စနေ, ဧပြီ 20, 2024

သမ္မာကျမ်းစာမှမာရိ(၇)ဦးရဲ့အသက်တာ

၁။မယ်တော်မာရိ(လုကာ1∶46,28~38,45~55)
ဘုရားသခင်ဟာသူ့ကယ်တင်ခြင်းအစီစဉ်မှာလူတွေပါဝင်ဖို့အလိုတော်ရှိခဲ့လို့ပထမဦးဆုံးအာဗြံဟံကိုရွှေးကောက်ပြီးနောက်ဣသရေလလူမျိုးကြီးအထိဖြစ်တည်စေခဲ့တယ်၊ဒီလူမျိုးထဲကနေဘဲဆက်ပြီးလူသားအားလုံးအတွက်ကယ်တင်ရှင်မေရှိယပေါ်လာဖို့နှစ်ပေါင်းများစွာမတိုင်ခင်ကတည်းကဘုရားကထပ်ခါထပ်ခါကတိတော်ပေးခဲ့တယ်။ဣသရေလလူမျိုးတိုင်းလဲမေရှိယကိုစောင့်မျော်နေကြတယ်၊ဒီထဲမှာဖြောင့်မတ်တဲ့ရှုမောင်(လုကာ၂:၂၅)နဲ့ပရောဖက်မအန္န(လုကာ၂:၃၆)တို့ကလဲမွေးလာမဲ့မေရှိယကိုမျှော်လင့်နေသူဖြစ်ပါတယ်။ဒါပေမဲ့ဒီမျှော်လင့်နေသူတွေအများကြီးနဲ့အသုံးတော်ခံအများကြီးထဲမှာအပျိုစင်လေးတစ်ဦးဖြစ်တဲ့မာရိလဲအသုံးတော်ခံဖြစ်ရမယ်ဆိုတာပါဘဲ။ပရောဖက်ဟေရှာယပြောခဲ့တဲ့အနာဂတ္တိစကား( ဟေရှာယ၇:၄)ဟာသူမအပေါ်ပြည့်စုံလာခဲ့တယ်။မာရိဟာလဲဘုရားသခင်ကိုရိုသေကိုင်းရှိုင်းသောသူဖြစ်သလိုမေရှိယကိုစောင့်မျှော်နေသောသူဖြစ်သောကြောင့်ကောင်းကင်တမန်ကသူ့ကိုအသုံးတော်ခံဖို့လာပြောတဲ့အခါမာရိက၊အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးချီးမွမ်းခဲ့ပါတယ်(လုကာ ၁:၃၈၊၄၆)။ဒီကြီးမားတဲ့အရာကိုလက်ခံဖို့ဆိုတာအရှက်တရားနဲ့အသက်ပါပေးရတဲ့အထိပေးဆပ်ရမဲ့လမ်းပါ၊ဒါပေမဲ့မာရိကတော့နာခံခြင်းအသက်တာနဲ့နောက်လူတွေအားလုံးအတွက်စံပြဖြစ်ခဲ့တယ်၊ဒါကြောင့်လဲသမ္မာကျမ်းစာကသူမကိုမင်္ဂလာအရှိဆုံးအမျိုးသမီးလို့တင်စားခဲ့တာပါ။

၂။ဗေသနိရွာကမာရိ(ယော12∶1၊မသဲ26∶6၊လုကာ10∶38)
သခင်ယေရှုခြေရင်းမှာထိုင်ပြီးသခင်ဟောတဲ့တရားကိုအမြဲနာခံတတ်သူဖြစ်တယ်၊သခင်အတူပါရှိခြင်းကိုကျေနပ်ပျော်ရွှင်နေတတ်သူဖြစ်တယ်၊အဘယ်သူမျှ မနှုတ်မယူသွားနိုင်တဲ့ကောင်းသောအဘို့ကိုရွှေးယူထားတတ်သူဖြစ်ပါတယ်။သူ့မောင်လေးလာဇရုကိုယေရှုခရစ်တော်ကရှင်ပြန်ထမြောက်စေခဲ့လို့ယေရှုသခင်ဟာရှင်ပြန်ထမြောက်မည့်သခင်ဆိုတာသိနှင့်ထားသူဖြစ်တယ်။သခင်ဟာသူမအပါအဝင်အပြစ်သားအားလုံးကိုကယ်တင်ဖို့ကားတိုင်မှာအသေခံပြီးသုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်မှာကိုတပည့်တော်တွေတောင်သေချာနားမလည်ပေမဲ့သူမကတော့သေချာသိရှိထားပြီးသူဖြစ်တယ်(လုကာ18∶31~34;မသဲ16∶21~23)။ဒါကြောင့်လဲပသခါပွဲခံချိန်ခြောက်ရက်အလိုမှာသူမဆုထားတဲ့ဥစ္စာအားလုံးဖြစ်တဲ့နာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကိုယူပြီးယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်ခဲ့ပါတယ်(ယော ၁၂:၃)။
ဗေသနိရွာကမာရိဟာသခင့်သဘောကိုသိပြီးရှိသမျှအားလုံးကိုပေးလှူတဲ့အသက်တာဖြစ်ပါတယ်။

