စနေ, ဧပြီ 20, 2024

သခင်အသုံးပြုသောတန်ဆာ

၂တိ2:20-21

နိဒါန်း
တိမောသေဩဝါဒစာပထမစောင်နဲ့ ဒုတိယစာစောင်ဟာရှင်ပေါလုမှတိမောသေကိုရေးပေးတဲ့စာဖြစ်ပါတယ်။အဓိကတော့တိမောသေကိုဘယ်လိုအမှုတော်ထမ်းဆောင်ရမလဲဆိုတာသွန်သင်ပေးနေခြင်းပါ။ဒါကြောင့်စာစောင်ထဲမှာအမှုတော်ဆောင်တွေကိုဥပမာအမျိုးမျိုးနဲ့နိုင်းယှဉ်ပြီးကိုယ့်အရိုက်အရာကိုသတိထားဖို့ဆုံးမထားတာတွေတွေ့ရမှာပါ။ထို့အတူဘဲယနေ့ပေးထားတဲ့ကျမ်းချက်ဟာလဲယုံကြည်သူအမှုတော်ဆောင်တွေဟာဘုရားသခင်အသုံးတော်ခံဖြစ်ဖို့ဘယ်လိုလုပ်ရကြောင်းဖော်ပြထားပါတယ်။ယနေ့သင်နှင့်ကျွန်ုပ်တတွေလဲဘယ်လိုလုပ်ပြီးဘုရားသခင်အသုံးပြုတဲ့တန်ဆာပလာဖြစ်လာနိုင်မလဲ?အချက်၂ချက်နဲ့ဝေငှချင်ပါတယ်။

၁။သန့်ရှင်းစင်ကြယ်သောတန်ဆာ
မကောင်းတဲ့အကျင့်ကိုပယ်ပြီး မိမိကို ယ်ကိုစင်ကြယ်စေတဲ့သူဟာအသရေရှိသောတန်ဆာ၊ သန့်ရှင်း၍အိမ်ရှင်သုံးစရာကောင်းသောတန်ဆာဖြစ်တယ်လို့ကျမ်းစာကဆိုထားပါတယ်၊ဆိုလိုရင်းမှာရွှေတန်ဆာ၊ ငွေတန်ဆာသာ ၊သစ်သားတန်ဆာ၊ မြေတန်ဆာ များသည်အဓိကမဟုတ်၊တနည်းအားဖြင့်တန်ဖိုးအဓိကမဟုတ်၊အဓိကအချက်သည်တန်ဆာ၏သန့်ရှင်းခြင်းဖြစ်ပါသည်။တနည်းအားဖြင့်ဘယ်လောက်ဘဲတော်နေတတ်နေပါစေအသက်တာမသန့်ရှင်းရင်ဘုရားအသုံးမပြုပါ။ဥပမာသုံးရက်လောက်ရေမသောက်ရသူအတွက်ရေကိုရှာတွေ့လို့ခွက်နှင့်ခပ်သောက်ရမည်ဆိုပါစို့၊ရေဘေးတွင်ညစ်ပေနေသောရွှေခွက်နှင့်သန့်ရှင်းသောမြေခွက်ရှိနေသော်၊ရေဆာသောသူသည်သန့်ရှင်းသောမြေခွက်ကိုသာဧကန်အသုံးပြုမည်ဖြစ်ပါသည်။ကျွန်ပ်တို့လူသားများပင်လျှင်သန့်ရှင်းသောအိုးခွက်ပန်းကန်၊သန့်ရှင်းသောအဝတ်အစား၊သန့်ရှင်းသောအသုံးပြုစရာများကိုသာနှစ်သက်အသုံးပြုတတ်ကြသည်ဆိုလျှင်၊ကျွန်ပ်တို့ကိုဖန်ဆင်းသောသန့်ရှင်းသောဘုရားသခင်သည်ကိုယ်စိတ်ဝိညာဉ်သန့်ရှင်းသောလူများကိုပို၍အသုံးပြုမည်မှာဧကန်မုချဖြစ်ပါသည်။သန့်ရှင်းစင်ကြယ်ခြင်းဆိုသည်မှာဖာရိရှဲတွေလိုအပြင်ပန်းသာစင်ကြယ်မှုကိုပြောနေခြင်းမဟုတ်ပါ၊အကုန်နီးပါးစင်ကြယ်ပြီးအချို့နေရာအနည်းငယ်မှာညစ်ပေနေတာမျိုးလဲမဟုတ်ပါ၊ဥပမာစင်ကြယ်သောအစားအသောက်ထဲတွင်အညစ်ကြေးအနည်းငယ်ရှိနေလျှင်ကျွန်တော်တို့စားမည်မဟုတ်သလိုလူ့အတွင်းထဲကအညစ်ကြေးအနည်းငယ်ချန်ထားခဲ့လျှင်လဲဘုရားအသုံးပြုမည်မဟုတ်ပါလေ။ထိုကြောင့်အတွင်းအပြင်အကုန်သန့်ရှင်းစင်ကြယ်နေခြင်းသာအသုံးတော်ခံသောတန်ဆာဖြစ်ပါသည်။ဒါဆိုဘယ်လိုလုပ်ပြီးသန့်ရှင်းစင်ကြယ်နိုင်မလဲ?အထူးသဖြင့်အငယ်၂၁မှာပြောသွားတဲ့အထက်ဆိုခဲ့ပြီးသောအကျင့်(လွဲမှားသောအယူသွန်သင်သောသူ)ကိုပယ်ပြီး၊၂တိ၂:၂၂-၂၆ကနေအခန်းကြီး၃တခုလုံးမှာဆောင်ရန်ရှောင်ရန်များကိုလိုက်နာရမည်ဖြစ်ပါသည်။

