စနေ, ဧပြီ 20, 2024

သင်ဘုရားဝတ်ပြုချိန်ဖုန်းသုံးပါသလား?

နိဒါန်း

21ရာစုရဲ့နည်းပညာတိုးတက်မှုဟာအရှိန်တဟုန်ထိုးပါဘဲ၊ဒါဟာကောင်းကျိုးသယ်လာသလိုဆိုးကျိုးလဲမနည်းပါဘူး။ဒီထဲမှာယုံကြည်သူများဘုရားဝတ်ပြုချိန်မှာဖုန်းတကားကားနဲ့ဖြစ်နေကြတာအတော်ဆိုးတဲ့ပြဿနာတခုပါ။လက်ရှိအသင်းတော်အများစုမှာဖြစ်ပျက်နေတာက…ဖုန်းနဲ့သီချင်းစာသားကြည့်ဆိုသလိုလို၊ဖုန်းနဲ့ကျမ်းစာကြည့်သလိုလိုနဲ့၊မထင်ရင်မထင်သလိုfacebookတို့တခြားappကိုဝင်ဝင်ရှိုးမယ်၊အရင်ကလူဆိုရင်ဆရာတွေတရားအရှည်ကြီးဟောမှာကိုကြောက်ကြတယ်၊ခုခေတ်ကတော့တရားအကြာကြီးဟောတဲ့ဆရာကိုမှနှစ်သက်ကြတယ်၊တရားဟောကြာလေလေအောက်ကနေဖုန်းပွတ်ဖို့အချိန်ရလေလေဖြစ်နေလို့လားဘဲ။တချို့ဆိုဝတ်ပြုနေတုန်းအသံကျယ်ကျယ်နဲ့ဖုန်းလာလို့အားလုံးပျာယာခတ်၊ဒါတွင်ဘယ်ကမလဲဖုန်းထကိုင်ပြီးအသံဗြဲကြီးနဲ့အော်ပြောလိုက်သေးတယ်၊လူငယ်တွေကတော့အသံတိတ်ကလိတာပေါ့နော်။ဘာဘဲပြောပြောယုံကြည်သူအားလုံးကိုဝတ်ပြုချိန်ဖုန်းသုံးသင့်သလားမေးရင်အားလုံးလိုလိုမသုံးသင့်ဘူးလို့ပြောမှာတော့သေချာတယ်၊သုံးနေတဲ့သူကို၌ကလဲသိပြီးသားဖြစ်မှာပါ။ဒါကြောင့်ဒီနေရာကနေကျမ်းချက်အနည်းငယ်ထည့်ပြီးသတိပေးရင်းအတူတကွဆင်ခြင်ပါရစေ။

၁။ဘုရားသခင်ကိုရိုသေခြင်း

ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂:၂၀မှာဒီလိုဖော်ပြထားပါတယ်၊” ထာဝရဘုရားမူကား၊ သန့်ရှင်းသော ဗိမာန်တော်၌ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။” …ဘုရားသခင်ရဲ့အိမ်တော်ဆိုတာယုံကြည်သူများစုရုံးရာကိုဆိုလိုရပါ့မယ်၊စုရုံးဝတ်ပြုချိန်မှာခန္ဓာစိတ်ဝိညာဉ်သန့်ရှင်းနေရပါမယ်၊ရှောလမုန်မင်းကြီးလဲဒေသနာကျမ်း၅:၁မှာဒီလိုသတိပေးထားတယ်” ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့ “ တဲ့…။ယုံကြည်သူတယောက်ဟာတချိန်တည်းမှာဖုန်းပွတ်ပြီးနာမ်ဝိညာဉ်နဲ့သစ္စာနဲ့ဝတ်ပြုဖို့မဖြစ်နိုင်သလို၊စစ်မှန်တဲ့ဝတ်ပြုခြင်းထဲမှာနေတဲ့ယုံကြည်သူတယောက်ဟာလည်းဝတ်ပြုချိန်ဖုန်းပွတ်နေမှာမဟုတ်ပါ။ဖုန်းပွတ်နေတာအကြောင်းပြချက်အမျိုးမျိုးရှိကောင်းရှိပါလိမ့်မယ်၊ဒါပေမဲ့ဘုရားသခင်သိပါတယ်။နောက်ဆုံးတချက်ကဒီလိုဆင်ခြင်ကြည့်ပါ…” အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ…” လို့ကျနော်တို့အမြဲဆုတောင်းတတ်ကြပြီး၊လက်တွေ့ဝတ်ပြုချိန်မှာဖုန်းပွတ်နေရင်တော့အပြစ်သွေးဆောင်ရာထဲကိုယ်တိုင်တိုးဝင်နေတာမဟုတ်လားညီကိုမောင်နှမတို့။

