စနေ, ဧပြီ 20, 2024

အသုံးတော်ခံဖြစ်ခြင်း

တခါကအိမ်ရှင်တဦးဟာသူ့ခြံထဲမှာဝါးပင်ကိုစိုက်လိုက်ပါသတဲ့၊ကြီးထွားလာဖို့ပြုစုပျိုးထောင်ပေးရတာပေါ့၊ဒီလိုနဲ့ဝါးပင်လေးကတဖြည်းဖြည်းကြီးထွားမြင့်မားလာပါတော့တယ်၊ဝါးပင်ကိုယ်၌ကလဲသူ့သခင်ရဲ့ကျေးဇူးကိုအမြဲရေတွက်မဆုံးဖြစ်နေရရှာသတဲ့လေ။

တရက်မှာတော့
သခင်က” ငါချစ်မြတ်နိုးရတဲ့ဝါးပင်လေးရေ၊အခုငါမင်းကိုအသုံးပြုဖို့လိုနေပြီ၊နင်လက်ခံရင်ပေါ့” ဟုဆိုလာသည်။ဝါးပင်လေးကလဲသခင်ကြိုက်သလိုအသုံးပြုပါဟုဖြေသည်။သခင်က” ဒါဆိုမင်းကိုအသုံးမပြုခင်ငါမင်းကိုခုတ်လှဲရမယ်နင်သဘောတူနိုင်မလား?” ဒီချိန်မှာဝါးပင်လေးက” သခင်ကျွန်တော့်ကိုခုတ်လှဲလိုက်ရင်ဆက်ပြီးဘယ်လိုရှင်သန်နိုင်တော့မလဲ?ဒါအင်မတန်ခက်ခဲတဲ့ကမ်းလှမ်းမှုဘဲ” ဟုဆိုရာသခင်ကလည်း” ဝါးပင်လေးရေ၊ငါမင်းကိုအသုံးပြုဖို့ဒီလိုလုပ်မှဖြစ်မှာပါ” ဆိုတဲ့အခါဝါးပင်လေးလဲသခင့်ကျေးဇူးသူ့ပေါ်အများကြီးရှိနေတာကြောင့်လက်ခံလိုက်ပါတော့သည်။သခင်လဲဓားယူပြီးဝါးပင်လေးကိုခုတ်လှဲပစ်လိုက်လေသည်။

နောက်တရက်မနက်
သခင်က” ဝါးလေးရေ၊ငါမင်းကိုအသုံးပြုဖို့အခုမင်းကိုယ်ပေါ်ကအရွက်နဲ့အကိုင်းတွေရှင်းပစ်ရလိမ့်မယ်၊မင်းလက်ခံသဘောတူနိုင်မလား” ဟုဆိုလာပြန်သည်။ဝါးလေးကလဲ” သခင်ရယ်ကျွန်တော့်ဘဝကြီးထွားတိုးမြင့်ရေးလဲစတေးပြီးပါပြီဒီကိုယ်ပေါ်ကအရွက်အကိုင်းလေးတွေကိုတော့သနားပေးပါအုံး” ဟုဆိုရာသခင်ကလည်း” ငါ့အသုံးတော်ခံဖို့ဆိုရင်မင်းကိုယ်ပေါ်ကအရွက်နဲ့အကိုင်းခတ်တွေအကုန်ပယ်ရှားပစ်မှဖြစ်မယ်ဝါးလေးရေ” ဟုဆိုလိုက်သည်။ဒီချိန်မှာဝါးလေးကလဲသခင့်ကျေးဇူးကိုအောက်မေ့ပြီးသဘောတူပေးလိုက်ပြန်ပါတယ်။ဒါနဲ့သခင်ဖြစ်သူကဓားယူပြီးဝါးကိုယ်ပေါ်ကအကိုင်းခတ်နဲ့အရွက်အားလုံးကိုရှင်းပစ်ပါတော့တယ်။ဝါးလေးမှာနာကြင်ခြင်းတွေကိုကြိတ်မိတ်ပြီးငြိမ်နေရှာပါတယ်။

