စနေ, ဧပြီ 20, 2024

အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အလွဲမျာ


ဒီမိစ္ဆာအယူဝါဒဟာ၂၀၁၇ကစပြီးလူမှုကွန်ယက်မှတဆင့်မြန်မာပြည်ထဲစတင်ထိုးဖောက်လာကြတာပါ။ခုဆိုရင်ခရစ်ယာန်facebookဂရုတွေမှာသူတို့ရဲ့မှားယွန်းတဲ့သွန်သင်ချက်တွေပလူပြန်နေပါပြီ၊မက်စင်ဂျာကနေလူတွေဆွဲခေါ်ပြီးဂရုဖွဲ့ပြီးသော်လည်းကောင်း၊တဦးချင်းသော်လည်းကောင်းသင်ခန်းစာပေးတယ်လို့ကြားသိရတော့ယုံကြည်သူတွေအတွက်ပိုစိုးရိမ်မိပါတယ်။သူတို့ရဲ့ပစ်မှတ်ဟာခရစ်ယာန်နဲ့အမှုတော်ဆောင်တွေကိုပါ၊facebookအကောက်တုအများကြီးနဲ့မေးခွန်းမေးသလိုလိုမသိသလိုလိုဟန်ဆောင်ပြီးမက်စင်ဂျာကနေခင်မင်မှုရယူတတ်ကြပါတယ်။အကောက်လာအပ်ပါမယ်၊သင်လက်ခံလိုက်ရင်သူတို့တင်သမျှသင့်ကိုTagတွဲတင်ပါတော့မည်။သင်မသိမသာသူတို့အယူဝါဒဖြန့်ကူသူဖြစ်သွားပါမည်။ထူးကဲတဲ့ပြဇာတ်နဲ့အကပဒေသာ၊ချီးမွမ်းဖျော်ဖြေမှု၊တရုတ်ပြည်အစိုးရကသူတို့ကိုဘယ်လောက်ရက်စက်ကြောင်းပုံတွေစာတွေ videoတွေအားဖြင့်တင်ဆက်တတ်ကြပြီးမြန်မာပြည်ယုံကြည်သူတွေရဲ့like, Share,ကောမန့်တွေရယူလေ့ရှိကြပါတယ်။ဘယ်လောက်ဆွဲဆောင်အားရှိသလဲဆိုရင်သူတို့ရဲ့videoနဲ့ပုံတွေကိုသမ္မာသတိရှိပါတယ်ဆိုတဲ့ဆရာတွေတောင်အငိုက်မိတတ်ပါတယ်။ဒါကြောင့်သူတို့ရဲ့ထင်သာမြင်သာတဲ့အလွဲတချို့ကိုသမ္မာတရားနဲ့တိုက်စစ်တဲ့ပို့စ်တခုရေးလိုက်ရပါတယ်။


၁။မိစ္ဆာအယူလွဲ – တရုတ်ပြည်ဟော်နန်ကအမျိုးသမီး” ရန်ရှန့်ပင်း” ဟာခရစ်တော်ဖြစ်တယ်။သမ္မာကျမ်းစာ – ရှင်မာကုခရစ်ဝင် ၁၃:၆အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။


၂။မိစ္ဆာအယူလွဲ – အရှေ့အရပ်(တရုတ်ပြည်မ)ကနေလျှပ်စစ်ပေါ်ထွက်လာတယ်။သမ္မာကျမ်းစာ – ရှင်မာကုခရစ်ဝင် ၁၃:၂၁ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်းမယုံကြနှင့်။


၃။မိစ္ဆာအယူလွဲ – အခုခေတ်ဟာနိုင်ငံတော်ခေတ်ကာလဖြစ်တယ်၊ခရစ်တော်ကအမျိုးသမီးကိုယ်ခန္ဓာနဲ့ဒုတိယအကြိမ်လာပြီးခဲ့ပြီ။သမ္မာကျမ်းစာ – ၂သက်၂:၁-၃ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲသည့် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။


