စနေ, ဧပြီ 20, 2024

သူငယ်ချင်းကောင်းမိတ်ဆွေစစ်

ညနေစောင်းတခု….
ဆိတ်တကောင်ထဲတောနက်ကြီးထဲမှာမြက်စားနေသည်။
ဤတွင်ဝံပုလွေတကောင်ဘွားကနဲ့ချုံဘေးမှသူ့ကိုစားဖို့ထွက်လာသည်။
ချက်ချင်းဆိုသလိုဆိတ်ဂျိုနှင့်ခုခံရင်းသူ့သူငယ်ချင်းတွေကိုအကူညီအော်ဟစ်တောင်းလေတော့သည်။

နွားကြားပြီးလာကြည့်တော့ဝံပုလွေပါလားဆိုပြီးထွက်ပြေးသွားသတဲ့။

မြင်းကလဲခေါင်းငြိမ့်ကြည့်ပြီးဝံပုလွေမှန်းသိတော့ပြေးပြီပေါ့။

ဆင်ကလဲအသံကြားရာသို့လာနေတုန်း၊လမ်းမှာသူများပြောသံကတဆင့်ဝံပုလွေမှန်းသိတော့ပြန်ဆုတ်ခွာသွားသတဲ့။

ဝက်ကလည်းအကူညီလိုနေတဲ့သူငယ်ချင်းအသံကိုကြားပေမဲ့ဝံပုလွေအသံလဲကြားနေရလို့ဥပေက္ခာပြုခဲ့တယ်။

ယုန်လေးတော့ထင်တဲ့တိုင်းရှေ့ဆုံးကပြေးပြီပေါ့။

ဒီချိန်မှာ
အဝေးတနေရာကခွေးတကောင်…ဝံပုလွေအသံနဲ့သူငယ်ချင်းအော်သံကြားလို့ချက်ချင်းပြေးလာပါတယ်။ရောက်တာနဲ့တခါထဲခုန်အုပ်ပြီးဝုံပုလွေရဲ့လည်ပင်းကိုကိုက်ထည့်လိုက်တာ၊ဝံပုလွေမှနာလွန်းလို့သွေးသံရဲရဲနဲ့ထွက်ပြေးသွားရှာပါတော့သတဲ့လေ။

#ဒါနဲ့ဆိတ်အိမ်ပြန်ရောက်သွားတော့…

နွားက။ ။” မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါ့ဂျိုနဲ့ဝံပုလွေဗိုက်ပေါက်ထွက်အောင်ထိုးပစ်လိုက်လို့ရတယ်ကွ” ။

မြင်းက။ ။” မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါ့ကန်ချက်နဲ့ဝံပုလွေသေနိုင်တယ်ကွ” ။

ဆင်က။ ။” မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါသူ့ကိုနင်းပြားလိုက်လို့ရတဲ့ဟာကိုကွာ” ။

ဝက်က။ ။” မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါနာခေါင်းနဲ့ပြေးဆောင့်လိုက်လို့သူနာသွားမယ်ကွ” ။

ယုန်လေးမှ။ ။” မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါပြေးမြန်တယ်သတင်းပို့ပေးလို့ရတယ်လေ” ။

အိမ်ထဲမှာဟိုတခွန်းဒီတခွန်းနဲ့ဆူညံနေသည်။ဒါပေမယ့်ခွေးက‌တော့စကားတခွန်းမှမပြောခဲ့ဘဲ‌နေခဲ့ပါတယ်။

ချစ်သောမိတ်ဆွေ
သူငယ်ချင်းကောင်းမိတ်ဆွေစစ်ဆိုတာစကားကြီးစကားကျယ်မပြော၊လုံးဝအကူညီလိုနေတဲ့ချိန်သင်မပြောဘဲကူညီတတ်သူပင်။သင်ကောင်းစားနေတုန်းနေ့တိုင်းသင့်ဘေးမှာနေပြီးလေလာပစ်နေတဲ့သူငယ်ချင်းတွေတိုင်းလိုလိုမိတ်ဆွေစစ်မဖြစ်နိုင်ပေ။မိတ်ဆွေစစ်ဆိုတာသင်ကောင်းစားနေချိန်မှာပီတိဖြစ်နေတတ်ပြီးခက်ခဲနေချိန်မှာပေါ်လာတတ်သူပင်။

သုတ္တံကျမ်း ၁၇:၁၇
အဆွေခင်ပွန်းသည် အခါခပ်သိမ်း ချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်