စနေ, ဧပြီ 20, 2024

အီဂျစ်ကပ်ဘေး(၁၀)ပါးအကျဉ်း

အီဂျစ်ပြည်မှာကျွန်ခံနေရတဲ့ဣသရေလလူမျိုးတွေကို၊ဘုရားသခင်ကမောရှေနဲ့အာရုန်အားဖြင့်ကယ်ထုတ်တဲ့အခါ၊အီဂျစ်ဘုရင်စိတ်မာနေခဲ့လို့၊အီဂျစ်တပြည်လုံးကိုဘုရားသခင်ကကပ်ဘေး၁၀ပါးနဲ့သူဟာထာဝရဘုရားသခင်ဖြစ်ကြောင်းသိစေခဲ့ခြင်းဖြစ်ပါတယ်။ဒီကပ်ဘေး၁၀ပါးဟာလည်းတချိန်ထဲမှာအီဂျစ်လူမျိုးတွေရဲ့နတ်ဘုရားကိုဦးတည်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

၁။မြစ်ရေသွေးပြောင်းခြင်းဘေး

ထွက်မြောက်ရာ၇:၁၄-၂၅ထဲမှာတွေ့ရပါမယ်။အီဂျစ်တပြည်လုံးသောက်သုံးနေတဲ့နိုင်းမြစ်ရေဟာအသွေးအဖြစ်ပြောင်းသွားတာပါ။မြစ်ထဲကငါးတွေလည်းသေပါတယ်။အီဂျစ်လူမျိုးတွေဟာနိုင်းမြစ်ကိုနတ်ဘုရားအဖြစ်ကိုးကွယ်ကြသလို၊နိုင်းမြစ်ထဲကရေသတ္တဝါတွေကိုပါဘုရားအဖြစ်ကိုးကွယ်ကြပါတယ်။ဒါကြောင့်ရေကိုသွေးအဖြစ်ပြောင်းစေခြင်းကထာဝရဘုရားသခင်ဟာဒီနိုင်းမြစ်နတ်ဘုရားနဲ့ရေသတ္တဝါဘုရားတွေအထက်မှာရှိကြောင်းသိစေခြင်းပါ။ဒါပေမယ့်၇ရက်ကြာတဲ့အထိဖာရောဘုရင်ကဂရုမစိုက်သလိုနေခဲ့ပါတယ်။ဘာလို့လည်းဆိုတော့သူ့လက်အောက်ကဝိဇ္ဇာဆရာတွေလည်းထိုနည်းတူလုပ်တတ်ကြလို့ပါ။

၂။ဖားဘေး

ထွက်မြောက်ရာ၈:၁-၁၁မှာဖော်ပြပါတယ်။အီဂျစ်လူမျိုးတွေဟာဖားကိုသားသမီးရတနာရစေခြင်းနတ်ဘုရားမအဖြစ်ကိုးကွယ်ကြပါတယ်။ဒါကိုထာဝရဘုရားသခင်ကဒီဖားဘေးကိုအီဂျစ်တပြည်လုံးကျရောက်စေခြင်းအားဖြင့်သူတို့ကိုးကွယ်နေတဲ့ဘုရားဟာဂျင်းဖြစ်ကြောင်း၊ထာဝရဘုရားသခင်သည်သာစစ်မှန်တဲ့ဘုရားဖြစ်ကြောင်းသိစေခဲ့တာပါ။ဒါကိုဖာရောဘုရင်ကနောင်တရသလိုနဲ့တောင်းပန်ပြီးဖားဘေးငြိမ်သွားတဲ့အခါဣသရေလလူတွေကိုပြန်မလွတ်ပြန်ပါဘူး။ဘာလို့လည်းဆိုတော့သူ့လက်အောက်ကဝိဇ္ဇာဆရာတွေလည်းထိုနည်းတူလုပ်တတ်ကြလို့ဖြစ်ပါတယ်။

