စနေ, ဧပြီ 20, 2024

အမည်ခံခရစ်ယာန်(၁၂)မျိုး

၁။ခေါင်းကြီးခရစ်ယာန်

သမ္မာတရားတွေအကုန်သိပြီးတရားတိုင်းအသက်မရှင်သူ၊၊ခေါင်းထဲကဓမ္မပညာအများကြီးရှိပြီးနှလုံးသားထဲမဝင်သူ၊ခေါင်းကြီးလေးပြီးကိုယ်သေးတော့လမ်းမလျှောက်နိုင်တော့သူ။သင်နှင့်ကျွန်ုပ်ဖြစ်နေလျှင်နောင်တရပြီးယေရှုခရစ်၌ကိုယ်ခန္ဓာညီမျှစွာကြီးထွားစေပါ(ယာကုပ် ၁:၂၂-၂၃)။

၂။မျက်ကန်းခရစ်ယာန်

ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုမမြင်ဘဲအမြဲတမ်းအခက်ခဲကိုဘဲရေတွက်နေသူ။သင်နှင့်ကျွန်ုပ်သာဖြစ်နေရင်ယေရှုနာမ၌ဘုရားကောင်းမြတ်ခြင်းကိုပြန်မြင်စေပါ(မဿဲ ၂၀:၃၀-၃၄)။

၃။နားကန်းခရစ်ယာန်

ယုံကြည်သူဖြစ်ပြီးကြားနိုင်သောနားရှိပေမဲ့အသက်တာမှာဘုရားစကားကိုနားမထောင်သောသူ။သင်နှင့်ကျွန်ုပ်သာဝိညာဉ်ရေးရာနားကန်းသူဖြစ်နေလျှင်ယေရှုနာမ၌ပြန်ကြားစေပါ(ဗျာ ၂:၁၁)

၄။အာပုတ်ခရစ်ယာန်

အဆဲမပါဘဲစကားမပြောတတ်တဲ့ယုံကြည်သူများ၊မစားသင့်တဲ့အစာနဲ့မူးယစ်နေသူများ၊သူများမကောင်းကြောင်းပြောသူများ၊ဒီပါးစပ်ကိုဝိညာဉ်တော်မီးအားဖြင့်သန့်ရှင်းစေလျက်စကားပြောရာမှာအများတည်ဆောက်စရာ၊စားသောက်တဲ့နေရာမှာဘုရားဘုန်းထင်ရှားစေပါ။(ဧဖက် ၄:၂၉)

၅။တစ်ပိုင်းသေခရစ်ယာန်

ဘုရားကိုဦးထိပ်ထားပြီးငွေကိုလည်းဦးထိပ်ထားသူ၊တခါတလေငွေကိစ္စနဲ့ဘုရားအမှုမေ့လျော့သူ။သင်နှင့်ကျွန်ုပ်သာဖြစ်နေလျှင်စစ်မှန်သောနောင်တနဲ့ရွှေငွေဥစ္စာအထက်မှာဘုရားကိုနေရာပေးတတ်စေပါ။(မဿဲ ၆:၂၄)

၆။အဝေးမုန်ခရစ်ယာန်

ခေတ္တသာဖြစ်တဲ့ဂုဏ်နဲ့ချမ်းသာကျမ်းမာခြင်းတွေကိုဘဲတွေ့တတ်ပြီးထာဝရကာလရဲ့ပျော်ရွှင်ငြိမ်သက်ခြင်းကိုမမြင်တဲ့သူ၊ထာဝရကောင်းကင်ကိုမမြင်တွေ့လို့ခေတ္တပေးဆပ်ခြင်းကိုနဲနဲမှမပေးနိုင်ကြသူ။သင်နှင့်ကျွန်ုပ်သာဖြစ်နေလျှင်ယေရှုနာမ၌အမြင်ကြည်လင်စေပါ(၂ကော ၁၀:၇)။

