စနေ, ဧပြီ 20, 2024

လူ့ဘဝတခုလုံးရဲ့ ရက်(၃)ရက်

လူတိုင်းရဲ့ဘဝတခုလုံးမှာရက်သုံးရက်ဘဲရှိပါသတဲ့၊အဲဒီရက်တွေက မနေ့၊ယနေ့၊နက်ဖြန် ဘဲဖြစ်ပါတယ်။မနေ့ဆိုတာကျော်လွန်သွားခဲ့ပါပြီ၊ယနေ့ဆိုတာကိုယ့်မျက်စိရှေ့မှာဘဲ၊နက်ဖြန်ဆိုတာကတော့ရောက်လာတော့မဲ့နေ့ပေါ့။ဒါဆိုယုံကြည်သူခရစ်ယာန်အနေနဲ့ဘယ်လိုအသက်ရှင်ရင်ဆိုင်သင့်ပါသလဲ?

၁။မနေ့အတွက်ကျေးဇူးတော်ချီးမွမ်းပါ။
မနေ့က ဆိုတာပြန်မရနိုင်၊မပြင်နိုင်တော့တဲ့သမိုင်းဖြစ်သွားပါပြီ၊ကောင်းသည်ဖြစ်ပါစေဆိုးသည်ဖြစ်ပါစေ၊ပျော်ခဲ့သည်ဖြစ်ပါစေစိတ်ညစ်ခဲ့သည်ဖြစ်ပါစေ အားလုံးကပြီးသွားပါပြီ၊ဒါကြောင့်ပြီးခဲ့တဲ့မနေ့အတွက်စိတ်မညစ်နေပါနဲ့။မနေ့အတွက်လုပ်ရမှာကသေချာပြန်လည်သုံးသပ်ပြီးကျေးဇူးတော်ချီးမွမ်းလိုက်ပါ။ကျော်လွန်လာခဲ့တဲ့နေ့ရက်တွေကိုပြန်ကြည့်ရင်၊ကျေးဇူးတော်မှတပါးအခြားသောမင်္ဂလာကျနော်တို့မှာမရှိခဲ့တာတွေ့ရပါလိမ့်မယ်၊အခက်ခဲပြဿနာကြုံခဲ့ပေမဲ့ဘုရားသခင်ဟာကျနော်တို့ကိုပစ်မထားခဲ့ဘူး၊လုံလောက်သောကျေးဇူးတော်ကိုပေးသနားစမြဲပါဘဲ။ဟာလေလုယာ။
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၁၂:၉ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။ 

၂။ဒီနေ့အတွက်ကိုးစားပါ။
ဘယ်သူမှမနေ့အတွက်အသက်မရှင်သလို၊ဘယ်သူမှလဲနက်ဖြန်မှာအသက်မရှင်နေသေးပါ။ထိုကြောင့်ကျနော်တို့အတွက်အကောက်းဆုံးအချိန်ဟာယနေ့ပါဘဲ။မနေ့ကိုသုံးသပ်ပြီးဒီနေ့မှာအကောင်းဆုံးအသက်ရှင်ရင်နက်ဖြန်အတွက်ပိုသာယာနေပါလိမ့်မယ်။လူတချို့ကပြီးသွားတဲ့မနေ့အတွက်ဒီနေ့မှာလာနောင်တရနေကြတတ်တယ်၊တချို့ကျတော့မရောက်လာသေးတဲ့နက်ဖြန်အတွက်ဒီနေ့မှာလာစိုးရိမ်နေတတ်ကြတယ်၊တချို့ကျတော့ဒီနေ့အတွက်ဆိုပေမဲ့ကိုယ့်အားကိုးပြီးကြိုးစားနေတတ်ကြတယ်။ဒီအထဲကယုံကြည်သူတွေတောင်မှအရေးအကြီးဆုံးဖြစ်တဲ့ယနေ့အတွက်ဘုရားကိုကိုးစားပြီးရှေ့လျှောက်ဖို့မေ့နေတတ်ကြတယ်။မကြိုးစားနဲ့ပြောတာမဟုတ်ပါ၊ကိုယ့်ကြိုးစားမှုမှန်သမျှသည်ဘုရားကိုဦးထိပ်ထားပြီးဘုရားကိုကိုးစားသောကြိုးစားမှုမျိုးဒီနေ့အတွက်ဖြစ်စေပါ။
သုတ္တံကျမ်း ၃:၅ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။

၃။နက်ဖြန်အတွက်ပုံအပ်ပါ။
အသက်ရှင်နေသေးသရွှေ့ နက်ဖြန်ဆိုတာကိုရောက်မလာအောင်မည်သူမှမလုပ်နိုင်သလိုကွယ်ပျောက်အောင်ဘယ်သူမှမလုပ်နိုင်ပါ။ထိုကြောင့်နက်ဖြန်ဆိုတာဧကန်မုချရောက်လာမဲ့နေရက်ဖြစ်ပါတယ်၊မကြုံဘူးမရောက်ဘူး၊ဘာဖြစ်မှန်းမသိတဲ့နက်ဖြန်အတွက်အလုံးစုံကိုသိတဲ့ဘုရားသခင်လက်ထဲပုံအပ်လိုက်ပါမိတ်ဆွေ။ကျနော်တို့ယုံကြည်သူတွေဟာနက်ဖြန်အဖို့စိုးရိမ်စရာမလိုဘူးလို့ယေရှုပြောခဲ့ပါပြီ၊မစိုးရိမ်နဲ့လို့ပြောခြင်းဟာဘာမှသွားမပြင်ဆင်နဲ့လို့ပြောတာမဟုတ်ပါဘူး၊လုပ်စရာရှိတာလူ့ဖက်ကတာဝန်ကျေကျေလုပ်ဆောင်ရမှာဖြစ်ပြီးအခြားကိုယ်မသိမလုပ်နိုင်တဲ့အရာကိုသွားစိုးရိမ်စရာမလိုကြောင်းပါ။ဒီအရာတွေကိုဘုရားလက်ထဲပုံအပ်ရမှာဖြစ်ပါတယ်။ဘုရားသခင်အကောင်းဆုံးပြင်ဆင်ပေးပါလိမ့်မယ်။

ရှင်မဿဲခရစ်ဝင် ၆:၃၄ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်