တတိယရက်မနက်
သခင်က” ဝါးလေးရေ၊အခုမင်းဗိုက်ထဲကပိတ်နေတဲ့အဆစ်တွေကိုငါအကုန်ထိုးဖောက်ရလိမ့်မယ်၊မင်းသဘောတူလား?” ဟုဆိုလာပြန်သည်။ဒီချိန်မှာဝါးလေးက” သခင်ကျွန်တော့်ရှင်သန်ရေးအိမ်မက်ကိုခုတ်လှဲပြီးပြီ၊ကျွန်တော်ကိုယ်ပေါ်ကကျွန်တော်အလှဆုံးလို့ခံယူထားတဲ့အကိုင်းခတ်နဲ့အရွက်တွေကိုလဲသခင်ပယ်ရှင်းလိုက်ပြီ၊အခုတခါဗိုက်ထဲကအဆစ်ကိုပါထိုးဖောက်မယ်ဆိုတာမလွန်လွန်းဘူးလားသခင်ရယ်” ဟုမေးလိုက်ရာသခင်က” ငါချစ်တဲ့ဝါးလေးရေ၊ငါမင်းကိုသိပ်ချစ်လို့မင်းကိုငါလိုတဲ့နေရာအသုံးပြုဖို့ဒီလိုလုပ်မှဖြစ်မှာမို့ပါ” ဟုဆိုလာရာဝါးလေးခမျာသူ့သခင်ကိုယုံကြည်ပြီးကျေးဇူးဆပ်ချင်တဲ့အနေနဲ့အံကြိတ်သဘောတူလက်ခံလိုက်လေသည်။ဒီတော့သခင်ကလဲဝါးကိုထောင်ပြီးဗိုက်အတွင်းကအဆစ်တွေကိုအကုန်ထိုးဖောက်လိုက်လေပြီ။

နောက်နေ့မနက်စောစောသခင်ကဝါးလေးကိုထမ်းပြီးလယ်ကွင်းဆီလျှောက်လာသည်၊လယ်စပါးခင်းရောက်တော့ဝါးကိုယူပြီးတဖက်ကိုရေချောင်းဆီဆက်လိုက်ပြီးတဖက်ကိုလယ်စပါးကွင်းဆီသွယ်လိုက်တဲ့အခါစမ်းရေဟာဝါးလေးကိုယ်ထဲကနေလယ်ကွင်းထဲကိုတဟောဟောအစဉ်မပြတ်စီးဆင်းလာပါတော့သည်။

ချစ်သောယုံကြည်သူ
ဝါးပင်ဆိုတာယနေ့ယုံကြည်သူတွေကိုပုံဆောင်ပြီးသခင်ကတော့ဘုရားသခင်ကိုရည်ညွန်းထားတာဖြစ်ပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတရားတွေဟာယုံကြည်သူတိုင်းပေါ်မှာပြောလို့မကုန်အောင်ရှိနေပါတယ်၊ဒီကျေးဇူးတွေကိုပြန်လည်တုန့်ပြန်ဖို့ဘုရားသခင့်အသုံးတော်ခံဖြစ်ဖို့ဘုရားယနေ့သင့်ကိုဖိတ်ခေါ်နေတာဖြစ်ပါတယ်။ဒါပေမယ့်ယုံကြည်သူတိုင်းမပြည့်စုံတဲ့အတွက်အသုံးတော်ခံဖို့အတွက်ဘုရားသခင်ရဲ့ပြုပြင်ခြင်းကိုတော့လက်ခံရပေမည်၊မိမိအိမ်မက်၊မိမိအကြိုက်၊မိမိခံယူထားတဲ့အကောင်းဆုံးအရာတွေဘုရားကပယ်ရှင်းရင်လက်ခံရပါလိမ့်မည်၊ဘုရားသခင်လာပြုပြင်တဲ့အခါနာကျင်ခြင်းတွေခံစားရနိုင်ပေမယ့်အဆုံးမှာကောင်းကြီးမင်္ဂလာနဲ့ကြိုနေမှာဖြစ်ပြီးကျွန်တော်တို့အားဖြင့်လူတကာသက်စမ်းရေ(ကယ်တင်ခြင်း)ရရှိဖို့ပင်ဖြစ်ပါသည်။ဟာလေလုယာ၊အာမင်။

သို့ ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသော အကျင့်တို့ကိုပယ်၍၊ မိမိကိုစင်ကြယ်စေသောသူမည် သည်ကား၊ အသရေရှိသော တန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင် သုံးစရာကောင်းသော တန်ဆာ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သော တန်ဆာဖြစ်လိမ့်မည်။ (၂တိ 2:21)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်