စနေ, ဧပြီ 20, 2024

သခင့်အတွက်အကောင်းဆုံးမွေးနေ့လက်ဆောင်

အခြေပြုကျမ်း-လုကာ၁:၃၈၊ ၂:၁၃-၁၄၊ မသဲ၂:၉-၁၁၊ ရောမ၁၂:၁

နိဒါန်း

ခရစ္စမတ်(Christmas)ဆိုတာChristဆိုတဲ့အင်္ဂလိပ်စကားလုံးနဲ့Masဆိုတဲ့လာတင်စကားလုံးကိုပေါင်းစပ်ထားပြီးအသံထွက်ကိုမြန်မာမှုပြုထားတာပါ။ChristဆိုတာဂရိလိုΧριστόςသို့Christosကနေဆင်းသက်လာပြီးဘိသိတ်ခံရသူ(မေရှိယ)လို့အဓိပ္ပယ်ရပါတယ်။ChristကိိုုΧριστόςရဲ့အတိုကောက်” X” လို့လဲရေးနိုင်ပါတယ်။Masဆိုတာလာတင်(Latin)ဘာသာစကားဖြစ်တဲ့မီစား(missa)ကနေဆင်းသက်လာပြီး အမှုပြီးခြင်း(dismissal)ဖြစ်ပါတယ်။တနည်းအားဖြင့်ခရစ္စမတ် (Christmas)ဆိုတာခရစ်တော်မွေးဖွားခြင်းတခုတည်းမဟုတ်ဘဲသေခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဖြစ်တဲ့ကယ်တင်ခြင်းအမှုပြီးခြင်းလို့ပြောရင်လဲမမှားပါဘူး။ဒါကခရစ္စမတ်အကြောင်းအတိုချုပ်ရှင်းပြလိုက်တာပါ၊ဒီနေ့အဓိကပြောချင်တာကတော့ကယ်တင်ပိုင်ရှင်မွေးဖွားတာကိုကြိုဆိုပြီးမွေးနေ့ပွဲတွေလုပ်ကြတော့မယ်ဆိုရင်မွေးနေ့ရှင်အတွက်သင်ဘာလက်ဆောင်ပြင်ဆင်ထားပြီလဲ?ဒါကိုအတူတကွဆင်ခြင်ကြရအောင်။အဦးဆုံးသမ္မာကျမ်းစာထဲကလူတွေရဲ့နမူနာတချို့ကိုဖော်ပြချင်ပါတယ်…

၁။မိမိကိုယ်ကိုဆက်ကပ်တဲ့မာရိ

မနေ့ယနေ့နောင်ကာလထိတည်ရှိတဲ့ထာဝရဘုရားသခင်ဟာဣသရေလလူမျိုးထဲကအမျိုးသမီးလေးတဦးဖြစ်တဲ့မာရိရဲ့ဝမ်းကနေလူ့ဇာတိခံဖို့ပြောလာတဲ့အခါမာရိက၊အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးချီးမွမ်းခဲ့ပါတယ်(လုကာ ၁:၃၈၊၄၆)။ဒီကြီးမားတဲ့အရာကိုလက်ခံဖို့ဆိုတာသူ့ချစ်သူရဲ့ပစ်ပယ်မှုအပါအဝင်အရှက်တရားနဲ့အသက်ပါပေးရတဲ့အထိပေးဆပ်ရမဲ့လမ်းပါ၊ဒါပေမဲ့မာရိကတော့နာခံခြင်းအသက်တာနဲ့နောက်လူတွေအားလုံးအတွက်စံပြဖြစ်ခဲ့တယ်၊မေရှိယရဲ့လူ့ဇာတိခံအမေပါဆိုပြီးရာထူးယူနေတာမရှိသလိုမိမိကိုယ်ကိုယ်အသုံးတော်ခံအဖြစ်နားလည်သဘောပေါက်ထားသူပါ။ဒါကြောင့်လဲသမ္မာကျမ်းစာကသူမကိုမင်္ဂလာအရှိဆုံးအမျိုးသမီးလို့တင်စားခဲ့တာပါ။ယနေ့လူသားတိုင်းဟာမိမိကိုယ်ကိုယ်အချစ်ဆုံးလို့ပြောရင်မှားမယ်မထင်ပါဘူး၊ဒါပေမယ့်မာရိကတော့သူအချစ်ဆုံးအမြတ်နိုးဆုံးဖြစ်တဲ့သူ့ခန္ဓာစိတ်ဝိညာဉ်နဲ့ဘဝတခုလုံးကိုယေရှုခရစ်တော်အတွက်ပူဇော်ခဲ့ပါတယ်။ဒါဟာဘုရားသခင်ရဲ့ကျေးဇူးကိုတုန့်ပြန်တဲ့အမွန်မြတ်ဆုံးလက်ဆောင်ပါဘဲ။ချစ်မိတ်ဆွေယနေ့သင်ကောသခင့်အတွက်ပူဇော်ဖို့ဘာလက်ဆောင်ပြင်ဆင်ထားပြီလဲ?

