စနေ, ဧပြီ 20, 2024

သမ္မာကျမ်းစာထဲမှကလေးရခဲ့ကြသောအမြုံမ(၇)ဦး

အမြုံမဆိုတာယောကျ်ားဖက်ကဘာပြဿနာမှမရှိဘဲမိမိကိုယ်၊ကလေးမရနိုင်မမွေးနိုင်တဲ့အမျိုးသမီးကိုခေါ်ပါတယ်။သမ္မာကျမ်းစာတစ်အုပ်လုံးထဲမှာဒီလိုအမျိုးသမီးအများကြီးတွေ့ရပေမယ့်၊အံ့ဘွယ်ကလေးရသွားတဲ့အမျိုးသမီးကတော့၇ဦးရှိတာလေ့လာတွေ့ရှိရပါတယ်။ဒီထဲမှာပိုပြီးအံ့သြစရာကောင်းတာကအစ္စရေးလူမျိုးတို့ရဲ့ဘိုးဘေးတွေဖြစ်ကြတဲ့အာဗြံဟံ၊ဣဇက်၊ယာကုပ်(ဘိုးမြေးသုံးဆက်)တွေရဲ့ဇနီးတွေအမြုံမစာရင်းထဲပါဝင်နေခဲ့ကြတာပါဘဲ။ဒါပေမယ့်ဒီလူတွေဟာဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့်အံ့သြဖွယ်ကလေးရခဲ့ကြတာကျမ်းစာထဲမှာမှတ်သားထားပါတယ်။ဒီစာစုမှာသူတို့တစ်ယောက်ချင်းဆီကိုအကျဉ်းချုံးအနေနဲ့တင်ပြလိုက်ပါတယ်။

၁။အာဗြံဟံဇနီးစာရာ(ကမ္ဘာဦးကျမ်း၁၁:၃၀၊၁၇:၁၅-၁၉၊၁၈:၉-၁၅၊၂၀:၁-၃)

အာဗြံဟံဆိုတာနောဧရဲ့သားရှေမကနေဆင်းသက်လာတာပါ။ဘုရားသခင်ကိုယုံကြည်ကိုင်းရှိုင်းတဲ့အတွက်သူ့ကိုဘုရားကစတင်‌ရွေးကောက်ပါတယ်၊သူ့မိန်းမကအမြုံမပါ။နဂိုအမည်ကစာရဲဖြစ်ပေမယ့်ဘုရားသခင်ကနေသူ့ကိုကလေးတစ်ယောက်ပေးမှာဖြစ်ကြောင်းနဲ့သူ့နာမည်ကိုစာရာအဖြစ်ပြောင်းခေါ်ရမှာဖြစ်ကြောင်းမိန့်မူပါတယ်။စာရာဆိုတဲ့အဓိပ္ပာယ်ဟာ“တိုင်းနိုင်ငံတွေရဲ့မိခင်”လို့သက်ရောက်ပါတယ်။ဘုရားစကားကိုကောင်းကင်တမန်‌တွေကတဆင့်ကြားလိုက်ရတဲ့အာဗြံဟံနဲ့စာရာတို့ဟာမိမိအသက်၁၀၀/၉၀လောက်ရှိနေပြီမို့မယုံရဲကြဘဲစိတ်ထဲကနေဟား နေမိခဲ့ပါတယ်။ဒါကိုကောင်းကင်တမန်သိသွားလို့ဘုရားသခင်မှာမဖြစ်နိုင်တာမရှိဘူးဆိုတာသေချာပြောပြခဲ့ပြီး၊နောက်နှစ်ဒီချိန်မှာကလေးရမယ်ဆိုတာသေချာပြောခဲ့ပါသေးတယ်။ဒါကိုသူတို့လင်မယားကဘယ်လိုဖြစ်နိုင်မလဲဆိုပြီးမယုံသင်ကာဖြစ်‌ နေဆဲပါဘဲ။ဒါကြောင့်လဲစာရာကသူကလေးမရနိုင်ဘူးလို့ထင်ပြီးသူ့အစေခံမကိုနောက်ပိုင်းမှာသူ့ယောကျ်ားနဲ့ပေးစားပြီးမျိုးဆက်ယူခဲ့ပါတယ်၊ဒါကဘုရားပြောတဲ့ကလေးရမယ်ဆိုတဲ့နည်းလမ်းဖြစ်မယ်လို့သူတို့ယူစလို့ပါ။ဒါပေမယ့်ဘုရားက တော့သူပြောထားတဲ့အတိုင်းစာရာ(အမြုံမ)ကိုတကယ်ဘဲမိမိရင်သွေးဣဇက်ကိုရစေခဲ့ပါတယ်။သူတို့မယုံကြည်ဘဲအပိုလုပ်ခဲ့တဲ့အခိုင်းစေမကနေမွေးလာတဲ့ကလေးဣရှမေလမျိုးဆက်တွေဟာဒီနေ့ထိသူ့သားရင်းဣဇက်ကနေမွေးဖွားလာတဲ့အစ္စရေးတွေနဲ့ကမ္ဘာရန်သူဖြစ်နေခဲ့ပါတော့တယ်၊ဒါဟာအမြုံမကိုဘုရားပြုတဲ့အံ့သြဖွယ်တန်ခိုးဖြစ်သလိုမယုံသင်ကာနဲ့ဘုရားစကားကိုအပိုတွေထပ်မထည့်ဖို့သင်ခန်းစာပါဘဲ။