၂။အသင်းတော်အားနာခံခြင်း

ဟေဗြဲဩဝါဒစာ ၁၃:၁၇ “ သင်တို့ကို အုပ်သောသူတို့၏စကားကိုနားထောင်၍နှိမ့်ချလျက်နေကြလော့” …လို့သွန်သင်ထားပါတယ်။ဒီနေရာမှာပြောတဲ့အုပ်သောသူဆိုတာဝိညာဉ်ရေးရာခေါင်းဆောင်လမ်းပြသူဖြစ်ပါတယ်၊အထူးသဖြင့်အသင်းတော်လို့နားလည်ရပါတယ်။အသင်းတော်ဆိုတာဘုရားသခင်ရဲ့အာဏာကိုကိုယ်စားပြုပါတယ်၊အကယ်၍အသင်းတော်ဝတ်ပြုချိန်ဖုန်းမပိတ်ထားဘဲအသံဖွင့်ထားနေစမြဲဆိုရင်အသင်းတော်ကိုမထီမဲ့မြင်ပြုသလိုဘုရားသခင်ကိုလဲမလေးစားရာရောက်ပါတယ်။ဒါကြောင့်လဲရှမွေလကဘုရားစကားဆင့်ဆိုရာ” အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။” လို့ပြောခဲ့တာပေါ့။ယနေ့သင်ဘုရားစကားကိုနားထောင်မည်လော?

၃။အမှုတော်ဆောင်များကိုလေးစားခြင်း

သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၁၂-၁၃ မှာ” အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊လေးစားကြပါ” …လို့မှတ်သားထားပါတယ်။အမှုတော်ဆောင်များပလ္လင်ပေါ်မှာဘုရားက်ုယ်စားနူတ်ကပတ်တော်ဆင့်ဆိုဟောကြားနေချိန်၊ကိုယ်ကခေါင်းငုံ့ပြီးဖုန်းပွတ်နေရင်ဖြင့်မလေးစားရာရောက်ပါတယ်၊ဘုရားကိုလဲမရိုမသေဖြစ်သွားပါပြီ။ကျနော်တို့တွေအချိန်တပတ်လုံးလွတ်လပ်နေထိုင်ရှာစားပြီးသကာလ၊ဝတ်ပြုချိန်၂နာရီလေးမှာတောင်ဖုန်းပွတ်နေရင်ဘယ်လိုပြောရတော့မလဲ?ဒီနေ့နိုင်ငံတော်သမ္မတသင့်ရှေ့မှာစကားပြောနေရင်သင်ခေါင်းငြိမ့်ဖုန်းပွတ်ပြီးနားထောင်မှာလား?သင်ဝတ်ပြုချိန်ဖုန်းပွတ်တာအကျင့်ရှိနေရင်ဒါလေးသတိယပါ၊သင်ကိုးကွယ်နေတာကဘုရင်တကာဘုရင်၊အရှင်တကာအရှင်ဆိုတာကိုပေါ့။