၃။မာဂဒလမာရိ(ယော20∶11~19;လုကာ8∶2~3;မာကု16∶1)
သူ့မအထဲကနေသခင်ဟာနတ်ဆိုးခုနှစ်ကောင်ကိုနင်ထုတ်ခဲ့ပြီးတဲ့အချိန်ကစ၊သခင့်နောက်စေ့စေ့လိုက်သူဖြစ်သလို၊တပည့်တော်တွေကိုကူညီထောက်ပံပေးသူဖြစ်တယ်။(မဿဲ27∶55၊လုကာ8∶1~2)။
ကျေးဇူးရှင်သခင်ယေရှုလက်ဝါးကပ်တိုင်ရိုက်ထားတဲ့အချန်မှာအတူရှိနေပြီးကြေကွဲနေရသူပါ၊နောက်တော့သခင်ယေရှုရဲ့အလောင်းတော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးသွားခဲ့သူပါ၊အထူးသဖြင့်သခင်ယေရှုရှင်ပြန်ထမြောက်ပြီးပထမဦးဆုံးကိုယ်ထင်ပြခံရတဲ့သူပါ။ဒါကြောင့်လဲလူ့သမိုင်းမှာပထမဦးဆုံးသခင်ယေရှုရှင်ပြန်ထမြောက်ကြောင်းကိုသတင်းလိုက်ပို့ခဲ့သူဖြစ်ခဲ့ပါတယ်။မာဂဒလမာရိရဲ့အသက်တာဟာသစ္စာရှိပြီးဆက်ကပ်တဲ့အသက်တာဖြစ်ပါတယ်။

၄။မာကုရဲ့မိခင်မာရိ(တမန်12∶12)
ရှင်ပေတရုကိုကောင်းကင်တမန်ကထောင်ထဲကနေခေါ်ထွက်လာတဲ့အခါမာကုမိခင်မာရိအိမ်ကိုရောက်လာပါတယ်၊ဘာလို့ပေတရုကအခြားနေရာမသွားဘဲအဲဒီအိမ်ဆီသွားရောက်ခဲ့သလဲ၊အကြောင်းမဲ့တော့မဟုတ်ဘူး၊တပည့်တော်တွေအမြဲတမ်းလိုလိုဒီအိမ်မှာဝတ်ပြုဆုတောင်းကြလို့ဘဲဖြစ်ပါတယ်၊ဒါကြောင့်လဲတမန်တော်ဝတ္ထု၁၂:၁၃ကမိန်းမငယ်လေးရောဒေဟာပေတရုကိုမမြင်ရသေးဘဲအသံကြားလိုက်တာနဲ့ပေတရုဖြစ်ကြောင်းသိနေခဲ့တာပါ။ရှင်ပေတရုကမာကုကိုအမြဲဘေးမှာခေါ်ထားပြီးအမှုတော်ပါဝင်စေတယ်၊ဗာနဗလဲမာကုကိုဧဝံဂေလိမှာခေါ်လုပ်ပါသေးတယ်၊(တမန်15∶39)၊ပေါလုတောင်မာကုကိုသူ့ဧဝံဂေလိမှာအကျိုးဆောင်ဖြစ်ကြောင်းပြောခဲ့တယ်(၂တိ4∶11)။နောက်ပိုင်းမာကုဟာဝိညာဉ်တော်ဖော်ပြမှုအောက်မှာရှင်မာကုခရစ်ဝင်ကိုတောင်ရေးသားနိုင်ခဲ့သူပါ၊ဒါတွေဟာမာကုကိုယ်တိုင်ဆက်ကပ်မှုပိုင်းကြိုးစားခြင်းဖြစ်သလို၊သူ့မိခင်မာရိရဲ့ပြုစုပြိုးထောင်ဆုတောင်းပေးမှုကြောင့်လဲဖြစ်ပါတယ်။ဒီမာကုမိခင်မာရိရဲ့အသက်တာဟာဆုတောင်းသောအသက်တာဖြစ်ပါတယ်။