၂။ကောင်းမှုအလုံးစုံပြု သောတန်ဆာ
ဘုရားသခင်အသုံးပြုသောတန်ဆာဟာမကောင်းမှုကိုပယ်ပြီးကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်ကြောင်းအငယ်၂၁မှာဖော်ပြပါတယ်။ဆိုလိုရင်းကကောင်းမှုပြုနိုင်လို့ဘုရားကအသုံးပြုတာမဟုတ်ဘူး၊အသုံးပြုခံရခြင်းဟာကောင်းမှုပြုဖို့ဖြစ်ပါတယ်။၂တိ၃:၇နဲ့တိတု၃:၁မှာလဲကောင်းမှုပြုဖို့သွန်သင်ထားပါတယ်။တနည်းအားဖြင့်ကောင်းမှုကြောင့်ကယ်တင်ခြင်းရတာမဟုတ်ပေမဲ့ကယ်တင်ခြင်းရပြီးသောခရစ်ယာန်ယုံကြည်သူတစ်ယောက်ဟာကောင်းမှုပြုဖို့အတွက်ဖြစ်လာပါတယ်(ဧဖက်ဩဝါဒစာ ၂:၉-၁၀)။ ဆိုတော့ဒီနေရာမှာသတိထားရမှာကကောင်းမှုပြုခြင်းဟာသန့်ရှင်းစင်ကြယ်ပြီးမှဆိုတာပါဘဲ၊ကိုယ့်ကိုကိုယ်သန့်ရှင်းစင်ကြယ်မှုမရှိသေးဘဲပြုသောကောင်းမှုဟာဘုရားရှေ့မှာမစင်ရေနဲ့ရေချိုးနေသလိုညစ်ပေနေမြဲပါ။ဒါကြောင့်ယေရှုခရစ်၌သန့်ရှင်းစင်ကြယ်မှုကိုရရှိပြီးမှသာကောင်းမှုအမျိုးမျိုးကိုပြုဖို့ပြင်ဆင်နိုင်ပါလိမ့်မည်။ပြင်ဆင်တယ်လို့ပြောလိုက်တဲ့အခါမှာကိုယ့်အလိုအတိုင်းကောင်းမှုပြုချင်မှပြု၊မပြုင်ရင်မပြုတာမျိုးမဟုတ်ပါ၊ဘုရားသခင်ရဲ့အလိုတော်အတိုင်းကောင်းမှုများကိုပြင်ဆင်ပြီးသေချာလုပ်ခြင်းပင်။ကောင်းမှုအားလုံးဆိုတဲ့နေရာမှာလည်းလူ့သဘောနဲ့သတ်မှတ်ထားတဲ့လောကစံချိန်ကောင်းမှုအားလုံးကိုပြောခြင်းမဟုတ်ဘဲဘုရားသခင်သတ်မှတ်ထားသောကောင်းမှုအလုံးစုံကိုဆိုလိုခြင်းပင်ဖြစ်သည်။ထိုကြောင့်ဘုရားသခင်အသုံးပြုသောတန်ဆာသည်ကောင်းမူအလုံးစုံကိုပြုဖို့ပြင်ဆင်ခံသောသူများဖြစ်ကြပါသည်။

နိဂုံး
ဒီဝေငှချက်လေးအားဖြင့်သိရမှာကယုံကြည်သူများဘုရားအသုံးတော်ခံရန်ကိုယ်စိတ်နှလုံးသန့်ရှင်းစင်ကြယ်ဖို့လိုအပ်ပါတယ်။အသင်းတော်သမိုင်းကိုကြည့်မယ်ဆိုရင်လဲဘုရားသခင်အသုံးပြုခဲ့တဲ့လူတွေဟာမကောင်းမှုပယ်ပြီးကောင်းမှုလုပ်ကိုင်ကြသူတွေပါဘဲ။တခါတလေမှာအားနည်းပြီးအပြစ်ထဲနှစ်မျောသွားတတ်ပေမဲ့၊လဲကျရာကနေပြန်ထနိုင်ခဲ့သူတွေပါ။ဒီလိုလူတွေကိုဘုရားသခင်ကကောင်းမှုအလုံးစုံးပြုလုပ်စေဖို့ပြင်ဆင်ထားသောတန်ဆာပလာဖြစ်ပါတယ်။ထို့ကြောင့်ကျွန်ုပ်တို့အသက်တာမှာဘယ်အရာကညစ်ညူးနေသလဲဆင်ခြင်လှည့်ပါ၊ဘုရားသတ်မှတ်ထားတဲ့ကောင်းမှုကိုပြုဖို့ရန်ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ပါ။ဖတ်ရှုသူအားလုံးဘုရားသခင်အသုံးပြုသောတန်ဆာများဖြစ်ကြပါစေ။

၂တိ၂:၂၀-၂၂ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာ ရှိသည်မဟုတ်၊ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိကို စင်ကြယ်စေသောသူမည်သည်ကား၊ အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်