စနေ, ဧပြီ 20, 2024

သမ္မာကျမ်းစာမှယောသပ်(၃)ဦးရဲ့အသက်တာ

၁။ယာကုပ်ရဲ့၁၁ယောက်မြောက်သားယောသပ်
ယောသပ်ဆိုတာဟေဘရူးနာမည်ပါ၊အဓိပ္ပာယ်ကတော့တိုးပွားခြင်းဖြစ်ပါတယ်။ဒီသမ္မာဟောင်းထဲကယောသပ်ဟာအောင်နိုင်သောသူဖြစ်တယ်။သူ့အသက်တာကိုလေ့လာကြည့်တဲ့အခါအပိုင်း၄ပိုင်းခွဲနိုင်တာတွေ့ရပါတယ်။အသက်1-17နှစ်ကအိမ်မှာဖြစ်ပြီး၊အသက်17-27နှစ်ကအီဂျစ်မှာကျွန်ခံပါတယ်၊အသက်27-30နှစ်ကအီဂျစ်ထောင်မှာပါ။အသက်30-110နှစ်မှာတော့အီဂျစ်ရဲ့နန်းတော်အုပ်လုပ်ခဲ့ပါတယ်။သူ့တသက်တာလုံးရဲ့အပိုင်း၄ပိုင်းလုံးမှာအောင်မြင်သောသူဖြစ်ကြောင်းတွေ့ရမှာပါ။အိမ်မှာနေတဲ့အခါအကိုတွေလိုအပြစ်မလိုက်လုပ်ဘူး၊အများနဲ့တယောက်ဆိုပေမဲ့အပြစ်ထဲလိုက်မမျောပါသွားဘူး။သူ့အကိုအပြစ်လုပ်တာကိုအဖေဆီတင်ပြတယ်၊အဖေရဲ့အချစ်တော်ဖြစ်တယ်(ကမ္ဘာဦးကျမ်း37)။အီဂျစ်ပြည်ဆီအရောင်းစားခံရပြီးပေါတိဖာအိမ်မှာအစေခံကျွန်လုပ်ခဲ့ရပေမဲ့၊အိမ်ရှင်သခင်ရဲ့နှစ်သက်ခြင်းကိုရလို့အိမ်အုပ်အဖြစ်ခန့်အပ်ခြင်းခံရတယ်။အထူးသဖြင့်သခင်မရဲ့မြူဆွယ်ခြင်းကိုအောင်နိုင်ခဲ့ပါတယ်။ဒါဝိဒ်၊ရှန်ဆုံအပါအဝင်များစွာသောသူရဲကောင်းတွေဟာဒီမိန်းမမာယာမှာလဲကျခဲ့ကြပေမဲ့ယောသပ်ကတော့အောင်နိုင်ခဲ့တယ်။နောက်ပိုင်းထောင်ထဲရောက်သွားတာတောင်ထောင်ထဲမှာထောင်အုပ်အဖြစ်လုပ်ရပြန်ပါတယ်။ထောင်ထွက်လာတော့နန်းတော်အုပ်အဖြစ်လုပ်ရပြန်ပါတယ်၊အမြင့်ဆုံးသောနေရာရောက်ခဲ့ပေမဲ့ရန်လုပ်ခဲ့သူတွေကိုရန်ငြိုးမထားဘဲခွင့်လွတ်ခြင်းနဲ့အနိုင်ယူခဲ့ပြန်ပါတယ်။နောက်ဆုံးသူသေတဲ့အထိဘုရားသခင်ကိုသစ္စာရှိရှိကိုးကွယ်ခဲ့ပါတယ်။ယနေ့ယုံကြည်သူခရစ်ယာန်တွေလဲဒီယောသပ်လိုဘယ်လိုအခြေအနေမျိုးမှာမဆိုခရစ်တော်ဘုရားအားဖြင့်အာင်နိုင်သောသူဖြစ်ဖို့သင်ခန်းစာယူသင့်ပါပေတယ်။