၂။ဣဇက်ဇနီးရေဗက္က(ကမ္ဘာဦးကျမ်း၂၅:၂၁)

ကမ္ဘာဦးကျမ်း၂၅:၂၁ထဲမှာဒီလိုဆိုထားပါတယ်“ဣဇက်သည် မိမိမယားရေဗက္ကမြုံသောကြောင့် ၊ထာဝရဘုရားကို‌တောင်းပန်၍၊ထာဝရဘုရားနားထောင်တော်မူသဖြင့်၊သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။”
ဣဇက်ဆိုသူကတော့အပေါ်ကပြောခဲ့တဲ့အာဗြံဟံနဲ့စာရာတို့ရဲ့အသက်ကြီးမှမွေးတဲ့တစ်ဦးတည်းသောသားဖြစ်ပါတယ်။သူကိုမိန်းမရှာပေးဖို့အဖေအာဗြံဟံကိုယ်တိုင်အစေခံတွေလွတ်ပြီးမိမိဇာတိနေရပ်ကနေရှာလာခိုင်းခဲ့တဲ့၊အင်မတန်ချောမောလှပတဲ့ဇနီးရေဗက္ကဖြစ်ပါတယ်။ရေဗက္ကဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့” အလှတရားနှင့်ဆွဲဆောင်နိုင်သူ” သို့မဟုတ်” နှစ်သက်မြတ်နိုးခြင်းခံရသူ” ပါ။စိတ်မကောင်းစွာနဲ့ဘဲရေဗက္ကကတော့နဂိုမြုံနေတယ်လို့ကျမ်းစာကဆိုပါတယ်၊ဒါပေမယ့်ခင်ပွန်းဖြစ်သူဣဇက်ကတော့သူ့အဖေလိုဘုရားသခင်ကိုယုံကြည်တဲ့အတွက်သူ့မိန်းမကိုယ်စားဘုရားသခင်ဆီဆုတောင်းခံခဲ့ပါတယ်၊တကယ်လဲဘုရားသခင်ကမြုံနေတဲ့ရေဗက္ကကိုပဋိသန္ဓေရစေခဲ့ပြီးအမွာပူး(ဧသောနဲ့ယာကုပ်)တောင်ပေးခဲ့ပါသေးတယ်။ဒါဟာအံ့သြဖွယ်တန်ခိုးပါဘဲ။
ယနေ့ကလေးမရနိုင်တဲ့လင်မယားတွေအတွက်ယုံကြည်စွာနဲ့ကိုယ်စားပြုဆုတောင်းပေးလို့ရကြောင်းခွန်အားယူစရာပါ။

၃။ယာကုပ်ဇနီးရာခေလ(ကမ္ဘာဦးကျမ်း၃၀:၂၂-၂၄)

