စနေ, ဧပြီ 20, 2024

သမ္မာကျမ်းစာမှဘဝနေနည်း(၁၈)ချက်

သမ္မာကျမ်းစာကိုလေ့လာဖတ်ရှု့ခြင်းအားဖြင့်လူတယောက်ရဲ့ဘဝနေနည်းကိုဘယ်လိုပြုပြင်ပြောင်းလဲပေးနေသလဲဆိုတာတွေ့မိသလောက်တင်ပြပေးချင်ပါတယ်။

၁။ပညာကိုရစေတယ်

ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ မူလမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းသော သဘောသည် ဉာဏ်ဖြစ်၏။ (သုတ္တံ 9:10)

၂။ရွေးချယ်တတ်စေတယ်

လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။ (မဿဲ16:26)

၃။စကားပြောတတ်စေတယ်

ညစ်ညူးသော စကားတခွန်းကိုမျှ သင်တို့နှုတ်မှမထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက် စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။ (ဧဖက် 4:29)

၄။မိဘကိုရိုသေတတ်စေတယ်

မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ဂတိတော်နှင့််ဆိုင်သော ပဌမပညတ်ဖြစ်၏။ (ဧဖက် 6:3)

၅။ကတိသစ္စာတည်တတ်စေတယ်

မုသာသုံးသော နှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သော သူတို့မူကား၊ နှစ်သက်တော်မူ ဘွယ် ဖြစ်ကြ၏။ (သုတ္တံ12:22)

၆။ရိုးသားစေတယ်

အပြစ်စီရင်ခြင်း နှင့်ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေကြလော့။ (ယာကုပ် 5:12)

၇။ခွင့်လွတ်တတ်စေတယ်

ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ် ကိုဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။ အကြိမ်ခုနစ်ဆယ်ခုနစ်လီ မြောက်အောင်လွှတ်ရမည် ငါဆို၏။ (မဿဲ18:21-22)

၈။နှိမ့်ချတတ်စေတယ်

ပျက်စီးခြင်း အရင်၌ လူသည် စိတ်မြင့်ခြင်း ၏ နေရာ၊ ဂုဏ်အသရေ အရင်၌ နှိမ့်ချခြင်း ၏ နေရာ ရှိ၏။ (သုတ္တံ 18:12)

၉။ပေးဆပ်တတ်စေတယ်

အစွန့်အကြဲခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည် သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်… (တမန် 20:35)

၁၀။စိုးရိမ်ကြောက်စိတ်ကင်းစေတယ်

မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည်သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။ (ဟေရှာ 41:10)

၁၁။တင်းတိမ်ရောင့်ရဲစေတယ်

ငါသည်အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။အဝတ် မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း ဟုဆိုလေ၏။ (ယောဘ1:21)

၁၂။မားမားရပ်တည်နိုင်စေတယ်

ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ၏။ (ဆာလံ 125:1)

၁၃။အသစ်ဖြစ်စေတယ်

လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ။ (၂ကော 5:17)

၁၄။သီးခံတတ်စေတယ်

ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွေားဝမ်းမြောက်ခြင်း ရှိကြ ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်း သည် သည်းခံခြင်းကို ပြုစုတတ်၏။ (ရောမ 5:3)

၁၅။သေရေးအတွက်စိတ်ချစေတယ်

ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ (ယော 11:25)

၁၆။သနားဂရုဏာရှိတတ်စေတယ်

ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။သူ၏ဖြောင့်မတ်ခြင်း သည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသော အကျင့် အမျိုးမျိုးနှင့် အထူးသဖြင့်ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသော မင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။ (၂ကော 9:8-9)

၁၇။လူတိုင်းကိုချစ်တတ်စေတယ်။

ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသော အကျင့်ကိုကျင့်ရာသို့ ရောက်ကြ၏။ (ယာကုပ်2:8)

၁၈။ထာဝရအသက်ရစေတယ်

ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်း သို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ (ယော3:16)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်