၂။ယေရှုခရစ်ရဲ့လောကဖခင်ဖြစ်တဲ့ယောသပ်
(မသ1:18-25)ထဲမှာယောသပ်အကြောင်းရေးထားပေမဲ့မာရိလောက်မများပါဘူး၊မာရိကတော့မယ်တော်မာရိလို့ခေါ်တွင်ခံခဲ့ရပေမဲ့ယောသပ်ကတော့ဘာမှမရလိုက်သလိုပါ။ဒါပေမဲ့သူကတော့ဘုရားသခင်အလိုတော်အတိုင်းသူငယ်တော်ယေရှုကိုကာကွယ်စောင့်ရှောက်ခဲ့ပါတယ်။သမ္မာကျမ်းစာကိုသေချာလေ့လာလိုက်တဲ့အခါဒီယောသပ်ကိုအချက်သုံးချက်နဲ့တင်စားဖော်ပြထားတာတွေ့ရပါတယ်။ပထမတချက်ကယောသပ်ဟာသူတော်ကောင်းဖြစ်တယ်(ရှင်မဿဲ၁:၁၉)။သူတော်ကောင်းဆိုတာအဲဒီခေတ်မှာပညတ်တော်ကိုအပြည့်အဝနာခံလိုက်လျှောက်လို့လူ့အမြင်မှာအများတကာထက်ကောင်းတဲ့သူဖြစ်တယ်။ဒုတိယတချက်ကယောသပ်ဟာသနားကြင်နာနားလည်ပေးတတ်တဲ့လူဖြစ်တယ်၊မာရိကိုယ်ဝန်ရှိနေတာသိတော့အပြစ်ပြောဖို့မလုပ်ဘဲတဖက်သားအရှက်ကိုမပေါ်လွင်စေချင်တာကြောင့်တိတ်တိတ်လေးကွာရှင်းဖို့စီမံခဲ့တာပါ။တတိယတချက်ကတော့ယောသပ်ဟာဘုရားသခင်ရဲ့စကားကိုနာခံလိုတဲ့လူဖြစ်ပါတယ်။ယောသပ်ဟာမာရိကိုကွာရှင်းဖို့လုပ်နေတဲ့အချိန်မှာဘဲဘုရားစကားတော်ဟာကောင်းကင်တမန်အားဖြင့်အိမ်မက်မှာဖော်ပြလာတဲ့အခါ၊သူနာခံလုပ်ဆောင်ခဲ့တယ်။မာရိကိုလက်ထပ်ပြီးယေရှုလေးကိုကာကွယ်ဖို့ဟိုပြေးဒီရှောင်လုပ်ခဲ့ရပါတယ်။နာဇရက်ကိုပြန်လာပြီးနေထိုင်ခဲ့တဲ့နောက်ပိုင်းမှာတော့ယောသပ်အကြောင်းကျမ်းစာမှာဆက်ပြီးမဖော်ပြတော့ပါဘူး၊တချို့ကျမ်းပညာရှင်တွေကတော့သူဟာအသေစောခဲ့ပြီးသားကြီးဖြစ်တဲ့ယေရှုဟာဂျူးထုံးစံအရအဖေ့နေရာဖြစ်တဲ့မိသားစုစားဝတ်နေရေးကိုဆက်လက်တာဝန်ယူခဲ့ကြောင်းပြောဆိုကြပါတယ်။ယောသပ်အသက်တာအားဖြင့်ယနေ့ယုံကြည်သူတွေလဲနာခံခြင်းနဲ့ပေးဆပ်ခြင်းသင်ခန်းစာတွေယူရမှာဖြစ်ပါတယ်။

၃။အရိမသဲမြို့သား ယောသပ်
ဒီယောသပ်နဲ့ပတ်သတ်ပြီးသမ္မာကျမ်းစာကတော့(မသဲ27:57-60၊မာကု15:42-46၊လုကာ23:50-53၊ယောဟန်19:38-42)တွေမှာအသီးသီးဖော်ပြထားပါတယ်။ဒီယောသပ်ကတော့ယေရှုခရစ်တော်နဲ့ထဲထဲဝင်ဝင်ရင်းရင်းနှီးနှီးရှိခဲ့ဟန်မပေါ်ပါဘူး။ဒါပေမဲ့အရေးကြီးဆုံးချိန်မှာအလိုအပ်ဆုံးဆက်ကပ်မှုတခုကိုလုပ်ဆောင်နိုင်ခဲ့သူပါ၊အဲဒါကတော့ယေရှုအလောင်းတော်ကိုပိလတ်မင်းဆီကတောင်းယူပြီးသူ့သင်္ချိုင်းတွင်းသစ်ထဲမှာ သဂြိုလ်ခဲ့တာပါ(မသဲ27:60)။သူ့ရဲ့လုပ်ရပ်လေးဟာယနေ့တိုင်ယုံကြည်သူတိုင်းကိုအမှတ်ရစေနေတုန်းပါ။သမ္မာကျမ်းစာခရစ်ဝင်၄ကျမ်းသေချာလေ့လာရင်ဒီယောသပ်ဟာဘုရားသခင်နိုင်ငံတော်တည်မှာကိုစောင့်မျော်နေသူဖြစ်သလို၊သူတော်ကောင်းသူတော်မြတ်လဲဖြစ်ကြောင်း(ရှင်လုကာခရစ်ဝင်၂၃:၅၁)မှာဖော်ပြထားပါတယ်။ပိုပြီးသတိထားသင့်တဲ့အချက်ကသူဟာလွတ်အရာရှိဖြစ်ပေမဲ့အခြားလွတ်အရာရှိတွေရဲ့စီရင်ခဲ့ခြင်းအပေါ်ဝန်ခံတဲ့သူမဟုတ်ဘူးဆိုတာပါ။ဆိုတော့ဒီယောသပ်ဟာသူ့မှာခိုင်မြဲတဲ့ယုံကြည်ခြင်းရှိသလို၊လက်တွေ့ပုံသက်သေရှိတဲ့လူဖြစ်တယ်၊သူ့ခံယူချက်လဲတိကျပြတ်သားသူဖြစ်သလိုပါးစပ်မှာဘဲသခင်ကိုချစ်တာမဟုတ်ဘဲလက်တွေ့အလုပ်နဲ့သက်သေပြခဲ့သူပါ။ယနေ့ယုံကြည်သူတွေအတွက်ဆင်ခြင်သင်ခန်းစာယူသင့်တဲ့စံပါဘဲ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်