စနေ, ဧပြီ 20, 2024

လူ့သက်တမ်းကဘာလို့၇၀နှစ်ဖြစ်ရသလဲ

တနေ့သောအခါ…
ဘုရားသခင်ကနွားကိုဖန်ဆင်းပြီးဒီလိုမှာကြားလိုက်သတဲ့” အသင်နွား၊သင်ဟာတနေကုန်လူတွေအတွက်ထွန်ယက်ပြီး၊သင့်နို့ရေကိုလည်းလူတွေအဖို့ပေးသောက်ရမယ်၊သင်ကတော့မြက်ပင်ဘဲစားရမယ်၊ငါမင်းကိုသက်တမ်းအနှစ်၅၀ပေးမယ်” ……
နွားကချက်ချင်းခေါင်းခါပြီး” ဒီလောက်မောပန်းပြီးမြက်ပင်ဘဲစားရတာ၊နို့ရေလဲတိုက်ရသေးတယ်။ကျနော့သက်တမ်းနှစ်၂၀ဆိုလောက်ပါပြီဘုရား၊ကျန်၃၀နှစ်ကိုပြန်ယူသွားပါဘုရား” ။ဒါနဲ့ဘုရားသခင်လဲသဘောတူပေးလိုက်သတဲ့။

နောက်တနေ့မှာ…
ဘုရားသခင်ကမျောက်ကိုဖန်ဆင်းပြီး “အသင်မျောက်၊သင်ဟာလူတွေကိုပျော်ရွှင်အောင်ကပြရမယ်၊ရှေ့ဂျွမ်းနောက်ဂျွမ်းထိုးပြရမယ်၊အသင်ကတော့ငှက်ပျောသီးဘဲစားရလိမ့်မယ်။သင့်ကိုအသက်၂၀ပေးမယ်” ဟုပြောလိုက်သော်…
မျောက်ကမျက်နာနီသွားပြီး “ကပြရမယ်၊ဂျွမ်းထိုးရမယ်၊လူတွေပျော်အောင်လုပ်ပေးရအုံးမှာ…ဒီလောက်ပင်ပန်းတာ၁၀နှစ်ဆိုလောက်ပါပြီအရှင်ဘုရား၊ကျန်၁၀နှစ်ပြန်ယူသွားပါ!” လို့ပြောလာတော့ဘုရားသခင်လဲသဘောတူပေးလိုက်သတဲ့။

တတိယရက်မှာ….
ဘုရားသခင်ကခွေးကိုဖန်ဆင်းပြီး“အသင်ခွေး၊သင်ဟာလူတွေရဲ့တံခါးဘေးမှာနေရမယ်၊သခင်စားကြွင်းစားကျန်ကိုစားရမယ်၊ငါမင်းကိုအသက်၂၅နှစ်ပေးမယ်”ဟုဆိုသော်…
က ခွေးကလည်း“တနေကုန်အိမ်တခါးဘေးမှာနေရတာ၊၁၅နှစ်ဆိုလောက်ပါပြီဘုရား၊ကျန်တာဘုရားပြန်နုတ်ယူသွားပါ” လို့ပြောတော့ဘုရားသခင်လဲသဘောတူပေးလိုက်သတဲ့။

နောက်ဆုံးတရက်မှာ…
ဘုရားသခင်ကလူကိုဖန်ဆင်းပြီး “အသင်လူသား၊သင်ကတော့အိပ်လိုက်စားလိုက်ကစားလိုက်လုပ်ရုံဘဲ၊တခြားဘာမှလုပ်စရာမလိုဘူး၊ငါမင်းကိုအသက်၂၀ပေးမယ်”ဟုမိန့်ဆိုလိုက်သော်……
လူသားကခေါင်းမော့ပြီး “ဒီလောက်ကောင်းတဲ့ဘဝ၊ဒီလောက်ပျော်တဲ့အသက်တာအနှစ်၂၀ ဘဲဆိုတအားနည်းပါတယ်ဘုရား!”

ဘုရားဘာမှမပြောသေး….

လူသားက“ဒီလိုလုပ်ပေးပါဘုရား၊နွားကဘုရားကို၃၀နှစ်ပြန်ပေးထားတာနဲ့၊မျောက်က၁၀နှစ်ပြန်အပ်ထားတာနဲ့၊ခွေးက၁၀နှစ်ပြန်အပ်ထားတာကျနော့ကိုပေးပါအရှင်ဘုရား၊ဒါဆိုကျနော်အသက်၇၀ထိနေလို့ရပါပြီဘုရား”လို့တောင်းခံလိုက်သတဲ့။
ဒါနဲ့ဘုရားသခင်လဲသဘောတူပေးလိုက်ပါတယ်။

ဒီလိုနဲ့ဘဲလူသားဖြစ်တဲ့ကျနော်တို့တတွေဟာလူဖြစ်လာပြီးအသက်၂၀ထိ စားမယ်သောက်မယ်ကစားပြီးရင်အိပ်ရုံပါဘဲလေ၊ဒါဟာဘုရားပေးထားတဲ့အနှစ်၂၀ထဲကပေါ့ကွယ်။အသက်၂၀ကစပြီး၅၀နှစ်ထိ(၃၀နှစ်တိတိ)ဟာနွားတကောင်ပမာ၊တနေကုန်တနေခမ်းအလုပ်နဲ့မိသားစုတွေကိုလုပ်ကြွေးနေရတာပေါ့။အသက်၅၀ကနေ၆၀ကြားမှာဖြတ်တန်းရမဲ့၁၀နှစ်တာကာလကတော့၊အငြိမ်းစားယူပြီးမျောက်တကောင်ပမာမြေးတွေကိုကပြနေရ၊ဂျွမ်းထိုးပြနေရတာပေါ့ကွယ်။နောက်ဆုံး၁၀နှစ်(၆၀-၇၀)ကတော့ဘယ်မှမသွားနိုင်တော့လို့အိမ်တံခါးနားလေးမှာဘဲထိုင်ပြီးအခန်းဝင်အိပ်လိုက်၊မိုးလင်းရင်တခါးဘေးပြန်လာထိုင်လိုက်နဲ့ခွေးတကောင်လိုအိမ်စောင့်နေရတာလူ့ဘဝသက်တမ်းပေါ့ကွယ်။

ချစ်သောမိတ်ဆွေ
သင့်အသက်ဘယ်လောက်ရှိပြီလဲ?ဒီပုံပြင်လေးအားဖြင့်ဆင်ခြင်ကြည့်ပါ၊လူ့ဘဝဆိုတာခေတ္တခဏလေးပါ။ဘဝမီးစာမကုန်ခမ်းခင်အကောင်းဆုံးအသက်ရှင်ပါလေ။

ဆာလံကျမ်း ၉၀:၁၀အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်