၅။ရောမမြို့ကမာရိ(ရောမ16∶6)
သူ့အကြောင်းကိုကျမ်းစာမှာသိပ်များများစားစားမတွေ့ရပေမဲ့၊ပေါလုရဲ့စကားအားဖြင့်သူမဟာဘုရားသခင်ရဲ့အမှုကိုကြိုးစားဆောင်ရွက်သောသူဖြစ်ကြောင်းသိရပါတယ်။ဒါဟာသခင်ဘုရားကိုဘယ်လောက်ချစ်ကြောင်းအပြောဘဲမဟုတ်လက်တွေ့သက်သေအဖြစ်ပြခဲ့တာပါ။အသင်းတော်သမိုင်းကိုလေ့လာတဲ့အခါဘုရားသခင်ကိုချစ်တဲ့အမျိုးသမီးအများကြီးတွေ့ရှိရမှာဖြစ်ပါတယ်၊ရောမမြို့ကမာရိလိုတကယ်ဘဲကြိုးကြိုးစားစားနဲ့ဆောက်ရွက်ခဲ့ကြလို့အသင်းတော်ရှင်သန်ကြီးထွားဖိုအထောက်အကူဖြစ်ခဲ့တယ်။ဒါကြောင့်ရောမမြို့ကမာရိဟာယုံကြည်ခြင်းကိုလက်တွေ့ကျင့်ဆောင်တဲ့အသက်တာဖြစ်ပါတယ်။

၆။ကလောဖမယားမာရိ(ယော19∶25)
သူမဟာဂါလိလဲကနေစပြီးသခင်ယေရှုနောက်လိုက်ပြီးဆက်ကပ်ခဲ့တဲ့အမျိုးသမီးတွေထဲကတစ်ဦးဖြစ်ပါတယ်(မဿဲ27∶55)။ယေရှုခရစ်တော်ဖမ်းဆီးခံရပြီးလက်ဝါးကပ်တိုင်မှာသေခဲ့တဲ့အချိန်တပည့်တော်တွေအကုန်ထွက်ပြေးကုန်ပေမဲ့သူမဟာအခြားသောအမျိုးသမီးတွေနဲ့အတူကိုယ့်အသက်ကိုတောင်မမှုဘဲကားတိုင်အောက်မှာခရစ်တော်ကိုစောင့်ကြည့်ခဲ့တယ်။ခရစ်တော်ကိုယ်တိုင်ပြောခဲ့တဲ့ကားတိုင်ပေါ်ကစကား
ခုနှစ်ခွန်းကိုသေချာနားထောင်ခဲ့ရပြီးတည်ဆောက်ခဲ့ရသူဖြစ်ပါတယ်။ပလောဖမယားမာရိရဲ့အသက်တာဟာသစ္စာရှိတဲ့အသက်တာဖြစ်ပါတယ်။

၇။ယာကုပ်ငယ်နှင့်ယောသေရဲ့အမိမာရိ(မာကု15∶40)
ဒီမာရိဟာကလောဖမယားမာရိနဲ့တူသလိုရှိပါတယ်၊တချို့ကျမ်းပညာရှင်တွေကသူတို့နှစ်ယောက်ဟာတစ်ဦးထဲပါလို့ခံယူကြပါတယ်။ဒီအမျိုးသမီးတွေဟာသခင်ရဲ့ကုသပေးခြင်းကျေးဇူးတော်ခံရကြလို့ဂါလိလဲကနေသခင်နောက်လိုက်ပြီးအစေခံလာကြသူတွေပါ(လုကာ8∶1~2)။မာဂဒလမာရိနဲ့အတူသခင်ယေရှုကားစင်တင်ခံရတုန်းကရှိနေခဲ့ပြီး၊ယေရှုသဂြိုလ်တာတွေ့ခဲ့လို့အခြားအမျိုးသမီးနဲ့အတူဆီနံ့သာဝယ်ပြီးအလောင်းကိုလိမ်းဖို့ပြင်ဆင်ခဲ့သူပါ။

သမ္မာကျမ်းစာထဲကဒီမာရိ၇ဦးတို့ဟာသခင်ယေရှုခရစ်တော်ရဲ့မွေးဖွားခြင်း၊ဒဏ်ခံခြင်း၊သေခြင်း၊ရှင်ပြန်ထမြောက်ခြင်းနဲ့အသင်းတော်ထူထောင်ခြင်းများမှာအသီးသီးကောင်းဆုံးအသုံးတော်ခံအဖြစ်စံပြခဲ့ပါပြီ။ယနေ့သင်နဲ့ကွှန်ုပ်အသက်တာမှာလဲဘုရားသခင်အသုံးတော်ခံဖြစ်ဖို့မာရိ၇ဦးအသက်တာထဲကနေခွန်အားယူကြပါစို့။

မှတ်ချက်။တစုံတခုမှားယွင်းမှုရှိနေလျှင်မေတ္တာဖြင့်ထောက်ပြနိုင်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်