ကမ္ဘာဦးကျမ်း၃၀:၂၂-၂၄မှာ” ထိုအခါ ဘုရားသခင်သည် ရာခေလကိုအောက်မေ့တော်မူ၏။ သူ၏စကားကိုနားထောင်၍၊သားဖွားသောအခွင့်ကိုပေးတော်မူသဖြင့်၊ သူသည်ပဋိသန္ဓေယူ၍သားကိုဖွားမြင်လျှင်၊ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကိုဘုရားသခင်သည်ပယ်တော်မူပြီဟူ၍လည်းကောင်း၊ ထာဝရဘုရားသည် အခြားသောသားကိုထပ်၍ပေးတော်မူပါစေသောဟူ၍လည်းကောင်းဆိုလျက်၊ထိုသားကိုယောသပ်အမည်ဖြင့်မှည့်လေ၏။” လို့ဆိုပါတယ်။
ယာကုပ်ဆိုတာဣဇက်နဲ့ရေဗက္ကတို့ရဲ့ဒုတိယသားပါ၊သူ့မှာအမွာအကိုဧသောရှိပါသေးတယ်။သူ့အကိုနဲ့အဖေကိုလိမ်ခဲ့လို့ဦး‌ လေးဆီထွက်ပြေးတိမ်းရှောင်‌ နေရတာပါ။ဦးလေးအိမ်မှာအလုပ်လုပ်ရင်းဦးလေးသမီးဖြစ်တဲ့လေအာနဲ့ရာခေလကိုရှေ့နောက်ယူခဲ့ပါတယ်။ဒီမှာသူချစ်တဲ့ရာခေလကဖြစ်ချင်တော့နဂိုမြုံနေတဲ့မိန်းမဖြစ်တယ်လို့ကျမ်းစာကဆိုပါတယ်၊ဒါပေမယ့်ရာခေလကထာဝရဘုရားသခင်ဆီမှာအရင်မတောင်းခံဘဲသူ့နည်းသူ့ဟန်နဲ့သူ့အခိုင်းစေမတွေကတဆင့်မျိုးဆက်ယူဖို့လုပ်ခဲ့ပါ သေးတယ်။နောက်ပိုင်းမှာသူကိုယ်တိုင်ဘုရားသခင်ထံပါးမှာလာပြီးကလေးပေးဖို့အသနားခံဆုတောင်းခဲ့ရာကနေဘုရားနား‌ညောင်းပြီးမြုံနေတဲ့သူ့ကိုသား(ယောသပ်)ဖွားခွင့်ပေးခဲ့ပါတယ်။
ယနေ့သင်ကိုယ်တိုင်စောစောစီးစီးဘုရားသခင်ကိုယုံကြည်ပြီးဆုတောင်းအပ်နှံခဲ့ရင်အံ့သြဖွယ်စောစောဖြစ်တည်လာမှာဖြစ်ကြောင်းခွန်အားပေးချင်ပါတယ်။

၄။မာနော်ဇနီး(တရားသူကြီး၁၃:၁-၅၊၁၃:၂၄-၂၅)

အမည်မဖော်ပြထားတဲ့မိခင်တစ်ဦးပါ။သူမဟာဣသရေလလူမျိုးထဲကဒန်အမျိုးဖြစ်တဲ့မာနော်ဆိုသူရဲ့ဇနီးပါ။တရားသူကြီးရှံဆုန်ရဲ့မိခင်ပေါ့။သားရှံဆုန်ကိုမရခင်သူမဟာမြုံနေတဲ့သူဖြစ်ကြောင်းကျမ်းစာကဆိုပါတယ်၊အဲဒီခေတ်ကာလကဆိုးရွားတဲ့အမှောင်ခေတ်ပြောရပါမယ်၊ဣသရေလူမျိုးတွေဘုရားစကားနားမထောင်လို့ဖိလတ္တိလူလက်ထဲဘုရားသခင်ကအနှစ်၄၀ကျရောက်စေတဲ့အချိန်ပါ။လူတိုင်းအပြစ်လုပ်ချင်သလိုလုပ်နေချိန်မှာမာနော်ဇနီးကတော့ဘုရားသခင်ကိုကိုင်းရှိုင်းသူပါ။ဒါကြောင့်ဘုရားသခင်ကသူ့မကလေးရဖို့မတောင်းပေမယ့်ကလေးပေးမှာဖြစ်ကြောင်းကောင်းကင်တမန်မှတဆင့်ပြောကြားခဲ့ပါတယ်။သူမကလဲဘုရားကောင်းကြီးပေးတာကိုပျော်ရွှင်ကြည်နူးစွာလက်ခံပြီးဘုရားမှာကြားထားတဲ့အတိုင်းစပျစ်ဆိုင်ရာအစားအစာနဲ့သေရေသေရက်ကိုကိုယ်ဝန်ဆောင်ချိန်ကာလတခုလုံးမှာအတိကျလိုက်နာခဲ့ပါတယ်။ဒါဟာဘုရားသခင်ကိုကိုင်းရှိုင်းပြီးဘုရားမှာထားတဲ့အတိုင်းမသွေမတိမ်းလိုက်နာသူတွေအတွက်လိုအပ်ချက်တွေကိုဘုရားကဖြည့်ဆည်းပေးနိုင်ကြောင်းခွန်အားယူနိုင်ပါတယ်။