၄။သူတပါးထိမိလဲစရာမဖြစ်အောင်

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၆:၃” တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်း တစုံတခုကိုမျှမပြု” …လို့ဖော်ပြထားပါတယ်။ဘုရားဝတ်ပြုတဲ့အခါအားလုံးတိတ်စိတ်ပြီးတရားဟောနားထောင်နေတဲ့အခါသင့်ဖုန်းကချက်ချင်းထမြည်လာရင်အားလုံးအတွက်အနှောက်ယှက်ဖြစ်စေပါတယ်၊ဒီနေရာမှာမယုံကြည်သူတွေလာပြီးပါဝင်နေရင်ထိမိလဲစရာဖြစ်စေမှာဧကန်ပါ။ဒါကြောင့်ကိုယ့်ဖုန်းအားဖြင့်ဘုရားမျက်နှာပျက်စေမဲ့အလုပ်မလုပ်ပါနဲ့၊ကိုယ်တစ်ယောက်ထဲရဲ့အပြုအမှုကြောင့်အားလုံးရဲ့ကိုးကွယ်မှုကိုအနှောင့်အယှက်မဖြစ်စေပါနဲ့။ယုံကြည်သူအချင်းချင်းလေးစားမှုလေးတော့ထားပါ။သူတပါးခံစားချက်ကိုနားလည်ပါ။ထိမိလဲစရာမဖြစ်စေပါနဲ့။

နိဂုံး

ချစ်သောမိတ်ဆွေ၊အသင်းတော်ဆိုတာသင်စီးပွားရေးလုပ်တဲ့နေရာမဟုတ်သလိုဂိမ်းဆိုင်လဲမဟုတ်ပါဘူး၊သင်ကိုယ်တိုင်ကဘုရားကျောင်းရောက်နေပေမဲ့စိတ်ကအပြင်စီးပွားရေးလောကနဲ့အပျော်အပါးမှာရောက်နေရင်သင့်ရဲ့ဝတ်ပြုခြင်းကအချည်းနှီးဖြစ်နေပါပြီ။မဿဲ၊မာကု၊လုကာတွေရေးတဲ့ခရစ်ဝင်ကျမ်းထဲမှာသခင်ယေရှုကိုယ်တိုင်ဗိမာန်တော်မှာစီးပွားရေးလုပ်နေတဲ့သူ၊သူတပါးဆုတောင်းခြင်းကိုနှောင်ယှက်နေသူတွေကိုမောင်းထုတ်ခဲ့တာသတိယပါ။သခင်‌‌ယေရှုခေတ်ကာလမှာသိုးနွားဆူညံသံ‌တွေကဗိမာန်‌တော်ဝတ်ပြုခြင်းကို‌နှောင့်ယှက်‌နေခဲ့ပါတယ်။ဒီ‌နေ့အသင်း‌တော်မှာ‌တော့ဖုန်းသံ‌တွေဟာဝတ်ပြုခြင်းကို‌နှောင့်‌ယှက်‌နေပါပြီ။ဒါကြောင့်ယနေ့သင့်ဖုန်းသံအားဖြင့်အသင်းတော်တခုလုံးမညစ်ညူးပါစေနှင့်။ဖြစ်နိုင်ရင်ဘုရားကျောင်းဝတ်ပြုသွားချိန်၂နာရီအတောတွင်းဖုန်းမကိုင်သွားပါနဲ့။လုပ်ကြည့်ပါ၊စမ်းကြည့်ပါ။ဒီလာမဲ့အပတ်ကနေစကြည့်ပါ။ယေရှုနာမဖြင့်ပေါ့။အဓိကကတော့အမှုတော်ဆောင်တွေကနေစရပါ့မယ်၊တရားတော့ဟောပြီးအမှုတော်ဆောင်ကိုယ်တိုင်ဖုန်းတကားကားဖြစ်နေရင်ဖြင့်တကယ့်ပြောစရာပါဘဲ၊တရားဟောဘယ်လောက်ကောင်းကောင်းလက်တွေ့အသက်တာမရှိရင်တော့အချည်းနှီးပါ။အကယ်၍မယူမရဆိုရင်(ယုံကြည်ခြင်းခိုင်မာနေရင်ပေါ့)ဝတ်ပြုချိန်ဖုန်းကိုAirplane modeလုပ်ထားပါ၊အသံပိတ်ထားပါ။ဘုရားသခင်ကောင်းကြီးပေးပါစေ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်