၃။ခြင်(မှက်ကောင်)ဘေး

ထွက်မြောက်ရာ၈:၁၆-၁၉မှာဖော်ပြပါတယ်။အာရုန်ကိုသူ့လှံတံနဲ့မြေမှုန့်ကိုရိုက်ဖို့ဘုရားသခင်ကမောရှေအားဖြင့်မိန့်ပါတယ်။ဒီတိုင်းလုပ်တော့မြေမှုန့်ကနေမှက်ကောင်တွေဖြစ်လာပြီးအီဂျစ်တပြည်လုံးပျံ့နှံ့ပါတယ်။ဒီကပ်ဘေး၃ခုမြောက်မှာတော့ဖာရောဘုရင်ရဲ့ဝိဇ္ဇာသမားတွေလိုက်မလုပ်နိုင်တော့တာမို့ဒါဟာမျက်လှည့်ပညာသာမဟုတ်ဘဲဘုရားသခင်ရဲ့လက်ရာတော်ဖြစ်ကြောင်းဝိဇ္ဇသမားတွေကဘုရင်ကိုသတိပေးခဲ့ရပါတယ်။အီဂျစ်တွေဟာမြေမှုန့်ကိုသဲကန္တာရနတ်ဘုရား(မြေနတ်ဘိုးဘိုး)အဖြစ်ကိုးကွယ်ကြပါတယ်။ဒါပေမယ့်ထာဝရဘုရားသခင်ကတော့ဒီမှက်ကောင်ဘေးအားဖြင့်သူတို့တပြည်လုံးကိုဂျင်းဘုရားမှလွတ်မြောက်ဖို့သက်သေပေးခဲ့ပါတယ်။ဒါပေမယ့်ဖာရောဘုရင်ကတော့စိတ်မာနေဆဲပါ။

၄။ယင်ကောင်ဘေး

ထွက်မြောက်ရာ၈:၂၀-၂၄မှာဖော်ပြပါတယ်။ဘယ်ကနေဘယ်လိုလာမှန်းမသိတဲ့ယင်ရဲတွေဟာအီဂျစ်တပြည်လုံးပြည့်နက်သွားပြီးရှုပ်ထွေးညစ်ပတ်ကုန်ပါတယ်။အီဂျစ်လူမျိုး‌တွေကိုးကွယ်တဲ့နတ်ဘုရားတွေထဲမှာယင်ကောင်နဲ့ပတ်သတ်တဲ့(လုကာ၁၁:၂၀မှာပြောတဲ့ဗေလဇေဗုလ)နတ်ဘုရားပါဝင်ပါတယ်။ဒီယင်ကောင်ဘေးအားဖြင့်ဒီနတ်ဘုရားဟာလည်းဂျင်းဖြစ်ကြောင်းပေါ်လွင်စေခဲ့တာပါ။ဒီတကြိမ်မှာလည်းဖာရောဘုရင်ကစိတ်မာနေသေးတာမို့ဣသရေလလူမျိုးတွေကိုမလွတ်သေးပါ။

၅။တရိစ္ဆာန်သေ‌စေတဲ့ဘေး

ထွက်မြောက်ရာ၉:၁-၇မှာဖော်ပြထားပါတယ်။ဣသ‌ရေလလူမျိုး‌တွေရဲ့တရိစ္ဆာန်ကလွဲလို့အီဂျစ်တပြည်လုံးရဲ့တရိစ္ဆာန်တွေအကုန်ရောဂါကူးစက်ပြီးသေကုန်ကြတာပါ။အီဂျစ်လူမျိုးတွေမှာနွားဘုရား(တရိစ္ဆာန်ကိုဘုရားအဖြစ်ကိုးကွယ်ခြင်း)ရှိနေတာကြောင့်၊ထာဝရဘုရားသခင်ဟာဒီကပ်ဘေးဖြင့်သူတို့ကိုးကွယ်နေတဲ့တရိစ္ဆာန်နတ်ဘုရားတွေဟာအတုသာဖြစ်ကြောင်း၊ဣသ‌ရေလဘုရားသခင်သည်သာလျှင်စစ်မှန်သောဘုရားဖြစ်ကြောင်းပေါ်လွင်စေခဲ့ပါတယ်။အဲဒီချိန်ထိဖာရောဘုရင်ကစိတ်မာနေတုန်းပါဘဲ။