၅။ဧလကာနဇနီးဟန်န(၁ရာ၁:၁-၂၀)

ဧလကာနဆိုသူမှာဇနီး၂ယောက်ရှိကြောင်းနဲ့တယောက်မှာပေနိန္နလို့အမည်ရပြီးသားသမီးရှိသူပါ၊နောက်တစ်ယောက်ကတော့သားသမီးမရနိုင်ဘဲမြုံနေတဲ့ဟန္နဖြစ်ကြောင်းကျမ်းစာကဆိုထားပါတယ်။သူမဟာမြုံနေပြီးသားသမီးမရနိုင်တဲ့အတွက်ဒီအကြောင်းကိစ္စကြောင့်ဘဲအမြဲနှိမ်ခံနေရသလို၊အထင်သေးခံရ၊အရှက်ရနေမြဲဖြစ်နေတာမို့စားမဝင်အိပ်မပျော်နိုင်ဘဲအမြဲတမ်းမျက်ရည်နဲ့အသက်ရှင်နေရသူပါ။ဒီဒဏ်ရာဒဏ်ချက်တွေကြာလာတဲ့အခါနောက်ဆုံးတော့ဘုရားမျက်မှောက်တော်ဆီရောက်ဖို့တွန်းအားဖြစ်လာစေပါတော့တယ်၊ဒါကြောင့်ဟန္နဟာဘုရားသခင်ရှေ့မှောက်မှာမျိုသိပ်ထားသမျှမျက်ရည်မျက်ခွက်နဲ့ဆုတောင်းခံပါတော့တယ်။ခံစားချက်ပြင်းထန်လွန်းလို့သူဆုတောင်းနေတာကိုယဇ်ပရောဟိတ်ဧလိကတောင်အရက်မူးနေသလားလို့အထင်မှားခဲ့ပါသေးတယ်။နောက်တော့အဖြစ်မှန်ကိုသိပြီးဧလိလဲသူ့ကိုဆုတောင်းပြည့်ပါစေလို့မေတ္တာပို့ခဲ့ပါတယ်။တကယ်လဲသူမရဲ့ပြင်းပြလွန်းတဲ့ရင်ထဲကလာတဲ့ပေါက်ကွဲအသနားခံသံကိုဘုရားနားညောင်းခဲ့ပြီး၊မြုံနေတဲ့သူ့ကိုကလေး(ရှေမွလ)တစ်ယောက်ရစေခဲ့ပါတယ်။ဒါဟာကျွန်တော်ကျွန်မတို့ရဲ့အတွင်းထဲကနေထွက်လာတဲ့ဆုတောင်းချက်တွေကိုဘုရားနားညောင်းပေးကြောင်းခွန်အားယူစရာပါ။

၆။ရှုနင်မြို့ကမိန်းမ(၄ရာ ၄: ၈-၁၇)

