စနေ, ဧပြီ 20, 2024

ယေရှုခရစ်၏ခုနှစ်မျိုးသောဖြစ်ခြင်း

၁။ငါသည်အသက်၏မုန့်
(ရှင်ယောဟန်ခရစ်ဝင် ၆:၃၅ ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။)
လူတွေရဲ့အသက်တာမှာငွေဘယ်လောက်ချမ်းသာနေပါစေမကျေနပ်နိုင်ပါဘူး၊ဒါကြောင့်လူတွေရဲ့နှလုံးသားဟာဘယ်လိုမှမပြည့်နိုင်ဘဲအဆုံးမရှိတဲ့တွင်းနက်ကြီးဖြစ်တယ်လို့ဆိုပါတယ်။တကယ်ဘဲဒီအဆုံးမဲ့တွင်းနက်ကြီးကိုဘယ်အရာမှမပြည့်စေနိုင်တော့ဘူးလားဆိုတော့တလမ်းတော့ရှိပါတယ်၊အဲဒါကတော့ယေရှုခရစ်တော်ပါဘဲ၊ခရစ်တော်ကိုရသောသူဟာအသက်တာမှာပြည့်စုံခြင်းကိုခံစားရမှာဖြစ်ပါတယ်။

၂။ငါသည်လောက၏အလင်း
(ရှင်ယောဟန်ခရစ်ဝင် ၈:၁၂တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။)
အလင်းဆိုတာလူတွေကိုအမှောင်ထဲမှာသွားလာလုပ်ရှားဖို့အဆင်ပြေစေပါတယ်၊ယုံကြည်သူတစ်ယောက်အနေနဲ့လောကအမှောင်ထဲအသက်ရှင်နေတဲ့အခါအလင်းဖြစ်တဲ့ယေရှုခရစ်တော်ကိုဆောင်ထားဖို့အရေးကြီးလှပါတယ်။ဒါမှအသက်ရဲ့အလင်းကိုရပြီးလောကကိုအောင်နိုင်မှာဖြစ်ပါတယ်။

၃။ငါသည်သိုးတို့၏တံခါး
(ရှင်ယောဟန်ခရစ်ဝင် ၁၀:၉ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။)
သိုးဆိုတာလောကလူသားတွေကိုပုံဆောင်ပါတယ်၊တံခါးဆိုတာကတော့ယေရှုခရစ်တော်ပါ။တံခါးဆိုတာအိမ်ထဲဝင်ဖို့အဓိကအပေါက်ဝဖြစ်ပါတယ်။ယေရှုခရစ်တော်ကတံခါးဖြစ်ကြောင်းပြောခြင်းဟာသူ့မှတပါးအခြားသောလွတ်ရာလမ်းမရှိကြောင်း၊သူ့မှတပါးအခြားသောကောင်းစားရာလမ်းမရှိကြောင်း၊သူသာလျှင်ကယ်တင်ရာဖြစ်ကြောင်းဖော်ပြနေတာပါ။

၄။ငါသည်ကောင်းသောသိုးထိန်း
(ရှင်ယောဟန်ခရစ်ဝင် ၁၀:၁၁ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိအသက်ကို စွန့်တတ်၏။)
သမ္မာကျမ်းစာကယုံကြည်သူတွေကိုသိုးနဲ့နိုင်းယှဉ်ပြောပါတယ်၊သိုးထိန်းကတော့ခရစ်တော်ယေရှုပေါ့၊သိုးထိန်းဆိုတာသူ့သိုးတွေအတွက်အသက်ပေးတတ်ပါတယ်၊ယေရှုခရစ်တော်လူသားတွေအတွက်ကားတိုင်မှာအသက်ပေးခဲ့သလိုပေါ့၊အကယ်၍ကျွန်ုပ်တို့ဟာဒီသိုးထိန်းရဲ့ထိန်းကြောင်းမှုအောက်မှာနေမယ်ဆိုရင်သူ့ရဲ့ကွယ်ကာစောင့်မှမှုနဲ့ကြွေးမွေးမှုကိုရရှိမှာဖြစ်ပါတယ်။

၅။ငါသည်ထမြောက်ခြင်း
(ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။)
ဆိုလိုတဲ့သဘောကလူတွေကိုအသက်ပေးပိုင်တဲ့သခင်ဟာယေရှုဖြစ်ကြောင်းပါ။လူ့လောကမှာကြုံတွေ့နေရတဲ့သေခြင်းဆိုတာအဆုံးသတ်ခြင်းမဟုတ်သေးပါဘူး၊ကျမ်းစာကလူသေခြင်းကိုခေတ္တအိပ်စက်ခြင်းဖြစ်ကြောင်းပြောထားပါတယ်၊ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ဟာထမြောက်ခြင်းအကြောင်းနဲ့အသက်ရှင်ခြင်းအကြောင်းဖြစ်လို့သူ့ကိုယုံကြည်သောသူတိုင်းဟာလဲတနေ့ထမြောက်မှာဖြစ်ပါတယ်၊ဒါကြောင့်ယုံကြည်သူခရစ်ယာန်များအနေနဲ့သေခြင်းဟာပျက်စီးပြီးဆုံးခြင်းမဟုတ်ဘဲထာဝရအသက်ရှင်ခြင်းရဲ့အစပြုခြင်းသာဖြစ်ပါတယ်။

၆။ငါသည်လမ်းခရီး၊သမ္မာတရား၊အသက်
(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။)
လမ်းခရီးဆိုတာကိုယ်လိုရာရောက်ဖို့ပါ၊ဒါကြောင့်ယနေ့အသက်ရှင်နေချိန်နဲ့သေပြီးနောက်ဘယ်သွားရမလဲဆိုတာမသိသေးရင်ယေရှုခရစ်တော်ဆီသာလာခဲ့ပါမိတ်ဆွေ။သမ္မာတရားဆိုတာကတော့မပြောင်းလဲသော၊အနိုင်းမဲ့သော၊ပြည့်စုံသော၊သေချာသောအရာပါ၊ယနေ့အသက်တာမှာဒီအရာတွေကိုရှာနေရင်တော့ယေရှုခရစ်တော်ဆီလာခဲ့လှည့်ပါ။အသက်ဆိုတာကတော့အသက်ရှင်နေခြင်းပါ၊သေခြင်းကိုကြောက်နေသောသူမှန်သမျှခရစ်တော်ယေရှုဆီသာလာခဲ့ပါ။ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူတိုင်းဟာထာဝရမပြောင်းလဲတဲ့အသက်သာရရှိမှာဖြစ်ပါတယ်။

၇။ငါသည်မှန်သောစပျစ်နွယ်ပင်
(ရှင်ယောဟန်ခရစ်ဝင် ၁၅:၁ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။)
ယေရှုခရစ်တော်ဟာစပျစ်အပင်ဖြစ်ပြီးယုံကြည်သူတွေဟာအကိုင်းအခက်သာဖြစ်ပါတယ်၊တနည်းအားဖြင့်ခရစ်တော်နဲ့ပတ်သတ်မှုရှိရမှာဖြစ်ပါတယ်၊ဘာကြောင့်လဲဆိုတော့ခရစ်တော်သာကျွန်ုပ်တို့ထဲမရှိရင်ကျွန်ုပ်တို့အသက်တာဟာအချည်းနှီးသက်သက်သာဖြစ်ပါလိမ့်မယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်