၂။ချီးမွမ်းခြင်းဖြင့်ဆက်ကပ်သောကောင်းကင်တမန်များ

မေရှိယရှင်ဖွားမြင်တဲ့အချိန်မှာကောင်းကင်ဗိုလ်ခြေများချီးမွမ်းသီချင်းတပုဒ်သီဆိုခဲ့ကြပါတယ်၊အဲဒီသီချင်းစာသားကတော့” ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်း” ဖြစ်ပါတယ်။တနည်းအားဖြင့်ခရစ်တော်ရဲ့မွေးဖွားခြင်းဟာခမည်းတော်ဘုရားရဲ့ဘုန်းထင်ရှားဖို့ဖြစ်သလို၊လူသားအားလုံးရဲ့ငြိမ်သက်ခြင်းအရင်းမြစ်လဲဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာဖြစ်တဲ့ဒီဘုရားလူ့ဇာတိလာခံတဲ့အခါလူ့လောကမြေကြီးပေါ်မှာပြည့်စုံတဲ့မေတ္တာဂရုဏာရှိလာနိုင်မှာဘဲဖြစ်တယ်။ဒါကောင်းကင်တမန်ဆိုသွားတဲ့သီချင်းစာသားအဓိပ္ပာယ်ပါ။အမြင့်ဆုံးသောဘုရားကိုအကောင်းဆုံးချီးမွမ်းခြင်းနဲ့ကောင်းကင်တမန်တွေဆက်ကပ်ပူဇော်ခဲ့တာဘဲဖြစ်ပါတယ်။ချစ်မိတ်ဆွေယနေ့သင်ကောသခင့်အတွက်ပူဇော်ဖို့ဘာလက်ဆောင်ပြင်ဆင်ထားပြီလဲ?

၃။ရတနာတွေဆက်ကပ်တဲ့မာဂုပညာရှင်များ

မေရှိယရှင်ဖွားမြင်တဲ့အချိန်မှာအရှေ့အရပ်ကမာဂုပညာရှိတွေဟာကောင်းကင်ပေါ်ကကြယ်ကြီးကိုတွေ့ပြီးဘုရင်တပါးဖွားမြင်ကြောင်းအဝေးတနေရာကနေသိခဲ့ကြပါတယ်။ဒါကြောင့်ဒီဘုရင်ကိုဖူးမြော်ဖို့ရတနာတွေကိုယ်စီဆောင်ပြီးဝေးလံတဲ့နေရာကနေအခက်ခဲပေါင်းများစွာဖြတ်သန်းပြီးမွေးဖွားခဲ့တဲ့ရှင်ဘုရင်သစ်ကိုလာရှာကြပါတော့တယ်။အခက်ခဲပေါင်းမြောက်များစွာကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ဗက်လင်မြို့ရဲ့နွားတင်းကုတ်လေးမှာမေရှိယကိုရှာတွေ့ခဲ့ကြပြီးသူတို့ပါလာကြတဲ့အဖိုးတန်ရတနာ ရွှေ၊လောဗန်နဲ့မုရန်ကိုဆက်ကပ်ပူဇော်ပသခဲ့ကြပါတယ်။ချစ်သောမိတ်ဆွေ၊ယနေ့သင်ကောသခင့်အတွက်ပူဇော်ဖို့ဘာလက်ဆောင်ပြင်ဆင်ထားပြီလဲ?