အမည်မဖော်ပြထားတဲ့အမျိုးသမီးပါ။ရှုနင်မြို့ဆိုတာ ယေဇရေလမြို့အနီးမှာတည်ရှိတဲ့မြို့ငယ်လေးပါ၊လူသွားလာတဲ့လမ်းမကြီးဘေးမှာတည်ရှိတဲ့အတွက်၊ပရောဖက်ဧလိရှဲဟာခရီးသွားတိုင်းရှုနင်မြို့ကိုဖြတ်နေကျနားနေကျပါ။အဲဒါကိုရှုနင်မြို့အိမ်တအိမ်ကအမျိုးသမီးတစ်ဦးကဧလိရှဲဟာဘုရားလူဆိုတာရိပ်မိပြီးသူ့အိမ်မှာလာတည်းဖို့ဖိတ်ခေါ်ပါတယ်၊သေချာပြုစုကြွေးမွေးပြီးဧည့်ဝတ်‌ ကျေနေမြဲပါ။နောက်တော့ပရောဖက်ဧလိရှဲအတွက်သီးသန့်ဧည့်ခန်းတစ်ခန်းတောင်ပြုလုပ်ပေးခဲ့ကြောင်းကျမ်းစာထဲတွေ့ရမှာပါ။ပရောဖက်ဧလိရှဲကလဲဒီမိသားစုရဲ့ကျေးဇူးကိုတုန့်ပြန်ချင်လို့ဘာလိုလဲမေးခဲ့ပါသေးတယ်၊အမျိုးသမီးကအဲဒီချိန်ဘာမှမတောင်းဆိုခဲ့ပါဘူး၊ဒါပေမယ့်ဧလိရှဲအစေခံနေတဲ့ဂေဟာဇိကဒီအမျိုးသမီးမှာသားသမီးမရှိဘူး(မြုံနေတယ်)လို့ပြောလိုက်တဲ့အခါမှာတော့ပရောဖက်ဧလိရှဲဟာသူ့အဖို့ဆုတောင်းပေးပြီး‌‌နောက်နှစ်မှာသားရလိမ့်မယ်လို့ဒီရှုနင်မြို့ကအမျိုးသမီးကိုပြောခဲ့ပါတယ်။တကယ်လဲဘုရားသခင်ဟာပရောဖက်ဧလိရှဲအားဖြင့်ဆုတောင်းသံနားညောင်းပြီးရှုနင်မြို့ကအမျိုးသမီးကိုကလေးရစေခဲ့ပါတယ်။ဒါဟာဘုရားလူတွေကိုဧည့်ဝတ်ကျေတတ်တဲ့လူ‌ တွေအတွက်ခံစားရမယ့်ကောင်းကြီးရှိကြောင်းခွန်အားယူစရာပါ။

၇။ဇာခရိဇနီးဧလိရှဗက်(လုကာ၁:၅-၃၇)

ဇာခရိဟာယဇ်ပရောဟိတ်ပါ။သူနဲ့ဇနီးဧလိရှဗက်ဟာဘုရားသခင်ကိုရိုသေကိုင်းရှိုင်းသူတွေဖြစ်ပါတယ်၊ဒါပေမယ့်အသက်ကသာအိုလာပြီးကလေးမရဘဲဖြစ်နေကြပါတယ်။ကလေးမရရင်သမ္မာကျမ်းစာခေတ်ကာလအရမိန်းမတွေအတွက်ရှက်စရာနဲ့ယောကျ်ားတွေရဲ့ပစ်ပယ်မှုကိုခံရနိုင်တဲ့အခြေနေပါ။ဒါပေမယ့်ဇခရိကတော့ဆုတောင်ခြင်းနဲ့ဘဲဇနီးနဲ့အတူဖြတ်သန်းနေခဲ့ပါတယ်။သမ္မာဟောင်းကျမ်းကနေသမ္မာသစ်ကျမ်းကြားမှာနှစ်ပေါင်း(၄၀၀)လောက်ဘုရားကလူတွေကိုဘာစကားမှမပြောခဲ့ပါဘူး။သမ္မာသစ်ရောက်တော့အဦးဆုံးအပြောခံရသူကဇာခရိဖြစ်နေတာတွေ့ရပါတယ်။ဘုရားသခင်ကကောင်းကင်တမန်ကနေဇာခရိရဲ့ဆုတောင်းသံကိုနားညောင်းပြီဖြစ်ကြောင်းနဲ့သားတစ်ယောက်မွေးမှာဖြစ်ကြောင်း၊ဒီသားကိုယောဟန်လို့မှည့်ရမှာဖြစ်ကြောင်းပြောလာတဲ့အခါဇာခရိတောင်မယုံကြည်ရဲဖြစ်ခဲ့လို့ဆွံ့အသွားပါသေးတယ်။ဒီလိုနဲ့ဘဲဧလိရှဗက်ဟာကေလးမရနိုင်တဲ့အရွှယ်ကနေယောဟန်ဆိုတဲ့ဣသရေလလူတွေကိုနောင်တဗတ္တိဇံပေးပြီး၊မေရှိယလမ်းကိုပြင်ဆင်ပေးမယ့်သားတစ်ယောက်ကိုရခဲ့ပါတော့တယ်။ဒါဟာယောကျ်ားဖြစ်သူရဲ့အားမလျှော့သောဆုတောင်းခြင်းနဲ့ဇနီးသည်ကိုအမြဲပြုစုနေတတ်တဲ့အပြုမူလေးကြောင့်ဆိုတာယနေ့ဖတ်ရှုသူတွေအတွက်ခွန်အားယူစရာပါဘဲ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်