုရားသခင်အလင်းပေးပါစေ။အာမင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်