၆။အနာစိမ်းဘေး

ထွက်မြောက်ရာ၉:၈-၁၂မှာဖော်ပြထားပါတယ်။အီဂျစ်တွေဟာသူတို့ရဲ့ယဇ်ပလ္လင်ကကျတဲ့ပြာ(ကျပ်ခိုး)ကိုယူပြီးကောင်းကင်လေပေါ်ဖြန့်ကျဲလိုက်ခြင်းဟာနတ်ဘုရားရဲ့ကာကွယ်ကုသမှုကိုခံရမယ်လို့ယုံကြည်ကြပါတယ်။ဒါပေမယ့်ထာဝရဘုရားသခင်ဟာမောရှေနဲ့အာရုန်ကိုသူတို့နည်းအတိုင်းလုပ်ခိုင်းပြီးတပြည်လုံးအနာစိမ်းပေါက်စေခဲ့ပါတယ်။အီဂျစ်ပြည်ကနတ်ဝိဇ္ဇာ‌တွေပါအနာစိမ်းပေါက်ကုန်ကြလို့ကြောက်ပြေးပြေးကုန်ပါတယ်။ဒါဟာသူတို့ကိုးကွယ် နေကြတဲ့ဆေးဘုရားအတုကိုပေါ်လွင်စေခဲ့သလိုထာဝရဘုရားသာလျှင်ဘုရားစစ်ဖြစ်ကြောင်းသိစေခဲ့တာပါ။ဒါပေမယ့်အဲဒီချိန်ထိဖာရောဘုရင်စိတ်မာနေဆဲပါဘဲ။

၇။မီးမိုးသီးဘေး

ထွက်မြောက်ရာ၉:၁၃-၃၅မှာဖော်ပြထားပါတယ်။သတိထားရမှာကအီဂျစ်မှာတခါမှမဖြစ်ဖူးသေးတဲ့မီးနဲ့မိုးသီးရောတဲ့ဒဏ်ပါ။တရက်ကြိုတင်သတိပေးပေမယ့်တချို့မယုံကြည်ကြတော့ခံရကြပါတယ်။ဒီကပ်ဘေးကအဓိကအနေနှင့်အီဂျစ်လူမျိုးကိုးကွယ်ကြတဲ့မိုးနတ်မင်း(နိုင်းမြစ်ဘုရားအပါအဝင်)ဟာအတုဖြစ်ကြောင်းပေါ်လွင်စေပြီး၊ထာဝရဘုရားသခင်ဟာရာသီဥတုကိုလည်းအုပ်စိုးတဲ့ဘုရားဖြစ်ကြောင်းသိစေတာပါ။ဖာရောဘုရင်ကတော့ဒဏ်ခံရချိန်နောင်တရပြီးဒဏ်လည်းပြီးရောပြန်စိတ်မာနေပြန်ရောပါဘဲ။

၈။ကျိုင်းကောင်ဘေး

ထွက်မြောက်ရာ၁၀:၁-၂၀မှာဖော်ပြထားပါတယ်။ဖာရောဘုရင်ရဲ့လက် အောက်တွေကမခံနိုင်တော့လို့ဣ သရေလလူတွေကိုလွတ်ပေးဖို့ဘုရင်ကိုတောင်းဆိုကြပေမယ့်၊ဖာ‌ရောဘုရင်ကဣသ‌ရေလယောကျာ်းတွေကိုသာသွားခွင့်ပြု‌ပြီးအကုန်သွားခွင့်မပြုလို့ဒီကပ်‌ဘေးဖြစ်လာဝာာပါ။ထာဝရဘုရားသခင်ဟာအရှေ့လေအားဖြင့်ကျိုင်းကောင်တွေကိုအီဂျစ်တပြည်လုံးမဲမှောင်အောင်ရောက်လာစေပြီးအပင်စိမ်းတရွက်မှမကျန်စားစေပါတယ်၊စိုက်ပျိုးထားတဲ့အပင်အကုန်ပျက်စီးစေပါတယ်။အီဂျစ်တွေကိုးကွယ်နေကြတဲ့စိုက်ပျိုးရေးနတ်ဘုရားဟာလည်းဂျင်းဖြစ်ကြောင်းပေါ်လွင်စေခဲ့ပါတယ်။ဒါပေမယ့်ဖာရောဘုရင်ကတော့စိတ်မာနေဆဲပါ။