၇။တနင်္ဂနွေခရစ်ယာန်

တစ်ပတ်တခါဘုရားကျောင်းပုံမှန်လာပေမဲ့ဘုရားကျောင်းကနေထွက်သွားတာနဲ့ဇာတိလူဟောင်းပြန်ဖြစ်သူ၊တနင်္ဂနွေနေ့ဘုရားကျောင်းကလွဲလို့ကျန်တဲ့ရက်တွေမှာဆုမတောင်း၊ကျမ်းစာမဖတ်၊မချီးမွမ်းဘဲဇာတိဖြင့်အသက်ရှင်သူ၊သင်နှင့်ကျွန်ုပ်ဖြစ်နေလျှင်ယနေ့ကစပြီးနေ့ရက်စဉ်တိုင်းမှာဘုရားအတွက်ဖြစ်စေပါ(ရောမ ၁၃: ၁၃)။

၈။ပွဲနေ့ခရစ်ယာန်

ယုံကြည်သူဆိုပေမဲ့တစ်နှစ်လုံးဘုရားကျောင်းမသွားဘူး၊အသက်တာမှာဘုရားနဲ့ဝေးနေသူ၊ခရစ္စမတ်ပွဲဘာပွဲညာပွဲရှိမှဘုရားကျောင်းမှာဘုရားဝတ်လာပြုသူ။သင်နှင့်ကျွန်ုပ်ဖြစ်နေလျှင်နိုးထကြရအောင်(ဧဖက် ၆:၁၈)။

၉။အရေးကြုံ ခရစ်ယာန်

ခါတိုင်းဆုမတောင်းဘူး၊ကျမ်းစာလဲမဖတ်ဘူး၊ဘုရားဝတ်လဲသွားမပြုဘူး။ဖျားနာသွားမှ၊အခက်ခဲရှိလာမှ၊အရေးကြုံလာမှဘုရားကိုရှာသူ၊အဆင်ပြေသွားရင်ပြန်မေ့သူ၊သင်နှင့်ကျွန်ုပ်ဖြစ်နေလျှင်ပြောင်းလဲပြီးဘုရားဝတ်မှာအမြဲမွေ့လျေ်ာစေပါ။(၁တိ ၅:၅)

၁၀။ဂျိုကာခရစ်ယာန်

ယေရှုဘုရားကိုလည်းယုံတယ်၊အခြားလောကဘုရားတွေလဲအကုန်ကိုးကွယ်ယုံကြည်သူ၊ဘုရားတစ်ပါးမဟုတ်တစ်ပါးပါးကယ်လိမ့်မည်ဟုယုံနေသူ၊သင်နှင့်ကျွန်ုပ်ဖြစ်နေလျှင်တစ်ဆူတည်းသောဘုရားကိုသာကိုးကွယ်ဖို့ပြောင်းလဲရအောင်ပါ။(တမန် ၄: ၁၂)

၁၁။အပုန်းခရစ်ယာန်

အများရှေ့မှာယုံကြည်သူပါလို့မပြောရဲသောသူ၊တိုးတိုးတိတ်တိတ်ယုံကြည်ပြီးငါယုံရင်ငါရရင်ပြီးတာဘဲ၊ဘယ်သူသေသေငါမသေရင်ပြီးရောဆိုတဲ့အတ္တဆန်သူ၊သင်နှင့်ကျွန်ုပ်ဖြစ်နေလျှင်အမြန်ဆုံးဝန်ခံပြီးဧဝံဂေလိလုပ်ကြပါစို့(မဿဲ ၁၀:၃၂)။

၁၂။အလှူခရစ်ယာန်

ငွေကြေးအများအပြားလိုက်လှူတယ်၊နေရာတကာလှူတယ်၊ဒါပေမဲ့လှူတာကလွဲလို့ဘုရားဝတ်မလုပ်တဲ့သူ၊ကျမ်းစာမဖတ်ဆုမတောင်း၊အသက်တာမှာပုံသက်သေမရှိတဲ့သူ။သင်နှင့်ကျွန်ုပ်ဖြစ်နေလျှင်အလှူထက်အသက်ရှင်သောအလှူဖြစ်တဲ့ခန္ဓာကိုယ်စိတ်ဝိညာဉ်အားလုံးဆက်ကပ်ကြပါစို့(ရောမ ၁၂ :၁)

ကျမ်းချက်

(ရောမဩဝါဒစာ ၁၃:၁၂
ညဉ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်၎င်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသော အချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။ )
Ye Ming(ပတ္တမြားမြေ)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်