၄။အသက်ရှင်သောယဇ်ကိုပူဇော်ခြင်း

ချစ်သောမိတ်ဆွေ၊မာရိဟာမိမိဘဝတခုလုံးခရစ်တော်အတွက်ဆက်ကပ်ခဲ့ပါပြီ၊ရေတွက်မကုန်နိုင်တဲ့ကောင်းကင်တမန်များလည်းအမြင့်ဆုံးသောချီးမွမ်းခြင်းကိုပူဇော်ခဲ့ကြပါပြီ၊နောက်ဆုံးဣသရေလလူမျိုးတောင်မဟုတ်ကြတဲ့ဟိုး…ဝေးလံတဲ့နေရပ်ကပညာရှင်တချို့တောင်အခက်ခဲကြားကအရောက်လာခဲ့ပြီးမွေးလာတဲ့ရှင်ဘုရင်သစ်ကိုအဖိုးတန်ရတနာတွေနဲ့ပူဇော်ခဲ့ကြပြီလေ။ယနေ့သင်ကောကယ်တင်ရှင်မေရှိယသခင်အတွက်ပူဇော်ဖို့ဘာလက်ဆောင်ပြင်ဆင်ထားပြီလဲ?သို့မဟုတ်ဘာပေးရင်ကောင်းမလဲလို့စဉ်းစားရခက်နေပြီလား?မပူပါနဲ့မိတ်ဆွေ၊သမ္မာကျမ်းစာရောမဩဝါဒစာ ၁၂:၁မှာသူငယ်တော်အတွက်ပူဇော်ဖို့အကောင်းဆုံးလက်ဆောင်ကိုဖော်ပြထားပါတယ်…ဖတ်ကြည့်ရအောင်” ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။” …ချစ်မိတ်ဆွေဒီကျမ်းစာထဲမှာလူတိုင်းမိမိကိုယ်ကိုအသက်ရှင်သောယဇ်အဖြစ်ပူဇော်ဖို့တိုက်တွန်းထားပြီးဒီယဇ်ဟာဘုရားသခင်နှစ်သက်သောယဇ်ဖြစ်ကြောင်းရှင်းလင်းစွာဖော်ပြထားပါတယ်။

နိဂုံး

ချစ်သောမိတ်ဆွေ၊လာမယ့်သူငယ်တော်မွေးနေ့မှာသင်ဘာလက်ဆောင်ပေးဖို့ပြင်ဆင်ထားပြီလဲ?ငွေလားအစားအသောက်လား?သီချင်းသံလား?အခြားအရာတွေလား?ဒီအရာတွေဟာကောင်းပေမယ့်ကျမ်းစာမှာတော့သူငယ်တော်အတွက်အကောင်းဆုံးလက်ဆောင်ဟာခန္ဓာစိတ်ဝိညာဉ်အားလုံးကို” အသက်ရှင်သောယဇ်” အဖြစ်ပေးခြင်းဖြစ်ပြီး၊ဒီလက်ဆောင်ဟာဘုရားသခင်အနှစ်သက်ဆုံးပါလို့ဖော်ပြထားပါပြီ၊ဒါကြောင့်ယနေ့ကိုယ်ပေးချင်တဲ့လက်ဆောင်ကိုပေးခြင်းထက်မွေးနေ့ရှင်နှစ်သက်တဲ့အရာကိုပေးကြရအောင်လား?

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်