၉။အမှောင်ထုကျခြင်းဘေး

ထွက်မြောက်ရာ၁၀:၂၁-၂၉မှာဖော်ပြထားပါတယ်။အီဂျစ်တပြည်လုံး၃ရက်ဆက်တိုက်အမှောင်ထုကြီးကျရောက်တာပါ။သတိထားရမှာကဒီကပ်ဘေးမှာကြိုတင်သတိမပေးပါဘူး၊ကပ်ဘေးတိုင်းမှာအီဂျစ်ပြည်ထဲနေကြတဲ့ဣသရေလနေရာမှာမကျရောက်တာဘုရားရဲ့တန်ခိုးတခုပါ။အီဂျစ်လူမျိုးတွေမှာနေနတ်ဘုရားကိုအထူးအားထားကိုးကွယ်ကြပါတယ်။ထာဝရဘုရားသခင်ကဒီကပ်ဘေးအားဖြင့် နေနတ်ဘုရားဆိုတာမတည်ရှိ‌ကြောင်း၊အလင်းအမှောင်ကိုထာတရဘုရားသာလျှင်အုပ်စိုးကြောင်းသိစေခဲ့တာပါ။ဒီချိန်မှာဖာရောဘုရင်ကဣသရေလလူမျိုးအားလုံးကိုလွတ်ပေးဖို့သဘောတူလာပါပြီ၊ဒါပေမယ့်တိရိစ္ဆာန်တွေယူခွင့်မပေးလို့နောက်ဆုံးကပ်ဘေးတခုဖြစ်လာပါတယ်။

၁၀။သားဦးသေတဲ့ဘေး

ထွက်မြောက်ရာ၁၁:၁-၁၀မှာဖော်ပြထားပါတယ်။ရှေ့ကပ်ဘေး၉ပါးလုံးဟာအီဂျစ်တွေကိုးကွယ်တဲ့နတ်ဘုရားကိုဂျင်းဖြစ်‌ကြောင်းပေါ်လွင်စေတာပါ။ဒီနောက်ဆုံးကပ်ဘေးဖြစ်တဲ့သားဦးသေစေတဲ့ဘေးကတော့အီဂျစ်လူမျိုးတွေကိုးကွယ်တဲ့အကြီးမြတ်ဆုံးဘုရားဖြစ်တဲ့“ဖာရောဘုရင်”ကိုဦးတည်တာပါ။ဘာကြောင့်လဲဆိုတော့အီဂျစ်တပြည်လုံးဖာရောဘုရင်ကိုHorusနတ်ဘုရားအဖြစ်ကိုးကွယ်ကြရတာပါ။ဒါကြောင့်ထာဝရဘုရားသခင်ဟာဖာရောဘုရင်ရဲ့သားဦးအပါအဝင်အီဂျစ်တပြည်လုံးရဲ့သားဦးတွေအကုန်သေစေခဲ့တာပါဘဲ။ဣသရေလလူမျိုးတွေကိုတော့တံခါးမှာသိုးသူငယ်အသွေးသုတ်ထားခိုင်းပြီးဒီကပ်ဘေးကနေလွတ်စေခဲ့ပါတယ်။ဒါဟာနောက်ဖြစ်လာမယ့်ယေရှုခရစ်ရဲ့ကယ်တင်ခြင်းကိုပုံဆောင်ခြင်းပါ။
ဒီချိန်မှာတော့ဖာရောဘုရင်ဟာလုံးဝလက်လွတ်ပြီးဣသရေလလူမျိုးတွေကိုလွတ်ပေးလိုက်ပါတော့တယ်။ဒါတောင်လွတ်ပေးပြီးမကြာဘူးပြန်စိတ်မာပြီးလိုက်ဖမ်းလို့သူ့(ဖာရောဘုရင်)လူတွေအကုန်ပင်လယ်မှာသေကြခဲ့ကြပါသေးတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်