စနေ, ဧပြီ 20, 2024

သမ္မာကျမ်းစာမှအရှုံးမိခင်(၆)ဦး

နိဒါန်း

လူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး၊မိခင်တွေဟာကြီးမြတ်ကြပေမယ့်၊တချို့တချို့သောမိခင်တွေဟာကြီးမြတ်သူမဟုတ်သလိုစံပြလဲမဖြစ်ခဲ့ကြပါ။ဒီလိုအနည်းစုမိခင်တချို့တွေကျွန်တော်တို့အတိုင်းဝိုင်းမှာကြုံဖူးကြပါလိမ့်မယ်။သမ္မာကျမ်းစာမှာလဲဒီလိုမိခင်တချို့ကိုဖော်ပြထားတာတွေ့ရပါတယ်။

၁။ဧဝ(ကမ္ဘာ ၃:၁-၆)

ဧဝဟာကမ္ဘာ့ ပထမဆုံးသောအမျိုးသမီးဖြစ်သလို၊ပထမဦးဆုံးသောမိခင်ပါ။လောကလူသားအားလုံးရဲ့မိခင်ကြီးလို့ပြောရင်လဲမမှားပါဘူး။ဒါပေမယ့်ဒီမိခင်ကြီးကနေဘဲအပြစ်ဟာလောကကြီးထဲဝင်လာတာပါ၊သူ့ရဲ့အားနည်းမှုလေးတချက်ကြောင့်ယနေ့လူသားတိုင်းဗီဇအပြစ်ရှိနေရတာဖြစ်ပြီး၊တလောကလုံးကကျိန်ခြင်းခံနေခဲ့ရတာပါ။

၂။စာရာ(ကမ္ဘာ ၂၁:၉-၁၃)

စာရာဟာသူ့သားဣဇက်အားဖြင့်လူအမျိုးမျိုး(နိုင်ငံအမျိုးမျိုး)ရဲ့မိခင်ကြီးဖြစ်မယ်လို့ဘုရားပြောခဲ့ပါတယ်။ပြောတဲ့တိုင်းလဲဖြစ်လာပါတယ်။ဒါပေမယ့်အာဗြံဟံမျိုးနွယ်တခုလုံးရဲ့ရန်ငြိုးရန်စဟာသူ့မကနေစတင်မီးပွားလာတာဖြစ်ပါတယ်၊ဣရှမေလနဲ့သူ့အမေ ဟာဂရကိုနင်ထုတ်တာကစပြီးဂျူးလူမျိုးနဲ့အာရပ်လူမျိုးတွေဟာယနေ့ထိရန်သူဖြစ်နေရတာပါ။

၃။ရေဗက္က(ကမ္ဘာ ၁၃:၁၇)

ဣဇက်နဲ့ရေဗက္ကရဲ့ပေါင်းဖက်ခြင်းဟာဘုရားအလိုတော်ဖြစ်ပါတယ်။ရေဗက္ကဟာကောင်းသောဇနီးဖြစ်ခဲ့ပေမယ့်မိခင်ကောင်းတယောက်တော့မဟုတ်ခဲ့ပါဘူး၊သားနှစ်ယောက်ကိုခွဲခြားပြီးချစ်တဲ့သူတို့မေတ္တာကြောင့်မိသားစုရှင်ကွဲ ကွဲခဲ့ရပါတယ်။သားငယ်ယာကုပ်ဟာမမွေးခင်ကတည်းကကောင်းကြီးပိုခံရမယ်လို့ဘုရားပြောပြီးသားကိုရေဗက္ကကကောင်းကြီးမရမှာစိုးလို့သူမရဲ့လိမ်လည်မှုနဲ့ဘုရားရဲ့ဂတိတော်ကိုပုံဖော်ခဲ့တာပါ။ဒါကြောင့်လဲသူအလွန်ချစ်တဲ့သားငယ်နဲ့၁၅နှစ်ကျော်ရှင်ကွဲကွဲခဲ့ရပါတယ်။

၄။မိက္ခာအမေ(တရားသူကြီး ၁၇:၁-၆)

ပရောဖတ်မိက္ခာကိုပြောတာမဟုတ်ပါ၊သီးသန့်နောက်တယောက်မိက္ခာအမည်ရှိသူ၏မိခင်ပါ။ဒီအမေဟာသားဖြစ်သူကိုသေချာမသွန်သင်မဆုံးမဘဲအပြစ်ဖြစ်စေတဲ့မိခင်ပါ။သားကငွေကိုယူပြီးဘုရားသခင်ကိုဆက်သချင်တဲ့စိတ်ရှိပေမယ့်မိခင်ကငွေရုပ်တုသွန်းလုပ်ဖို့မှားယွင်းစွာလမ်းညွန်တဲ့အတွက်အပြစ်ကြီးတခုဖြစ်ပေါ်လာစေခဲ့တာပါ။

၅။ဟေ ရောဒိ(မဿဲ၁၄:၆-၁၂)

ဟေရုပ်မင်းဟာသူ့ညီရဲ့မိန်းမဟေရောဒိကိုသိမ်းပိုက်ထားလို့ဗတ္တိဇံဆရာယောဟန်ကသတိပေးဖူးပါတယ်၊ဒါကိုဒီအမျိုးသမီးဟေရောဒိကမကျေနပ်လို့စိတ်ထဲအမြဲမုန်းတီးနေတာပါ၊တနေ့တော့သူ့သမီးရဲ့အကတင်ဆက်မှုကိုဟေရုပ်မင်းသဘောကျလို့ဘာယူမလဲမေးလာတဲ့အခါယောဟန်ခေါင်းကိုယူမယ်လို့အမေကပြောခိုင်းပြီးသတ်ဖြတ်ခဲ့တာပါ။ဒါဟာသမီးဖြစ်သူကိုအသုံးချပြီးလူသတ်မှုကျူးလွန်တဲ့မိခင်ပါဘဲ။

၆။ရှာလုံ(မဿဲ၂၀:၂၀ ၊၂၇:၅၆)

သခင်ယေရှုရဲ့တပည့်တော်ယာကုပ်နဲ့ယောဟန်ရဲ့မိခင်ဖြစ်ပါတယ်။သားနှစ်ယောက်ကိုယေရှုနောက်လိုက်ခိုင်းတာအင်မတန်ကောင်းပေမယ့်၊သားနှစ်ယောက်အတွက်ဘောင်ကျော်တဲ့တောင်းခံမှုဟာမှားယွင်းစေတဲ့အချက်ဖြစ်ပါတယ်။နိုင်ငံတော်စိတ်ဓာတ်မရှိဘဲသာမန်မိခင်မှာရှိတတ်ကြတဲ့သားအတွက်ဆိုတဲ့လောဘမျိုးဟာဘုရားအလိုတော်နဲ့မကိုက်ညီပါ။

ဒီတင်ပြမှုလေးဟာယနေ့ယုံကြည်သူမိခင်တိုင်းရဲ့သတိထားစရာမှန်တချပ်ဖြစ်နေသင့်ပါကြောင်းတင်ပြလိုက်ရပါတယ်။မိခင်များအားလုံးပျော်ရွှင်ကျန်းမာပြီး၊ဘုရားအလိုတော်နှင့်ညီသောမိခင်များဖြစ်ကြပါစေ။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်