၄။မိစ္ဆာအယူလွဲ – တရုတ်မ(သူတို့အခေါ်” သခင်မ” )ကခရစ်တော်ဖြစ်တယ်ပြောတယ်။သမ္မာကျမ်းစာ – ၂သက် ၂:၄ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။

၅။မိစ္ဆာအယူလွဲ – ခရစ်ယာန်ယုံကြည်သူကိုအထူးလှည့်ဖျားတယ်။သမ္မာကျမ်းစာ – ရှင်ယုဒဩဝါဒစာ ၁:၄အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက်၊ တပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။

၆။မိစ္ဆာအယူလွဲ – အသင်းတော်မှာဝတ်ပြုစရာမလို၊အသင်းတော်ကနေထွက်လာပါ။သမ္မာကျမ်းစာ – ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၁၉ ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။

၇။မိစ္ဆာအယူလွဲ – လူ့နှလုံးသားထဲကယေရှုခရစ်တော်နေရာကိုတရုတ်မနဲ့အစားထိုးခိုင်းတယ်။သမ္မာကျမ်းစာ – ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၂မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။

၈။မိစ္ဆာအယူလွဲ – သမ္မာကျမ်းစာကခေတ်နှောင်းသွားပြီ၊မယုံကြပါနဲ့တော့။သမ္မာကျမ်းစာ – ရှင်ယောဟန်ခရစ်ဝင် ၅:၃၉ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။

၉။မိစ္ဆာအယူလွဲ – ရှင်ပေါလုရေးတဲ့ကျမ်းစာတွေဟာဝိညာဉ်တော်ရဲ့ဖော်ပြမှုမဟုတ်ပါတဲ့။သမ္မာကျမ်းစာ – တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁၆ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊

၁၀။မိစ္ဆာအယူလွဲ – တရုတ်မ(သူတို့အခေါ်သခင်မ)ပေါ်တကူးတကမေးခွန်းထုတ်စစ်ဆေးစုံစမ်းခြင်းမပြုရပါ၊နားမထောင်ပါကသေဒဏ်ထိပေးနိုင်ပါသည်။သမ္မာကျမ်းစာ – တမန်တော်ဝထ္ထု ၁၇:၁၁ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။

၁၁။မိစ္ဆာအယူလွဲ – သုံးပါးတဆူ(တလုံးတ၀)ဘုရားမရှိဘူး။သမ္မာကျမ်းစာ – ရှင်မဿဲခရစ်ဝင် ၂၈:၁၉… ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။

၁၂။မိစ္ဆာအယူလွဲ – ယေရှုဘုရားဟာသေးငယ်တဲ့ဘုရားပါ၊ဒါကြောင့်နောက်ဆုံးပေါ်ထွက်လာတဲ့တရုတ်မရန်ရှန့်ပင်းကိုယုံကြည်မှကယ်တင်ခြင်းရမယ်။သမ္မာကျမ်းစာ – တမန်တော်ဝထ္ထု ၄:၁၂ ထိုသခင်(ယေရှု)၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။

၁၃။မိစ္ဆာအယူလွဲ – ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကမပြည့်စုံသေးလို့သခင်မ(တရုတ်မခရစ်တော်)လာပြီးပြည့်စုံခိုင်းတာပါ။သမ္မာကျမ်းစာ – ဟေဗြဲဩဝါဒစာ ၁၀:၁၄အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းငှါ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။

၁၄။မိစ္ဆာအယူလွဲ – ငါတို့လဲခရစ်ယာန်ပါဘဲအတူတူမိသဟာယဖွဲ့ရအောင်ဆိုပြီးလူဆွယ်တယ်။သမ္မာကျမ်းစာ – ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၉-၁၀ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။

၁၅။မိစ္ဆာအယူလွဲ – ဧဝံဂေလိအတူတူလုပ်ရအောင်ဆိုပြီးအမှုတော်ဆောင်ကိုငွေကြေးနဲ့ဆွယ်တယ်။သမ္မာကျမ်းစာ – ရှင်မဿဲခရစ်ဝင် ၂၄:၂၄ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။

တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၆:၁၀ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။ လူအချို့တို့သည်ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်